Friday, October 7, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံးရှိ ဥပဒေရေးရာဌာနမှ ဥပဒေရေးရာအသိပညာပေးသင်တန်း ပို့ချပေးရန်ရှိ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်



မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးမှုကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံးရှိ ဥပဒေရေးရာဌာန ယခု ၂၀၁၆ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဥပဒေရေးရာအသိပညာပေးသင်တန်း ပို့ချသွားမည်ဟု သိရသည်။
အဆိုပါ ဥပဒေရေးရာ အသိပညာပေးသင်တန်းကို ပင်လောင်း၊ နောင်တရား၊ ကျောက်တလုံးကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ တောင်ကြီး စသည့်မြို့နယ်များတွင် ပို့ချသွားမည် ဖြစ်ပြီး သင်တန်းတွင် လယ်ယာမြေ ဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲ ဥပဒေ၊ သစ်တော ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ မော်တော်ယာဉ် ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ စသည့် ဥပဒေများကို ပို့ချရန် ရှိကြောင်း  ဥပဒေရေးရာဌာနမှ (ယာယီ)ဌာနမှူး ခွန်ထွိုင်က ပြောပါသည်။
“ ဥပဒေက အများကြီးရှိတယ်လေ ဒါပေမဲ့ အဲဒါတွေကို အကုန်လုံးပို့ချပေးရင် သူတို့ နားမလည် နိုင်ဘူးလေ၊ အဲကြောင့် သူတို့နဲ့ နီးစပ်တဲ့ ဒီခေါင်းစဉ်(၈)ခုကိုဘဲ ရွေးပြီးပေးဖို့ ရည်ရွယ်ခြင်းဖြစ်တယ်” ဟု သူက ဆက်ပြောပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံးရှိ ဥပဒေရေးရာဌာနကို မိမိတို့ပအိုဝ်းဒေသများတွင်  ကြုံတွေ့နေရသော အမှုကိစ္စရပ်များကို လမ်းညွန်မှုပေးနိုင်ရန်နှင့် တစ်ဖက်တစ်လှမ်းမှ ကူညီမှုပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၃ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ၀န်ထမ်း(၃)ဦးရှိကြောင်း၊ ၂၀၁၄ခုနှစ်မှ ယခုလက်ရှိ ၂၀၁၆ခုနှစ်အထိ ကူညီလမ်းညွန်ပေးသော အမှုပေါင်း(၄၀)ကျော်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

 နဂါ့ခွန်
Powered by Blogger.