Friday, August 26, 2016

အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးတိုင်းတန်းတူအခွင့်အရေးရရှိရန်လိုအပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်




ဒီမိုကရေစီတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားခွင့်၊ သဘောထားကွဲလွဲခွင့် ရှိသည်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရန် ဆွေးနွေးကြသည့်အခါ တိုင်းရင်းသားလူမျိုးတိုင်း ပြဿနာများဖြေရှင်းရာတွင် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ တန်းတူအခွင့် အရေးရရှိရန် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုအနေဖြင့် တည်ရှိနေသည်ဟု ယုံကြည်သည့်အတွက် မိမိ၏ သဘောထားအမြင်များကို ရေးသားတင်ပြရခြင်းဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် တူညီ သောသမိုင်းနောက်ခံ၊ တူညီသောဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ တူညီသောစီးပွားရေးဘ၀၊ အတော်အတန် ရှိသောလူဦးရေ၊ ပထ၀ီအနေအထားနှင့် နယ်နိမိတ်အထင်အရှားရှိသည့် လူမျိုးများရှိသကဲ့သို့ လိုအပ်ချက် ရှိနေ သေးသည့် တိုင်းရင်းသားလူမျိုးများလည်း ရှိနိုင်မည်ဖြစ်ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ပြည်နယ်မရရှိ သေးသည့် တိုင်းရင်းသားလူမျိုးများသည် ခေတ်အဆက်ဆက် အမိမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ သိမ်းပိုက် ခံရပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံအဖြစ် ပြန်လည်ရရှိနိုင်ရန်နှင့် တည်ထောင်နိုင်ရန်အတွက် တိုင်း ရင်းသားလူမျိုးများသည် တော်လှန်ရေးတပ်သားများကိုယ်စီဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်တိုက်ထုတ်ခဲ့ကြ ပါသည်။ ထိုသို့ပါဝင်တိုက်ထုတ်ခဲ့သော်လည်း လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်း တိုင်းရင်းသားအားလုံး တန်းတူ ညီမျှမှု၊ မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ၊ ဥမကွဲ၊ သိုက်မပျက်ပဲရာသက်ပန် အတူယှဉ်တွဲနေထိုင်နိုင်ခြင်းမရှိပဲ လွတ်လပ်ရေးနှင့်အတူအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်အရအပြန်အလှန် ရန်သူသဖွယ် တိုက်ခိုက်လာခဲ့ကြသည်ကို ၀မ်းနည်းစွာ တွေ့ရှိရပါသည်။ ဤနေရာတွင် အဘယ်ကြောင့် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် တိုက်ခိုက်ကြသနည်းဟူ၍ မေးခွန်းမေးစရာရှိလာပါသည်။ အဖြေသည် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း တိုင်းရင်းသားများအားလုံး သတ်မှတ်ထားသည့် ဂုဏ်အင်္ဂါရပ်များနှင့်အညီ ရသင့်ရထိုက်သည့် တန်းတူအခွင့်အရေး ရရှိခြင်းမရှိခြင်းကြောင့်ဟုဆိုလျှင် မှားမည်မဟုတ်ကြောင်း ယုံကြည်မိပါသည်။
တိုင်းရင်းသားလူမျိုးများသည် လက်ရှိတည်ရှိနေသည့် အခြေအနေ၊ အချိန်အခါအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၊ ပြည်နယ်များသည် သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသည့် တိုင်းရင်းသားလူမျိုးများ ရှိနေပြီ ဖြစ်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၊ ပြည်နယ်များနှင့်ပြည့်စုံသည့် တိုင်းရင်းသား လူမျိုးတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ထင်ရှားချက်အတိုင်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၊ စီရင်စုများ၊ လူမျိုးစု နယ်မြေဧရိယာများအဖြစ် နေထိုင်လိုသည့် ဆန္ဒရှိကြမည် ဖြစ်ပါသည်။ မည်သည့်တိုင်းရင်းသားလူမျိုးမဆို မိမိတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရေးအတွက် သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံပါက မည်သည့် တိုင်းရင်းသားလူမျိုးများ၏ လက်အောက်တွင် နေထိုင်ချင်ကြမည် မဟုတ်ပေ။ အချို့ပြည်နယ်ရှိသူသည် ဤနေရာ ဤမြေ သည် ( ငါတို့လူမျိုးပိုင်သည်၊ ငါတို့လူမျိုးနှင့်သာဆိုင်သည်၊ ထို့ကြောင့် ငါတို့လူမျိုးပဲနေထိုင်မည်၊ ခင်ဗျား တို့လူမျိုးတွေကဧည့်သည်တွေပါ ထွက်သွားကြဆိုပြီး) မောင်းထုတ်ခံခဲ့ရသည့် သာဓကများလည်းရှိခဲ့ဖူးပါသည်။ ထို့ပြင် တစ်ဦးစ နှစ်ဦးစမှစ၍ ပြည်နယ်ရှိပြီးသည့် လူမျိုးနှင့် မိမိတို့သည် အမိမြန်မာနိုင်ငံသားများ ဖြစ်တာချင်း အတူတူ ၎င်းလူမျိုး၏ ပြည်နယ်တွင် နေထိုင်ပါက မိမိတို့ကို ဧည့်သည်အဆင့်သဖွယ် သတ်မှတ်ဆက်ဆံခံ ခဲ့ရသည်ကိုလည်း ကြားသိခဲ့ရပါသည်။
လာမည့် ၂၀၁၆-ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် နိုင်ငံရေးအခန်းကဏ္ဍဖြစ်သော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးအခန်းကဏ္ဍဖြစ်သော နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ စသည့် ခေါင်းစဉ်းကြီး(၂)ခုကို စာတမ်းတင်သွင်းဆွေးနွေးကြမည်ဟု အကြမ်းဖျင်းသိရှိရပါသည်။
အကြံပြုလိုသည်မှာ လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းဒေသကြီး(၇)ခု၊ ပြည်နယ်(၇) ခုဖြင့် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။ လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံစာတမ်းတင်သွင်းဆွေးနွေးကြရာတွင် တိုင်းဒေသကြီးမည်မျှဖွဲ့စည်းထားရှိမည်၊ ပြည်နယ်မည်မျှ ဖွဲ့စည်းထားရှိမည်ဆိုသည်ကို စာတမ်းတင်သွင်း အကြံပြုဆွေးနွေးကြလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ (ဒီမိုက ရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တိုင်းဒေသကြီးများနှင့် ဖွဲ့စည်းမည်လား) (ပြည်နယ်များဖြင့် ဖွဲ့စည်းမည်လား) ဆိုသည်ကိုလည်း တင်ပြဆွေးနွေးကြလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ ပြည်ထောင်စု အဖွဲ့ဝင်ဒေသများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အခေါ်အဝေါ် တစ်မျိုးတည်းသာ ဖွဲ့စည်းသင့်မသင့်၊ ခေါ်ဆိုသုံးနှုန်းသင့်မသင့် အကြေအလည် ဆွေးနွေးသွားရမည့် သဘောရှိပါသည်။ လက်ရှိ အခြေအနေအရ တိုင်း ဒေသကြီးများကိုမြို့၊ မြို့တော်အမည်များဖြင့် ဖွဲ့စည်းထားသည်မှာ ပြဿနာမရှိနိုင်သော်လည်း လူမျိုးအမည်များဖြင့် ဖွဲ့စည်းထားသည့် ပြည်နယ်များအတွက်  ပြဿနာတစ်စုံတစ်ရာ ရှိလာနိုင်ပြီး ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များ အချင်းချင်း ညီရင်းအစ်ကိုသဖွယ် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု၊ သဘောထားကြီးမှု၊ လေးစားတန်ဖိုးထားမှုနှင့် အသိအမှတ်ပြုမှုများထားရှိနိုင်ရန် အလွန်အရေးကြီးပါသည်။ အကြောင်းမှာလက်ရှိ ပြည်နယ်များသည် လူမျိုးအမည်များဖြင့် အခြေခံဖွဲ့စည်းထားသည့်အတွက်ကြောင့်ပင် ဖြစ်ပါသည်။ လာမည့် ညီလာခံတွင် ပြည်နယ်များကို အမျိုးသားပြည်နယ်များ (တနည်း) လူမျိုးအမည်ကို အခြေမခံပဲ အမျိုးသားများ ပြည်နယ်များ(သို့မဟုတ်) ပထ၀ီ (သို့မဟုတ်) ဒေသန္တရကို အခြေခံသော ပြည်နယ်အမည်များဖြင့် ဖွဲ့စည်းမည်ဆိုပါက တိုင်းရင်းသားလူမျိုးများ အချင်းချင်း ကြားပြဿနာများကို တစ်ဘက်တစ်လမ်းမှ ဖြေရှင်းပြီးဖြစ်သည့်အပြင် တိုင်းရင်း သားစည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု၊ ယုံကြည်မှုနှင့် ထာဝစဉ် အတူယှဉ်တွဲ နေထိုင်သွားနိုင် မည်ဟု သုံးသပ်မိပါသည်။
