တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်
တောင်ကြီးမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမအတွင်း ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် ၉း၀၀နာရီအချိန်တွင် ရတနာ့မေတ္တာအဖွဲ့၊ DSW နှင့် MRCS တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်ခြင်းများအား TCRC နှင့် အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် TCRC ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြား ရာတွင် ကလေးတိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း၊ တာဝန် ရှိသူများနှင့် တာဝန်သိသူများ ပူးပေါင်းပါဝင် အကောင်အထည်ဖော် လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း၊ အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်သောကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းကလေးသူငယ် များကို လူမှုဝန်ထမ်းမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ဥပဒေအရရင်ဆိုင်နေရသော ကလေး သူငယ်များကို ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှင့် အာရှကလေးကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အကောင်အထည်ဖော် လုပ်ဆောင်သွားကြမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ TCRC အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူးမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို ဒေါ်ချိုပြုံးမှလည်းကောင်း၊ ရတနာ့မေတ္တာအဖွဲ့၊ စီမံချက်မန်နေဂျာ ဦးကျော်ဆန်းမှ Child Protection Case Management & CAAC စီမံချက်လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ အခြေအနေကိုလည်းကောင်း၊ ရတနာ့မေတ္တာအဖွဲ့ ဖြစ်ရပ်ကြီးကြပ်ရေးမှူး ဒေါ်သဉ္ဇာအောင်မှ တောင်ကြီးမြို့နယ်အတွင်း ဆောင်ရွက်နေသော CPCM&CAAC Project လုပ်ငန်း အခြေအနေများအား လည်းကောင်း၊ လူမှုဝန်ထမ်းဌာန ဖြစ်ရပ်စီမံခန့်ခွဲသူအရာရှိ ဒေါ်ခရစ္စတင်းလှဝင်းမှ Child Protection Case Management လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ ကွင်းဆင်းကြီးကြပ်ရေးမှူး ဒေါ်စုနန္ဒာထွန်းမှ Child Protection Case Management စီမံချက်လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း အကျယ်တ၀င့်ဆွေးတင်ပြသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ INGO NGO CSOs အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၅၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS