Wednesday, November 16, 2016

နိုင်ငံ (Nation) နှင့် နိုင်ငံတော် (State) နိုင်ငံတော် (State) နှင့် အစိုးရ (Government)

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်



နိုင်ငံရေးနှင့်ပတ်သက်၍ ရေးသားဖော်ပြမှုအမျိုးမျိုးတွင် အမြဲလိုရောထွေးဖော်ပြလေ့ရှိသော စကားလုံးရှိ ပါသည်။ ၎င်းတို့မှာနိုင်ငံနှင့် နိုင်ငံတော်၊ နိုင်ငံတော်နှင့် အစိုးရ စသည်တို့ဖြစ်ပါသည်။

ယေဘုယျအားဖြင့် နိုင်ငံ (Nation) ဆိုသည်မှာ ဖြစ်တည်မှုသဘောဖြစ်ပြီး နိုင်ငံတော် (State) ဟုဆိုလျှင် တာဝန် သို့မဟုတ် Accountability ပါဝင်လာပြီဟု ဆိုနိုင်ပါသည်။ Nation ခေါ်နိုင်ငံသည် Hardware ဖြစ်ခဲ့လျှင် State ဆိုသော နိုင်ငံတော်သည် software ဖြစ်သည်ဟု ပြောရမည်ထင်ပါသည်။ အချို့သော State များသည် Nation ခေါ်နိုင်ငံနှင့် တစ်ထပ်တည်းကျသည်လည်းရှိသည်။

ပို၍ရှင်းလင်းအောင်ပြောရလျှင် Nation ခေါ်နိုင်ငံဆိုသည်မှာ အမျိုးသားရေး၊ မျိုးချစ်စိတ်ဓါတ်၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် အရေးကြီးပြီး State ခေါ်နိုင်ငံတော်မှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ထိုဥပဒေများအရ ဖွဲ့စည်းထူထောင်ထားသော အဖွဲ့အစည်းများ၊ တာဝန်ပေးထားသော လူပုဂ္ဂိုလ်များ၊ နိုင်ငံသားများပါဝင်သည့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးသည်ဟု ဆိုရမည်ဖြစ်ပေသည်။ (Collective institutions)

အစိုးရဆိုသည်မှာ State ဟုခေါ်သော နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး State ခေါ်နိုင်ငံတော်များက  ထမ်းဆောင်ရမည့်တာဝန်ကို ထမ်းဆောင်ပေးသည့် Functioning Unit တစ်ခုသာ ဖြစ်ပေသည်။ Nation သည် Hardware ၊ State သည် Software ဖြစ်ခဲ့လျှင် Government သည် Operator ဖြစ်ပါလိမ့်မည်။

သို့တိုင်အောင် အစိုးရခေါ် Government တိုင်းသည် State ခေါ်နိုင်ငံတော်များက ထမ်းဆောင်မည့် တာဝန်ကို သိရှိထမ်းဆောင်လျက်ရှိပြီး ပြည်သူလူထုနှင့် တစ်သားတည်းရှိသည်ဟု ဖော်ပြလိုသည့်အခါတွင် အစိုးရများက ၎င်းတို့ကို၎င်းတို့ နိုင်ငံတော်ဟု ခေါ်ဝေါ်သုံးနှုန်းသည်ကို တွေ့ရသည်။

နိုင်ငံတော်နှင့် အစိုးရဆိုသော အသုံးအနှုန်းများတွင် အဓိက ကျသောကွဲပြားခြားနားမှု ငါးခုရှိသည် ဟုဆိုနိုင်ပါသည်။
(၁) နိုင်ငံတော်ဆိုသည်မှာ အစိုးရသက်သက်သာမက ပြည်သူလူထု သို့မဟုတ် နိုင်ငံသားများပါ ပါဝင်သောကြောင့် ပို၍ကျယ်ပြန့်သောသဘောကို ဆောင်သည်ဟု ဆိုရမည်ဖြစ်သည်။

(၂) နိုင်ငံတော်သည် နိုင်ငံတည်သရွေ့ တည်ရှိမည်ဖြစ်သောကြောင့် ခိုင်မြဲသောသဘောကို ဆောင်ပြီး အစိုးရဆိုသည်မှာ ယာယီသဘောသာဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

(၃) အစိုးရဆိုသည်မှာ နိုင်ငံတော်များက ၎င်း၏တာဝန်ကို ထမ်းဆောင်သော Means ခေါ်နည်းလမ်းတစ်ရပ်သာ ဖြစ်သည်ဟုဆိုနိုင်သည်။

(၄) နိုင်ငံတော်ဆိုသည်မှာ လူပုဂ္ဂိုလ်သဘောမပါသကဲ့သို့ လူပုဂ္ဂိုလ်များနှင့် မပတ်သက်သော်လည်း အစိုးရဆိုသည်မှာ လူပုဂ္ဂိုလ်အရောင်အသွေးများပါရှိတတ်သည်။ တစ်နည်းအားဖြင့် State ခေါ်နိုင်ငံတော်သည် Neutral သဘောကိုဆောင်သော်လည်း Government သည် Neutral မဟုတ်ဟု ဆိုလိုပေသည်။

(၅) နိုင်ငံတော်ဆိုသည်မှာ အနည်းဆုံး သီအိုရီသဘောအရ လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို အမြဲရည်ရွယ်သော သဘောရှိသော်လည်း အစိုးရများသည် ပါတီ၊ အုပ်စုအစွဲများပါရှိတတ်သည်ကို တွေ့နိုင်သည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် ယနေ့ယခုလိုအပ်ချက်မှာ နိုင်ငံတည်ဆောက်ရေးပင်ဖြစ်သည်ဟု ဆိုလျှင် အားလုံးလက်ခံကြမည်ဟု ယူဆပါသည်။ အင်္ဂလိပ်ဘာသာတွင် Nation Bulding နှင့် State Bulding  ဟု နှစ်မျိုးရှိသော်လည်း မြန်မာဘာသာဖြင့် တစ်မျိုးသာရှိသည်ကို တွေ့ရသည်။ အမျိုးသားစည်း လုံးညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသည်များကို တည်ဆောက်ခြင်းသည် Nation Bulding ဖြစ်ပြီး ပီပြင်သောနိုင်ငံတော် (Stateness) အဖြစ် တည်ဆောက်ခြင်းသည် State Bulding ဖြစ်ပါသည်။ Nation Bulding နှင့် State Bulding ပါ နှစ်မျိုးလုံးဖြစ်သည်ဟု ပြောချင်ပါသည်။

ခွန်သရာ;ခံ,
(သီ;သဲင်;)
Powered by Blogger.