“သင် နံနက်အိပ်ရာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား။ ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ့ အရင်တိုက်ပြီး ပလုတ်ကျင်း၊ ခံတွင်း သန့်စင်ပြီးမှ မျက်နှာသစ်လေ့ ရှိပါသလား။ ဒီလိုအကျင့်လုပ်ခဲ့တာကော နှစ်ပေါင်းကြာပါပြီလား။”
ယခုအချိန်မှစ၍ မိမိကိုယ်ကို ထိုမေးခွန်းမျိုးမေးပြီး ပြန်လည်ဆန်းစစ်ရမည့်အချိန် ရောက်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသာ နောက်ဆက်တွဲ ကောင်းကျိုးဆိုးပြစ်များကို ပြောပြလို၍ ဖြစ်သည်။
သွားသည် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာနေစေဖို့အတွက် အလွန်အရေးကြီးသော အင်္ဂါ အစိတ်အပိုင်းပင် ဖြစ်သည်။ “သွားကျန်းမာမှ တစ်ကိုယ်လုံးကျန်းမာမည်။” သွားကျန်းမာမှ မိမိတို့ နှစ်သက်သော အစားအစာများကို ကျေညက်အောင် ဝါးစားနိုင်မည်။ အစာများကို ကျေညက်စွာ ဝါးစားနိုင်မှသာလျှင် အစာချေစနစ်မှာ ကောင်းစွာအလုပ်လုပ်နိုင်ပြီး ခန္ဓာကိုယ်ကျန်းမာမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အတူ သွားကို အချိန်မှန် (သို့မဟုတ်) သွားတိုက်နည်း မမှန်ပါက မျက်စိအမြင်အာရုံကို ထိခိုက်စေနိုင်ပါသည်။ တစ်နည်းအားဖြင့် သွားတိုက်ပြီးမှ မျက်နှာသစ်သူများအဖို့ မျက်စိအမြင်အာရုံ စောစီးစွာေ၀၀ါးစေနိုင်သကဲ့သို့ သွားများသည်လည်း အချိန်မတိုင်ခင် ကျိုးကြေသွားနိုင်သည်ဟု သွားကျန်းမာရေးဆိုင်ရာ ဆရာဝန်ကြီးများက ဆိုပါသည်။ သွားကျန်းမာစေရန်အတွက် သွားများကို ထိန်းသိမ်းရာတွင် သွားတိုက်ခြင်းသည် အဓိကအကျဆုံး ပြုပြင် ထိန်းသိမ်းမှုပင်ဖြစ်သည်။ ထို့ကြောင့် သတိမမူ ဂူမမြင်တတ်ကြသည်မို့ မျက်နှာမသစ်ခင် သွားတိုက်ခြင်းနှင့်၊ မျက်နှာသစ်ပြီးမှ သွားတိုက်ခြင်း၏ ကောင်းကျိုး၊ ဆိုးပြစ်များကို မျှဝေလိုပါသည်။
ညအိပ်ပျော်နေစဉ်တွင် ဝမ်းတွင်း အစာခြေ အင်္ဂါစုများမှာ အနားရလေသည်။ ထိုအခါ အစာဟောင်းအိမ်မှ အပုပ်အခိုးများသည် အကြောများမှတစ်ဆင့် အထက်မျက်နှာ၊ မျက်စိ၊ ဦးခေါင်း အထိတက်ကြလေသည်။ အစာသစ်အိမ်မှလည်း အစာခြေပြီး ကြွင်းကျန်သည့် အစာခြေဝမ်းမီးခေါ် အက်စစ်အခိုးအငွေ့များသည် လည်ချောင်းမှတစ်ဆင့် သွား၊ သွားဖုံး၊ အာခေါင်များသို့ တက်နေကြ သည်။
နံနက်ထ၍ မျက်နှာသစ်လိုက်သောအခါတွင် အောင်းနေသော အခိုးအငွေ့များသည် အအေးရှိရာ အပူလာသည်ဆိုသည့်အတိုင်း ရေအေးနှင့် ထိတွေ့ပွတ်သပ်ပေးရာ မျက်နှာပြင်သို့ အငွေ့ပျံပြီး ထွက်သွားကြလေသည်။ ထိုအခါ မျက်စိမှုန်စေမည့် အခိုးအငွေ့များ သွားနှင့် သွားဖုံးတို့တွင် အောင်းနေသော အခိုးအငွေ့များလည်း ပါသွားကြပြီး ရှင်းလင်းသွားလေသည်။ ထို့နောက်မှ သွားတိုက်သောအခါတွင် အခိုးကုန်ပြီးသော သွားနှင့် သွားဖုံးတို့မှာ ပို၍သန့်ရှင်း စင်ကြယ် သွားရလေသည်။ ဤနည်းသည်သာ နည်းလမ်းမှန်ဖြစ်သောကြောင့် ဤနည်းအတိုင်းနေ့စဉ် လိုက်နာ ကျင့်သုံးသင့်လေသည်။
ဗုဒ္ဓ၏ ဒေသနာကို အခြေခံသည့် ဒေသနာနယဆေးပညာတွင် “ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော” ဆိုသည့် ဓါတ်ကြီးလေးပါးရှိသည်။ ခန္ဓာကိုယ်ကြီးကို ပထဝီ၊ အာပေါ၊ အစိုင်အခဲကြီးဖြင့် တည်ဆောက်ထာသည်ဆိုလျှင် ထိုအစိုင်အခဲကြီး၏ ပူမှုအေးမှုကို ပြုနေသည်မှာ တေဇောပင် ဖြစ် သည်။ ဝါယောက ကူညီသည့်တေဇောဆိုလျှင် မီး(အပူ)ဟုပင် ထင်ကြမည်။ ထိုသို့ မဟုတ်ပါ။ ပူမှုအေးမှု တေဇောပြုဟုဆိုသဖြင့် ပူသည်လည်း တေဇော(ဥဏှတေဇော)၊ အေးသည်လည်း တေဇော(သီတတေဇော) ဖြစ်သည်။
လယ်ကွင်းပြင်ရှိ နေပူအောက်တွင် လှန်းထားသော ကောက်ရိုးပုံတစ်ခုနှင့် ဥပမာပြလိုပါသည်။ နေပူထဲတွင် လှန်းထားသော ကောက်ရိုးပုံသည် အပူပင်ဖြစ်သည်။ သို့သော် လယ်မြေမှ အစိုဓါတ် ကြောင့် ကောက်ရိုးပုံ၏ အောက်ခြေတွင် အစိုဓါတ်ဝင်လာသောအခါ ကောက်ရိုးများ လျင်မြန်စွာ ဆွေးမြည့်သွားသည်။ အပေါ်ကနေပူ၊ အောက်ခြေကအစိုဓါတ်၊ ဥဏှတေဇောနှင့် သီတတေဇော နှစ်ခုကြားတွင် ကောက်ရိုးပုံသည် မခြောက်နိုင်ဘဲ အခြေမှ ဆွေးမြေ့သွားရသည်။
တောရွာများတွင် မြေသောက်ရေအိုးအောက်တွင် ကောက်ရိုးကို ကရွတ်ခွေပြုပြီး ခံထားသည်ကို တွေ့ဖူးကြမည် ထင်ပါသည်။ သောက်ရေအိုးမှ တစိမ့်စိမ့်ကျသောရေကြောင့် ကရွတ်ခွေမှာ မကြာမီဆွေးမြည့်ပြီး ကိုင်ကြည့်သောအခါ တစ်စစီကြေမွသွားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ရေအေး၏ သီတတေဇော လောင်ကျွမ်းခြင်း သဘောပင်ဖြစ်လေသည်။ နံနက်အိပ်ရာထ သွားတိုက် ပြီးမှ မျက်နှာသစ်သူများအတွက် ဆက်လက်လေ့လာမှုပြုပါမည်။
မျက်နှာနှင့် ဦးခေါင်းသည် နေ့စဉ် နေနှင့် အလင်းရောင် ထိတွေ့ခံရပြီး အထူးသဖြင့် ဦးခေါင်းပေါ်တွင် အကာအကွယ်ဆံပင်ရှိသော်လည်း မျက်နှာပြင်မှာ အရေပြားသာ အကွယ်ရှိပါသည်။ ထို့အတွက် မျက်နှာတွင် အပူကို ပြန်ထုတ်နိုင်ရန် မွေးညင်းပေါက်၊ အခိုးထွက်ပေါက်လေးများရှိသည်။ မျက်နှာပြင်တွင် ကပ်ငြိသောကြောင့် မွေးညင်းပေါက်ကလေးများ မပိတ်စေရန် အခိုးမငုပ်စေရန် မျက်နှာသစ်ပေးရခြင်းဖြစ်သည်။ မျက်နှာကို ရေအေးဖြင့်သစ်လိုက်လျှင် လူတိုင်း လန်းဆန်းသွား ကြသည်။ မျက်နှာမှ မွေးညင်း ပေါက်ကလေးများမှတစ်ဆင့် အပူငွေ့များထွက်သွားသောအခါ အတွင်းပိုင်း အာရုံကြောများနှင့် သွားဖုံး၊ သွားခြေမှ အပူငွေ့များပါ အပြင်ထွက်သွားသည်။ အပူငွေ့ကင်းလျှင် သွားအခြေများ မတင်းမရောင်နိုင်ပေ။ ယခုခေတ်တွင် face towelခေါ် မျက်နှာသုတ်စရာ အအေးဖတ်ကလေးများပါ တွင်တွင် ကျယ်ကျယ် သုံးစွဲနေကြပြီ ဖြစ်သည်။
