Wednesday, December 21, 2016

ပအိုဝ်းလူမျိုးများနှင့် ဘုန်းတော်ကြီးသင် (ပရဟိတ) ပညာရေးကျောင်း ဆက်နွယ်မှု

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်


ပအိုဝ်းလူမျိုးများတို့၏ ပညာရေးသင်ကြားမှုသည် ရှေးနှစ်ပေါင်းများစွာကတည်းက ဘုန်းကြီး (ပရဟိတ)ကျောင်း စာသင်ကျောင်း၌သာ ပညာသင်ယူနေကြရပြီး ယနေ့ထိတိုင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပရဟိတစာသင်ကျောင်းများတွင် ဆက်လက်ကာ ပညာသင်ယူနေကြဆဲဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားလူမျိုးသည် မြန်မာနိုင်ငံအတွင်းသို့ ဘီစီ ၁၂၀၀ ခန့်က မွန်ဂိုးလီးယားမှ ရှမ်း၊ ကရင်တို့ နည်းတူ အုပ်စု(၃)စုခွဲ၍ ဧရာဝတီမြစ်၊ သံလွင်မြစ်နှင့် မဲခေါင်မြစ်ကြောင်းအတိုင်း ဆင်းလာပြီး ဘီစီ ၁၇၀၀ ခန့်က သုဝဏ္ဏဘူမိသထုံနေပြည်တော်ကို တည်ထောင်ခဲ့သော ပအိုဝ်း(ပျူ)လူမျိုးတို့နှင့် ပူးပေါင်းမိကြကာ သုဝဏ္ဏဘူမိမြို့ပြနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။

အေဒီ ၁၀၅၇ ခုနှစ်တွင် ပုဂံပြည့်ရှင်အနော်ရထာမင်းသည် ပိဋကတ်သုံးပုံကို အကြောင်းပြု၍ သုဝဏ္ဏဘူမိနေပြည်တော်ကို လာရောက်တိုက်ခိုက်ရာ သုဝဏ္ဏဘူမိနေပြည်တော်ကြီး ပျက်စီးခဲ့ရုံသာမက ပိဋကတ် သုံးပုံကို ပုဂံပြည်သို့ သယ်ဆောင်သွားသည့်အပြင် မနုဟာဘုရင်မင်းနှင့်မိဖုရား၊ အခြွေအရံများ အပါအဝင် သုဝဏ္ဏဘူမိနေပြည်တော်အတွင်းရှိ ရဟန်းပညာရှိများ၊ ပညာရှိပညာရှင်များနှင့် စစ်သည်ရဲမက်များအား ပုဂံပြည်သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မနုဟာမင်း ပုဂံပြည်သို့ပါတော်မူသည့် ကောဇာသက္ကရာဇ်မှာ ၄၁၉ ခုနှစ်ဖြစ်သည်။

ထို့ကြောင့် သုဝဏ္ဏဘူမိနေပြည်တော်၌ နေထိုင်ကြကုန်သော ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် အေဒီ ၁၁ နှင့် ၁၂ ရာစုခန့်တွင် အချို့သောပအိုဝ်းလူမျိုးများက မူလနေရာတွင် နေခဲ့ကြပြီး အချို့သောပအိုဝ်းလူမျိုးများသည် ဘုရင်မရှိတော့သဖြင့်  အုပ်စု(၉)စုဖွဲ့၍ သုဝဏ္ဏဘူမိနေပြည်တော်ကို စွန့်ခွါသွားကြပြီး ရေကြည်ရာမြက်နုရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ (၉)အုပ်စုအတွင်းမှ (၁)အုပ်စုသည် ပခုက္ကူ အနောက်ဘက်တွင် အခြေချနေထိုင်ခဲ့ကြပြီး (၁) အုပ်စုသည် ရှမ်းပြည်နယ်နှင့် ယိုးဒယားနယ်စပ်ဘက်သို့ ပြောင်းရွေ့နေထိုင်ကြသည်။ (၇)အုပ်စုသည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်က ပအိုဝ်းလူမျိုးတို့သည် ရေကြည်ရာမြက်နုရာသို့ ပြောင်းရွေ့နေထိုင်ကြပါသော်လည်း ပဒေသရာဇ်စနစ်အုပ်ချုပ်မှု လက်အောက်တွင် ဖိနှိပ်မှုဒဏ်ပေါင်းများစွာ ခံခဲ့ကြရပြန်သည်။

ထိုအချိန်က ရှမ်းပြည်နယ်အတွင်းတွင် လားရှိုးနှင့် တောင်ကြီးတို့တွင် စာသင်ကျောင်းဖွင့်လှစ်ပေးခဲ့ ပါသော်လည်း ဇော်ဘွား မျိုးရိုးသားသမီးများကသာ ပညာသင်ကြားခွင့်ရရှိကြပြီး ကျန်တိုင်းရင်းသားများ နှင့် ပအိုဝ်းတိုင်းရင်းသားတို့ ပညာသင်ကြားခွင့်မရရှိခဲ့ကြပေ။ ပအိုဝ်းလူမျိုးတို့သည် ဘုန်းကြီးကျောင်း (ပရဟိတ)ပညာရေးတွင် ပညာသင်ကြားခွင့်ရရှိခဲ့ပါသော်လည်း အပြည့်အဝသင်ကြားခွင့်မရရှိခဲ့ကြပေ။ ဥပမာ- ဂဏန်း(သင်္ချာ)စာကို ၁ မှ ၁၀ အထိသာသင်ကြားခွင့်ရှိပြီး ၁၀ ကိုကျော်လွန်၍ သင်ကြားပေးပါက ၎င်းပုဂ္ဂိုလ်အား ဖမ်းဆီးချုပ်နှောင်အပြစ်ပေးကာ နယ်နှင်ဒဏ်ပေးကြသည်။

