Thursday, September 22, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးဝန်ထမ်းများက ဘုရားတောင်ရေဆိပ်လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းရှိ ကျောင်းသား/သူလူငယ်များနှင့် သွားရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်















၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့ ညနေ(၅း၀၀)အချိန်၌ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအုပ်စု၊ ဘုရားတောင်ရေဆိပ်ရွာ၊ ဘုရားတောင်ရေဆိပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးဝန်ထမ်းများက ဘုရားတောင်ရေဆိပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းရှိ ကျောင်းသား/သူလူငယ်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု သတင်းရရှိပါသည်။
အဆိုပါအခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ စည်းရုံးရေးဌာန ဌာနတာဝန်ခံ နန်းခမ်းဗွာ(ဗဟိုကော်မတီ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာန ဌာနမှူး ခွန်ဆောင်းရွှေ(ဗဟိုကော်မတီ)၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဌာန၀န်ထမ်းများဖြစ်သည့် ခွန်မောင်ကျော်၊ ခွန်ကျော်ထွန်း၊ ခွန်ကျော်ခေါင်၊ နန်းလှကြည်၊ နန်းအင်ကြင်းခိုင်၊ ရေပူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်လာလေ၊ ဘုရားတောင်ရေဆိပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းမှ ကျောင်းဆရာ/မများနှင့် မူလတန်းအဆင့်(၂၇)ဦး၊ အလယ်တန်းအဆင့်(၄၅၆)ဦး နှင့် အထက်တန်းအဆင့်(၅၈၆)ဦး စုစုပေါင်းကျောင်းသား/သူ(၁၀၆၉) ဦးတို့တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ရေပူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်လာလေမှ အဖွင့်စကားပြောကြားပြီး တွေ့ဆုံပွဲသို့ သွားရောက်အားပေးသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ရုံးဝန်ထမ်းများနှင့် ကျောင်းသား/သူများအား မိတ်ဆက်ပေးခဲ့ပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ နန်းခမ်းဗွာမှ အားပေးစကားပြောကြားရာတွင် လူတိုင်းသည် မိမိတို့၏ ရည်မှန်းချက်ပန်တိုင်း တိကျခိုင်မာစွာ ထားရှိရန် လိုအပ်ကြောင်း၊ မိမိရည်မှန်းထားသည့် ပန်းတိုင်သို့ရောက်အောင် ကြိုးစားအားထုတ်ရာတွင် အခက်အခဲများ များစွာကြုံတွေ့ရမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ အခက်အခဲများနှင့်တွေ့ကြုံပါက အခက်အခဲများကို သတ္တိရှိရှိ ရင်ဆိုင်ကျော်ဖြတ်ရန်လိုအပ်ကြောင်း၊ ဥပမာ- မိမိသည် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လိုပါက တခြားပုဂ္ဂိုလ်များထက် ပိုမို၍ ကြိုးစားလုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်ကောင်းတစ်ဦးသည် တခြားပုဂ္ဂိုလ်များထက် ပိုမို၍ အနစ်နာခံနိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့တွေ့ကြုံခဲ့သည့်အခက်အခဲများသည် တစ်နေ့တစ်ချိန်တွင် မိမိတို့အတွက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ မိမိသည် ပညာသင်ယူနေစဉ် ငယ်ဘ၀တွင် လက်ရှိ ညီငယ် ညီမငယ်တို့ကဲ့သို့ ပေါင်းသင်းဆက်ဆံရေးနှင့်ပတ်သက်ပြီး လေ့လာသင်ယူနိုင်ခွင့် မရရှိခဲ့ကြောင်း၊ လူတိုင်းသည် အားနည်းချက်ကိုယ်စီဖြင့် ရှိကြပြီး မိမိတို့၏ အားနည်းချက်ရှိနေပါက စိတ်ဓါတ်မကျပါနှင့် အားမငယ်ပါနှင့် မိမိတို့၏ အားနည်းချက်ကို အတတ်နိုင်ဆုံးကြိုးစားဖြည့်ဆည်းပြီး မိမိတို့၏ အားသာချက်များ၊ တတ်ကျွမ်းမှုများဖြင့် အားနည်းနေသည့်ပုဂ္ဂိုလ် လိုအပ်နေသည့်ပုဂ္ဂိုလ်များကို ပြန်လည်ကူညီနိုင်အောင် ကြိုးစားကြပါ ဟု အားပေးစကားပြောကြားခဲ့ပါသည်။
ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်မှ အားပေးစကားပြောကြားရာတွင် မိမိတို့လူငယ်များအနေဖြင့် ဘွဲ့တစ်ခုရသည်နှင့် ကျောင်းပြီးပြီဟုမှတ်ယူကာ  မိမိဘ၀တိုးတက်ရေးအတွက် လေ့လာသင်ယူမှု အဆုံးမသတ်သင့်ကြောင်း၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့၊ မဟာသုတေသနဘွဲ့နှင့် ပါရဂူဘွဲ့များစသဖြင့် ဆက်လက်ကြိုးစား လေ့လာသင်ယူသင့်ကြောင်း၊ တက္ကသိုလ်တွင် သတ်မှတ်ထားသည့်အမှတ်ပေါင်းမပြည့်၍ ဆက်လက်လေ့လာသင်ယူရန်အဆင်မပြေသော်လည်း တက္ကသိုလ်ပြင်ပဘွဲ့များရရှိနိုင်ရန် နည်းလမ်းများစွာရှိပါကြောင်း၊ လူတိုင်းသည် ရည်မှန်းချက်ပန်းတိုင် ကိုယ်စီရှိကြမည်ဟု ယုံကြည်သကဲ့သို့ တစ်နေ့တစ်ချိန်၌ မိမိတို့ဒေသ၊ မိမိတို့နိုင်ငံအတွက် နေရာဒေသပေါင်းစုံတွင် ကဏ္ဍအသီးသီး တာဝန်ကိုယ်စီဖြင့် ပြန်လည်တာဝန်ထမ်းဆောင်နိုင်မည့် လူငယ်ခေါင်းဆောင်များဟုလည်း ယုံကြည်ပါကြောင်း၊ " Life is long learning " ဆိုသည့်စကားလုံးအတိုင်း ဘ၀တွင် ရှည်လျားသည့် လေ့လာသင်ယူမှုဟု မှတ်ယူသင့်ပါကြောင်း၊ " ယနေ့လူငယ် နောင်ဝယ်လူကြီး " ဆိုသည့်စကားအတိုင်း ယနေ့လူငယ်ကသာ အနာဂတ်မိမိတို့၏ ဒေသ၊ တိုင်းပြည်ကို ဦးဆောင်ကြရမည်ဖြစ်သည့်အတွက် ပညာများ ပြည့်စုံစွာ လေ့လာသင်ယူထားမှသာ ဒေသ၊ တိုင်းပြည်ကို ဦးဆောင်ရာတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်ပါကြောင်း၊ နေရာဒေသပေါင်းစုံ၊ နောက်ခံသမိုင်းပေါင်းစုံမှ ကျောင်းတော်ကြီးတွင် ရောက်ရှိလာကြသည့်အတွက် " Coming together is good beging, Keeping together is unity, working together is progress "ဆိုသည့်စကားလုံးအတိုင်း မှတ်ယူရန် တိုက်တွန်းလိုပါကြောင်း၊ မိမိအနေဖြင့် ဘုရားတောင်ရေဆိပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းကို ရောက်ရှိသည့်အခါ သောက်ရေသန့်ဘူးတွင် ရေးသားထားသည့် " One bottle feeds one child one meal "စာကြောင်းသည် မိမိအတွက် အားရ၀မ်းသာပီတိဖြစ်မိပါကြောင်း၊ သောက်ရေသန့်ဘူးတွင် ရေးသားထားသည့် " One bottle feeds one child one meal "စာကြောင်းသည် မိမိဘ၀တွင် မေ့နိုင်မည်မဟုတ်ပါကြောင်း၊ " မျိုးဆက်တိုင်းသည် ပစ္စုပ္ပန်ထက် ပိုကောင်းသည့် အနာဂတ်ကို ဖန်းတီးရန် တာဝန်ရှိသည် " ဆိုသည့်စကားလုံးအတိုင်း မိမိတို့ ပညာနို့ရည်စို့ခဲ့သည့် ကျောင်းတော်ကြီးကို လက်ရှိထက်ပိုမိုကောင်မွန်သည့်ကျောင်းတော်ဖြစ်အောင် ပြန်လည်အကျိုးပြုနိုင်ကြပါစေဟု ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ခွန်ဆောင်းရွှေမှ အားပေးစကားပြောကြားရာတွင် မိမိငယ်စဉ်ပညာသင်ယူရာတွင် မိမိတို့ဒေသ၌သာ ကျောင်းတက်ခဲ့ပြီး ကျောင်းစာများကိုသင်ကြားခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်အထိ မြန်မာစကား အနည်းငယ်သာပြောတတ်ပါကြောင်း၊ လုပ်ငန်းခွင်ရောက်ရှိချိန်၊ တက္ကသိုလ်တက်သည့်အချိန်မှသာ မြန်မာစကားကို ပြောဆိုခြင်းများရှိခဲ့ပြီး မြန်မာစကားပြောဆိုမှုနှုန်း အနည်းငယ်မြှင့်တက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊   မည်သည့်ပညာရပ်ကိုမဆို လက်တွေ့မပါပဲ စာတွေ့သာဖြစ်နေပါက တတ်ကျွမ်းမှုအခြေအနေများကို သိရှိနိုင်ရန်ခက်ခဲပါကြောင်း၊ အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းကပင် လက်တွေ့ကျင့်ကြံလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ဘုရားတောင်ရေဆိပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံပေါင်းစုံမှ သင်တန်းဆရာ/မများနှင့် ပြည်တွင်းအစိုးရမဟုတ်သည့်အဖွဲ့အစည်းများလည်း သင်တန်းမျိုးစုံ လာရောက်ဖွင့်လှစ်သင်ကြားပေးသည်ကို ကြားသိခဲ့ရပါကြောင်း၊ ထို့ကြောင့် ဘုရားတောင်ရေဆိပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသည် အသိပညာ၊ အတတ်ပညာဘာသာရပ်ပေါင်းစုံ၊ ဗဟုသုတပေါင်းစုံကို လေ့ကျင့်/လေ့လာသင်ယူနိုင်သည့်နေရာဖြစ်သည့်အတွက် မိမိအနေဖြင့် တက္ကသိုလ်ဟုပင် တင်စားခေါ်ဆိုပါကြောင်း ပြောကြားခဲ့ပါသည်။
ကျောင်းသား/သူများ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမှုများနှင့် အမေးအဖြေအခန်းကဏ္ဍများပြုလုပ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန ခွန်မောင်ကျော်မှ နိဂုံးချုပ်စကား ပြောကြားကာ ညနေ (၇း၃၀) အချိန်တွင် တွေ့ဆုံပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိခဲ့ပါသည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)
Powered by Blogger.