သို့သော်လည်း ပြည်နယ်အမည်များကို လူမျိုးအမည်များဖြင့် အခြေခံသတ်မှတ်ရမည်ဟု တင်သွင်းဆွေးနွေးကြမည်ဆိုပါက သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသည့် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုမရရှိ သေးသည့်တိုင်းရင်းသားလူမျိုးများကိုလည်း ပြည်နယ်သစ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အသစ်များ ဖွဲ့စည်း ခွင့်၊ ပေါ်ထွန်းခွင့်နှင့် သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် မပြည့်စုံသေးသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု မရရှိနိုင်သော လူနည်းစု ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကိုလည်း ဥပဒေများဖြင့် ကာကွယ်ပြဋ္ဌာန်းပေးရန် လိုအပ်မည် ဖြစ်ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို တည်ထောင်မည်ဆိုပါက ပြည်နယ်သစ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစီရင်စု အသစ်များ ဖွဲ့စည်းခွင့်၊ ပေါ်ထွန်းခွင့်ကို ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူများအနေဖြင့် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းသင့်ပါကြောင်း အကြံပြအပ်ပါသည်။ (ဥပမာအမေရိကန်ပြည်ထောင်စုသည် ပြည်နယ် (၁၃) ခုဖြင့် စတင်ဖွဲ့စည်းပြီး ယနေ့အချိန်တွင် ပြည်နယ်ပေါင်း(၅၀)ရှိပြီဟု သိရှိရပါသည်။ ပြည်နယ်သစ်များ အများ အပြားပေါ်ထွက်လာသည်ကို တွေ့ရှိရပါသည်)
ဆက်လက်ပြီး အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များအကြောင်းကို နားလည်သမျှ တင်ပြရမည်ဆိုလျှင် အမျိုးသားပြည်နယ်များသည် ထိုဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများထဲမှ တိုင်းရင်းသား လူမျိုးတစ်မျိုးသည် လူဦးရေအများဆုံးရှိပါက ထိုဒေသအတွက် ထိုတိုင်းရင်းသားလူမျိုး၏ အမည်ဖြင့် ပြည်နယ် အမည်ကို သတ်မှတ်သည်ဟု နားလည်ပါသည်။ တစ်နည်းအားဖြင့် လူမျိုးကို အခြေခံပြီး ဖွဲ့စည်းထားသည့်သဘော ဖြစ်ပါသည်။ နောက်ပိုင်းတွင် ထိုပြည်နယ်သည် လူမျိုးတစ်မျိုးတည်းက ပိုင်သည့်သဘော သက်ရောက်သွားနိုင်ပါ သည်။ (ဥပမာ) ဒေသတစ်ခုတွင် (က)လူမျိုးနှင့် (ခ)လူမျိုး (၂)မျိုးထဲမှ (ခ)လူမျိုး၏လူဦးရေများပါက (ခ) ပြည်နယ်အဖြစ် သတ်မှတ်မည် ဖြစ်ပါသည်) (တနည်းအားဖြင့် လူဦးရေအများဆုံးနေထိုင်သည့်လူမျိုးက ၎င်းလူမျိုး၏ အမည်ကို ပြည်နယ်အဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။
အမျိုးသားများပြည်နယ်များဆိုသည်မှာ ထိုဒေသအတွင်းတွင် တိုင်းရင်းသားလူမျိုးများမှ လူဦးရေ မတိမ်း မယိမ်း သူမသာကိုယ်မသာ ဖြစ်နေသည့်အနေအထားမျိုးကို အမျိုးသားများပြည်နယ်များအဖြစ် ပြည်နယ် ကိုသတ်မှတ်သည်ဟု နားလည်ပါသည်။ တစ်နည်းအားဖြင့် ထိုဒေသရှိ လူမျိုးအားလုံးနှင့် သက်ဆိုင်သည့် အမည်ဖြင့် ပြည်နယ်ဖွဲ့စည်းသည့် သဘောဖြစ်ပါသည်။ (ဥပမာ) လက်ရှိ ဧရာဝတီတိုင်းဒေသကြီးကို ဧရာဝတီ အမျိုးသားများ ပြည်နယ်အဖြစ် သတ်မှတ်မည် ဖြစ်သည်။ ပထ၀ီ(သို့မဟုတ်) ဒေသန္တရကို အခြေခံပြီး ဖွဲ့စည်းသည့် ပြည်နယ် ဆိုသည်မှာ ထိုဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများကို အခြေမခံပဲ တိုင်းရင်းသားလူမျိုးများ အားလုံးလက်ခံသည့် ၎င်းဒေသနှင့် လိုက်လျောညီထွေမည့် အမည်ကို ပြည်နယ်အမည်အဖြစ် သတ်မှတ်ခြင်းကို ဆိုလိုသည်ဟု