တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်
ယနေ့ခေတ်ကို ပညာခေတ်ဟု ခေါ်ဆိုလျှင် မမှားပေ။ ပညာဟုဆိုရာတွင် အသိပညာနှင့် အတတ်ပညာဟူ၍ နှစ်မျိုးရှိသည်။ ထိုအသိပညာနှင့် အတတ်ပညာကို ရောစပ်ပေါင်းစုလျက် ပညာဟု ခေါ်ဆိုလိုက်ခြင်းဖြစ်သည်။
အသိပညာဆိုသည်ကား အခြေအနေတစ်ရပ်ရပ်၊ အကြောင်းအရာတစ်ရပ်ရပ်ကို အချိန်အခါကာလ၊ ဒေသနှင့် လိုက်လျောညီထွေစွာ ရှေ့နောက်ဆက်စပ်လျက် အကောင်းအဆိုးကိုလည်းကောင်း၊ အကြောင်းအကျိုးကို လည်းကောင်း ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်သော စွမ်းရည်ကို ဆိုလိုပေသည်။ ထိုသို့ သိမြင်နိုင်စွမ်းရှိခြင်းအား ပညာသိ ဟုခေါ်ဆိုကြပြီး ထိုအသိရှိသူအား အသိပညာရှိအဖြစ် သတ်မှတ်ကြပေသည်။
အတတ်ပညာဆိုသည်မှာ ၀ိဇ္ဇာသိပ္ပံပညာရပ်များဖြစ်၍ ထိုပညာရပ်ကို ဆရာအသီးသီးတို့ထံမှ နည်းနာခံယူကာ လေ့လာသင်ကြားမှု ပြုလုပ်ကြရပြီး ထိုသို့ စည်းစနစ်တကျ သင်ယူမှသာလျှင် တတ်မြောက်ထားသော ပညာကို သညာဟုခေါ်ဆိုပြီး ထိုသညာ သိရှိသူအား အတတ်ပညာ ပညာရှင်အဖြစ် အသိအမှတ်ပြုကြသည်။
ယနေ့ခေတ်အခါကာလသည် ပညာကို ရှေ့တန်းတင်သောခေတ်ဖြစ်ရာ ခေတ်နှင့်အညီ လိုက်ရောညီထွေ ရှိရန်အတွက် အလွှာအသီးသီးမှပညာကို အသည်းအသန် ကြိုးစားနေကြရပါသည်။ ပညာရပ်ဆိုင်ရာ သင်တန်းတို့ကိုလည်း တက်ရောက်နေကြရသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်မှုကို အကဲဖြတ်လိုလျှင် ထိုနိုင်ငံ၌အသိပညာရှင်၊ အတတ်ပညာရှင် မည်သို့မည်မျှ ရှိသည်ကို လေ့လာဆန်းစစ်ကြရသည်။ အသိပညာရှင်၊ အတတ်ပညာရှင် မြောက်များစွာ ထွက်ပေါ်လာသောနိုင်ငံနှင့် တိုင်းပြည်သည် ဖွံ့ဖြိုးမှုမြင့်မား၍ အသိပညာ အတတ်ပညာရှင်များ နည်းပါးသော နိုင်ငံများတွင် နိုင်ငံသည် ဖွံ့ဖြိုးတိုးတတ်မှု နှေးကွေးသည့်သဘောရှိသည်။ အသိပညာရှင်၊ အတတ်ပညာရှင်ပေါကြွယ်ဝသော နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထည်ဝါ၀င့်ကြွားစွာဖြင့် ရှေ့တန်း၌ မားမားမတ်မတ် ရပ်တည်နေနိုင်ပေသည်။
ဆရာသမားတို့ထံမှ နည်းနာခံယူလျက် သင်ကြားလေ့ကျင့်ပြီးမှ ပညာတတ်များ ဖြစ်လာကြသည်မှာ သဘာဝကျပါသည်။ သို့ရာတွင် ပညာတတ်များအဖြစ်ဖြင့်သာ ရောင့်ရဲတင်းတိမ်မနေကြဘဲ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသော သညာအသိမှသည် ပညာအသိ ရရှိလာသည်အထိ စွမ်းဆောင်ကြိုးစား အားကျခြင်းကိုလည်း ခံစားရပေသည်။ ထိုအချက်ကား ပညာရဲရင့် ပွဲလယ်တင့်သည့်သဘောဖြစ်ပေသည်။ ပညာခေတ်ကာလ၌ “ပညာရှာခြင်းသည် ရှက်စရာမဟုတ်၊ နှုတ်မှု၊ လက်မှု အတတ်စုကို ငယ်နုသောအား မမေ့ငြားနှင့်” ဆိုသော စကားဆိုရိုး ရှိပေသည်။ ပညာရှိသူနှင့် ပညာမဲ့သူတို့သည် အသက်မွေးဝမ်းကြောင်းပြုသည့်အခါတွင် မည်သူက အလေးသာမည်နည်း။ အခွင့်အလမ်း ပိုရမည်နည်း။ ပညာ၏ ကူထောက်မှုအကျိုးတန်ဖိုး လွန်စွာကွာခြားလှပေသည်။ စင်စစ်ဥစ္စာငွေကြေးတို့မည်သည်ကား သင်္ခါရသဘောနှင့် ဆက်သွယ်နေပေသည်။ ရန်သူမျိုးငါးပါး၏ လှောင်ပိတ်ခြင်းကိုလည်း ခံနေရခြင်းဖြစ်သည်။ နေ့မြင်ညပျောက် ဖြစ်တတ်သည့်သဘောသဘာဝကြောင့် “ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး” ဟူ၍ တင်စားပြောဆိုကြခြင်းဖြစ်ပေသည်။
ပညာကို အလိုရှိသူအတွက် အချိန်နှောင်းနေပါပြီ၊ အရွယ်အိုမင်းနေပါပြီဟူ၍ မည်သည့်အခါမျှ မရှိ။ “ပညာလို အိုသည်မရှိ” ဟူသော စကားရပ်က အခိုင်အမာရှိနေပေသည်။ ထိုစကားရပ်ကား အရွယ်ရောက်ပြီးသူ၊ အရွယ်လွန်နေသူတို့အတွက် အားပေးအားမြှောက်စကားရပ်ဖြစ်ပေသည်။ ငယ်ရွယ်သူ ကျောင်းသားများအဖို့ “အချိန်ရှိခိုက် လုံ့လစိုက်” ဖြစ်ပြီး မကြာမတင်သော ကာလတစ်ခု၌ “ပညာရဲရင့် ပွဲလယ်တင့်”လိမ့်မည်မှာ အသေအချာပင်ဖြစ်ပါသည်။ ပညာဟူသည် မျက်လှည့်မဟုတ် မည်သူမျှ ခိုးယူခြင်း မပြုနိုင်သည့်အရာသာ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပညာကို ရှေ့တန်းတင်သည့် ပညာခေတ်၊ ပညာအချိန်အခါကာလဖြစ်သည့်အတွက် မိမိတို့က ပညာကို အလေးအနက် တန်ဖိုးထားလျက် ပညာရှာ၍ မိမိတို့အတွက်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း၊ လူ့ဘောင်လောကအတွက်သော်လည်းကောင်း အကျိုးပြုသင့်လွန်းလှပေသည်။
Extract By
Nanda Moe Kyel
ပျူခမ်းနင်,
Like On Facebook
Follow On Twitter
Subscribe On RSS