Sunday, September 18, 2016

ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အခြေခံပြည်သူ့ရေးရာစီမံခန့်ခွဲမှု အမြင်ဖွင့်သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်









ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တို့ပူးပေါင်းပြီး အခြေခံပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်ဖွင့်သင်တန်းကို ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့ (၉း၀၀) နာရီ၌ ညောင်ရွှေမြို့နယ်၊ ရေပူ(ထီခိုး)ကျေးရွာအုပ်စု၊ ရေပူ(ထီခိုး)ကျေးရွာ၊ ထီခိုးဘုန်းကြီးကျောင်းတွင်  ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ထီခိုးဘုန်းကြီးကျောင်း ဆရာတော်အား ရိုသေကန်တော့ပြီး ဆရာတော်ထံမှ ငါးပါး သီလနှင့် သြ၀ါဒခံယူခဲ့ပါသည်။ ထို့နောက် သင်တန်းဖြစ်မြောက်ရေးကော်မတီ ဦးခွန်လာလေမှ  အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ညောင်ရွှေမြို့နယ်၊ စံကားဒေသသည် ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဘက်ဘက်မှ  နောက်ကျမှုများ များစွာရှိနေပါကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲနေသည့်အခြေအနေများကို သိရှိနိုင်ရန် ၂၀၁၅-ခုနှစ်မှစတင်၍ မျိုးဆက်သစ်များအတွက် မျိုးဆက်သစ်လူငယ်များ စွမ်းရည်မြှင့်သင်တန်း၊ စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်ပြုလုပ်ခြင်း (Start and Improve Your Business-SIYB) သင်တန်းများဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊  ယခုနှစ်တွင်လည်း သင်တန်းဖွင့်လှစ်နိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန ဌာနမှူး ခွန်ဆောင်းရွှေနှင့် ညှိနှိုင်းရာမှ အခြေခံပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်ဖွင့်သင်တန်း ဖွင့်လှစ်သွားနိုင်ခြင်း  ဖြစ်ကြောင်း၊ ယနေ့သင်တန်းသည်လည်း ပအိုဝ်းအာဇာနည်နေ့ကို အောက်မေ့သတိရခြင်းကြောင့် ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့သင်တန်းဖြစ်မြောက်ရေးကော်မတီအနေဖြင့် ခံယူချက်ခိုင်မာစွာ သင်တန်းမျိုးစုံဖွင့်လှစ်နိုင်ရန် ဆန္ဒရှိပြီး သင်တန်းသူ/သားများအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် ခံယူချက် ခိုင်မာစွာဖြင့် အချိန်မှန်မှန် တက်ရောက် ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ခွန်ဆောင်းရွှေမှ အားပေးစကားပြောကြားရာတွင် မိမိတို့ အဖွဲ့အစည်းအနေဖြင့် ခေတ်စနစ်ပြောင်းလဲမှုနှင့်အညီ ပြည်သူလူထုများသိသင့်သိထိုက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး အစရှိသည့် အသိပညာဗဟုသုတများကို သိရှိနိုင်အောင် ၂၀၁၀-ခုနှစ်မှ စတင်ပြီး သင်တန်းများ ဖွင့်လှစ်လာခဲ့ကြောင်း၊ သင်တန်းဖွင့်လှစ်ရာတွင်လည်း အခက်အခဲများ များစွာရှိနေပါကြောင်း၊ ဖွင့်လှစ်ခဲ့သည့် သင်တန်းများအပေါ် အခြေခံပြီး တစ်နေရာတည်းတွင် သင်တန်းမျိုးစုံ ဖွင့်လှစ်နိုင်ရန်နှင့် သင်တန်းသူ/သားများအတွက်လည်း တစ်နေရာတည်းတွင် ဘာသာရပ်ပေါင်းစုံ လေ့လာသင်ယူနိုင်ရန်အတွက် သင်တန်းကျောင်းအဖြစ်ဖွင့်လှစ်နိုင်ရန် ကြိုးစားခဲ့ကြောင်း၊ ယနေ့တွင် သင်တန်းကျောင်းသီးသန့်မဟုတ်သော်လည်း သင်တန်းကျောင်း၏ ပထမခြေလှမ်း စတင်နေပြီဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး သင်တန်းကျောင်း အနေဖြင့် ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့်တိုးတက်အောင်ပြုလုပ်ခြင်း(Start and Improve Your Business-SIYB) စီးပွားရေးသင်တန်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသသည် ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဘက်ဘက်မှ နောက်ကျခဲ့သည်ဟု ဆိုသော်လည်း ယနေ့အချိန်တွင် ဒေသခံများ၏ စည်းလုံးညီညွတ်မှုကြောင့် ၂၀၁၅-ခုနှစ်မှ စတင်ပြီး သင်တန်းများကို မိမိတို့၏ခံယူချက်များဖြင့် သင်တန်းများ ဆက်တိုက် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း၊ ယခုလို သင်တန်းဖွင့်လှစ်နိုင်မှုအပေါ် မိမိတို့အနေဖြင့် ကျေးဇူးတင် ဂုဏ်ယူလျက်ရှိပါကြောင်း၊ ယခုလို သင်တန်းဖွင့်လှစ်နိုင်ခြင်းသည် သမိုင်းတွင်ကျန်ရစ်ခဲ့မည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့်လည်း ဒေသတာဝန်ရှိပုဂ္ဂိုလ်များက ခံယူချက်ခိုင်မာစွာဖြင့် ဦးဆောင်စီစဉ်ပေးသည် နှင့်အညီ သင်တန်းသူ/သားများလည်း မိမိတို့အတွက် ဦးဆောင်ပေးနေသည့် ဒေသတာဝန်ရှိပုဂ္ဂိုလ်များ၏ စေတနာများကို အကျိုးရှိစွာ လက်ခံရယူတတ်ရန်လိုအပ်ကြောင်း၊ အားနည်းချက်များရှိနေပါက အားသာချက်ဖြစ်အောင် ပြုပြင် ပြောင်းလဲပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ဖန်းတီးသွားရန် တာဝန်ရှိနေပြီဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် အခြေခံ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်ဖွင့်သင်တန်းသည် ပထမဦးဆုံးဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းမှူး ခွန်မောင်ကျော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်(၇)ချက်နှင့် သင်တန်းတွင် ဆွေးနွေးသွားမည့် ဘာသာရပ်ခေါင်းစဉ်(၁၄)ခုကို ရှင်းလင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ပြန်လည် ရုပ်သိမ်းခဲ့ပါသည်။
အခြေခံပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်ဖွင့်သင်တန်းကို ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၅)ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းမှူး ခွန်မောင်ကျော်နှင့် သင်တန်းနည်းများဖြစ်သည့် ခွန်ကျော်ထွန်း၊ ခွန်ကျော်ခေါင်၊ နန်းလှကြည်၊ နန်းအင်ကြင်းခိုင်တို့က ဦးဆောင်ဆွေးနွေးပြီး ညောင်ရွှေမြို့နယ်၊ စံကားဒေသအတွင်း ရေပူ(ထီးခိုး)ကျေးရွာအုပ်စု၊ လင်လန်တောင်ကျေးရွာအုပ်စု၊ လင်လန်မြောက်ကျေးရွာအုပ်စု၊ စံကားကျေးရွာအုပ်စု၊ လုံကန်ကျေးရွာအုပ်စုနှင့် ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း(၁၆)ရွာမှ သင်တန်းသူ(၁၁)ဦးနှင့် သင်တန်းသား(၃၉)ဦး စုစုပေါင်း(၅၀)ဦး တက်ရောက်နေကြောင်း သိရှိခဲ့ရပါသည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)

Powered by Blogger.