နားလည် ပါသည်။ (ဥပမာရှမ်းပြည်နယ်ကိုတောင်ကြီးပြည်နယ် (သို့မဟုတ်) ကမ္ဘောဇပြည်နယ်စသဖြင့် အများသဘောတူသည့် အမည်ကိုသတ်မှတ်မည် ဖြစ်ပါသည်။)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံတွင် ပါဝင်ဆွေးနွေးမည့်တာဝန်ရှိသူများ၊ ကိုယ်စား လှယ်အစုအဖွဲ့များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ တောင်သူလယ်သမားများ၊ အလွှာအသီးသီးရှိ ပုဂ္ဂိုလ် များအားလုံး အနာဂတ်တွင် တန်းတူညီမျှခြင်း၊ တရားမျှတခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလ တရားများနှင့်အညီ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန်အတွက် ဆွေးနွေးကြ ရာတွင် လူမျိုးကိုအခြေခံသည့်ပြည်နယ်များ၊ အမျိုးသားပြည်နယ်များ၊ အမျိုးသားများပြည်နယ်များ၊ ပထ၀ီ၊ ဒေသန္တရ စသည့် အမည်များထဲမှ မည်သည့်အမည်များကို ဆွေးနွေးအတည်ပြုကြသည်ဖြစ်စေ တိုင်းရင်းသားလူမျိုးများ အားလုံး၏ အရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု အကြံပြုအပ်ပါသည်။
ပြည်နယ်များ ဖွဲ့စည်းရာတွင် အမျိုးသားပြည်နယ်များ (သို့မဟုတ်) လူမျိုးအမည်ကို အခြေခံသည့် ပြည်နယ်များဖြင့် ဖွဲ့စည်းမည်ဆိုပါက လက်ရှိတည်ရှိနေသည့် ပြည်နယ်(၇)ပြည်နယ် အတိုင်းမထားရှိပဲ ခေတ်နှင့် အညီတိုးတက်လာပြီး သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံသည့် ပြည်နယ်အဆင့် ရသင့်ရထိုက်သည့် တိုင်းရင်းသား လူမျိုးများကိုလည်း ပြည်နယ်သစ်ပေါ်ထွန်းခွင့်ကို ခွင့်ပြုပေးရန်နှင့် လက်ခံပေးရန်လိုမည် ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးတိုင်းသည် အခြားသော ညီနောင်တိုင်းရင်းသားလူမျိုးများ ပြည်နယ်ရှိသလို မိမိတို့၏ သက်ဆိုင်ရာ လူမျိုး များသည်လည်း သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံပါက ပြည်နယ်လိုချင်၊ ရချင်ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားပြည်နယ်များ (သို့မဟုတ်) လူမျိုးအမည်ကို အခြေခံသည့် ပြည်နယ်များ ဖွဲ့စည်းမည်ဆိုပါက ပြည်နယ် အဆင့်အတန်းနှင့် ထိုက်တန်သော ရသင့်ရထိုက်သည့် တိုင်းရင်းသား လူမျိုးများကို ပြည်နယ်သစ်ပေါ်ထွန်းခွင့်ကို ခွင့်ပြုပေးရန်နှင့် လက်ခံပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ကို လက်မခံကြောင်း၊ ခွင့်မပြုနိုင်ကြောင်း ဆိုလာပါက အမျိုးသားပြည်နယ် များ (သို့မဟုတ်) လူမျိုးကို အခြေခံပြီး ပြည်နယ်များ ဖွဲ့စည်းခြင်းမပြုပဲ အများနှင့် သက်ဆိုင်သည့် ပြည်နယ် အမည်များဖြစ်သော အမျိုးသားများ ပြည်နယ်များ (သို့မဟုတ်) ပထ၀ီ၊ (သို့မဟုတ်) ဒေသန္တရ စသည်တို့ကို အခြေခံ သည့် ပြည်နယ်များဖြင့်သာ ဖွဲ့စည်းသင့်သည်ဟု ထင်မြင်ယူဆမိပါသည်။
နိဂုံးချုပ်အနေဖြင့် သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသော တိုင်းရင်းသားလူမျိုးများ၏ လူမျိုးစု နယ်မြေ ဧရိယာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ ပြည်နယ်သစ်များစသည့် ရသင့်ရထိုက်သည့် နိုင်ငံရေးဆိုင်ရာ၊ လူမျိုးရေး ဆိုင်ရာ အခွင့်အရေးများကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ပါက ပြည်ထောင်စုအတွင်းရှိ ညီနောင်တိုင်းရင်းသားလူမျိုး များအားလုံး အားရရွှင်လန်း ၀မ်းမြောက်ဝမ်းသာပီတိ ဖြစ်ကြရလိမ့်မည်ဟု ယုံကြည်မိပါကြောင်း လေးစားစွာ ရေးသားတင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်။

ခွန်နောင်လွုမ်း 
စန္တာ;ခမ်း

Powered by Blogger.