မျက်နှာမသစ်မီ သွားတိုက်သောအခါ မျက်နှာအောက်ခြေမှ ကြွက်သားများနျင့် အာရုံကြောများတွင် ငုပ်လျှိုးနေသော အပူငွေ့၊ အခိုးအကင်းများသည် အပြင်သို့မထွက်နိုင်ဘဲ ပွတ်တိုက်လှုပ်ရှား ပေးနေသော သွားဖုံးနှင့် သွားအခြေသို့ ရောက်လာကြလေသည်။ ရေနှင့် သွားတိုက်ဆေး ပေါင်းပြီး ရသော သီတတေဇောအအေးဓါတ်ကြောင့် အအေးရှိရာ အပူလာသည့်သဘောအတိုင်း ဥဏှတေဇော စီးဆင်းရောက်ရှိလာရခြင်း ဖြစ်သည်။
ထိုအခိုးအကင်းများကြောင့် သွားခြေအတွင်းပိုင်းတွင် အပူအောင်းပြီး သွားနားခြင်း၊ သွားခြေ ရောင်ခြင်း၊ အစာစားသောအခါ သွားနဲ့ခြင်းတို့ ဆက်တိုက်ဖြစ်လာရလေသည်။ ထို့ထက်ပိုဆိုးသည်မှာ မျက်နှာမသစ်ပဲ သွားတိုက်လျှင် အာခေါင်မှတစ်ဆင့် အပုပ်အခိုးအငွေ့များသည် ဦးခေါင်းနောက်စေ့နှင့် မျက်စိအာရုံကြောများအထိ ရောက်သွားခြင်းကြောင့် မျက်စိဝေခြင်း၊ ကြည့်မကောင်းခြင်း၊ အရွယ် မတိုင်မီ မျက်စိမှုန်ခြင်း၊ မျက်မှန်စောလျင်စွာတပ်ရခြင်းတို့ ဖြစ်နိုင်လေသည်။
မဟာစည်ဆရာတော်ကြီးကလည်း မျက်နှာသစ်ပြီးမှ သွားတိုက်ရန် မိန့်ကြားဖူးသည် ဟု သိရသည်။
“သွားတုဆိုတာ သဘာဝသွားလောက် မကောင်းဘူး၊ စားရတာ အရသာမရှိဘူး။ သွားကို သဘာဝအတိုင်း တတ်နိုင်သမျှ မနုတ်ဘဲထားပါ။ သွားမှာ အပေါက်ရှိရင် ဖာထေးပြီး ရနိုင်သလောက် ဆက်ပြီး သုံးစွဲပါ။ မနုတ်ပစ်ပါနဲ့”ဟု သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများက ပြောခြင်း ဖြစ်ပေသည်။
လူမှန်လျှင် ဇရာနှင့်မကင်းပါ။ ဇရာအရွယ်မတိုင်မီ သဘာဝကပေးထားသော သွား၊ နား၊ မျက်စိစသည့် အရေးကြီးကိုယ်အင်္ဂါအစိတ်အပိုင်းများ မဆုံးရှုံးစေရန်၊ တစ်နည်းအားဖြင့် သွားမကျိုး၊ နားမလေး၊ မျက်စိမမှုန်စေရန် “သတိမမူ ဂူမမြင်”သည့် အချက်ကလေးများကို ပြုပြင်နိုင်စေရန်အတွက် ရေးသားတင်ပြလိုက်ရပါသည်။
မျက်နှာသစ်ပြီးမှ သွားတိုက်ကြပါ…………...
ကိုးကားချက်။ ။ စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ)၏ “မျက်နှာသစ်ပြီးမှ သွားတိုက်ပါ နှင့် နေ့စဉ်ဘ၀နေထိုင်နည်းများ” စာအုပ်မှ ကိုးကားဖော်ပြပါသည်။
ခွန်ကောင်ရွဉ်
Like On Facebook
Follow On Twitter
Subscribe On RSS