အချို့သောပအိုဝ်းလူမျိုးများက ရန်ကုန်မြို့၊ မန္တလေးမြို့ ဘုန်းတော်ကြီးသင် (ပရဟိတ) ပညာရေးကျေင်းများတွင် သွားရောက်၍ ပညာကို ခိုးပြီးသင်ကြားကြရသည့် အဆင့်ထိ ရောက်ရှိခဲ့လာခဲ့ပါသည်။ ယနေ့ခေတ် ပအိုဝ်းဒေသအတွင်း နိုင်ငံတော် အစိုးရက စာသင်ကျောင်းများ လုံလောက်စွာ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေးသောကြောင့် ပအိုဝ်းလူမျိုးများတို့သည် ယနေ့အချိန်ထိ ရန်ကုန်၊ မန္တလေးနှင့် အောက်မြန်မာပြည်မြို့များမှ ဘုန်းတော်ကြီးသင် (ပရဟိတ) ပညာရေးကျေင်းများတွင် နည်းမျိုးစုံဖြင့် ပညာသင်ကြားနေကြဆဲဖြစ်သည်။ ထို့ကြောင့် မြန်မာပြည် အလယ်ပိုင်းနှင့် အောက်ပိုင်းအတွင်းမြို့များရှိ ဘုန်းတော်ကြီးသင် (ပရဟိတ) ပညာရေးကျောင်းများတွင် ပညာသင်ကြားရန် ပအိုဝ်းလူမျိုးများတို့၏ ကျောင်းနေသူဦးရေများပြားရခြင်းဖြစ်သည်။

သို့သော် မြန်မာပြည် အလယ်ပိုင်းနှင့် အောက်ပိုင်းအတွင်းမြို့များရှိ ဘုန်းတော်ကြီးသင် (ပရဟိတ) ပညာရေးကျောင်းများတွင် ပအိုဝ်းလူမျိုးများတို့၏ ကျောင်းသား/သူ ဦးရေအများအပြား သွားရောက် ပညာသင်ယူကြပါသော်လည်း ယေဘုယျအားဖြင့် ရေမြေဒေသနှင့် ရာသီသတု မတူခြင်း၊ ဘာသာစကား ကွဲပြားခြင်း၊ အစားအသောက်နှင့် နေရာထိုင်ခင်း အခက်အခဲများရှိခြင်း စသည်တို့ကြောင့် အချို့သော ကျောင်းသား/သူများသည် အသက်အရွယ်နှင့်မလိုက်အောင် ဖိစီးမှုဒဏ်မြောက်များစွာ ခံကြရပြီး မိမိတို့၏ မွေးရပ်ဒေသသို့ ထွက်ပြေးပြန်လာကြရသည်။ ထို့ကြောင့်  ယနေ့ခေတ်သည် ပအိုဝ်းရဟန်းဆရာတော်များက ၎င်း၏ပြဿနာများကို တစ်စိတ်တစ်ဒေသ ဖြေရှင်းနိုင်ရန် ပအိုဝ်းဒေသတွင်းတွင် ဘုန်းတော်ကြီးသင် (ပရဟိတ) ပညာရေးကျောင်းများ အတန်အသင့် ဖွင့်လှစ်တည်ထောင်လာသည်။ ထိုသို့ ဖွင့်လှစ်နိုင်ခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ဘုန်းတော်ကြီးသင်(ပရဟိတ) ပညာရေးကျောင်းတွင် ကျောင်းနေသူဦးရေ များသည်ထက်ပိုများလာသည်ကို တွေ့လာရသည်။

အဘယ်ကြောင့်ဆိုသော် ပညာသင်ကျောင်းသား/သူများ၏ ဖိစီးမှုဒဏ်အမျိုးမျိုးမှ အတန်အသင့် ကင်းလွတ်နိုင်ရန်နှင့် မိဘများ၏ ပညာရေးစရိတ် ငွေကုန်ကြေးကျမှု သက်သာလာအောင် စသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးကြောင့် အားကိုးအားထားထိုက်သော မိမိတို့ ဒေသတွင်းရှိ ဘုန်းတော်ကြီးသင် (ပရဟိတ)ပညာရေးကျောင်းတို့တွင် ပညာသင်ယူကြစေလိုခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိပအိုဝ်း လူမျိုးတို့၏ အနာဂါတ်မျိုးဆက်သစ်များ ပညာရေးကို အဆင်ပြေချောမွေ့စွာ ဆက်လက်သင်ကြားနိုင်ရန် ပအိုဝ်းဒေသတွင်းတွင် ဘုန်းတော်ကြီးသင်(ပရဟိတ)ပညာရေးကျောင်း မြောက်များစွာဖွင့်လှစ်ရန်လိုအပ် သကဲ့သို့ ဒေသတွင်းရှိ တာဝန်ရှိပုဂ္ဂိုလ်လူကြီးမင်းများ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ ပရဟိတ စိတ်ဓါတ်အပြည့်အဝရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးမည်ဆိုပါက မိမိတို့၏လူမျိုး အနာဂါတ်ပညာရေးသည် ပို၍ထွန်းလင်းတောက်ပလာလိမ့်မည်ဟု ယုံကြည်မိပါသည်။

ယနေ့ခေတ်ပအိုဝ်းလူမျိုးတို့သည် များသောအားဖြင့် မိမိတို့၏ စိုက်ပျိုးရေး၊ စီးပွားရေး ကြပ်တည်း နေကြပါသော်လည်း မိမိတို့၏ အနာဂါတ်မျိုးဆက်သစ်များအား ပညာတတ်များဖြစ်စေလိုသည့် ဆန္ဒဇော ကြောင့် မူလတန်းပညာရေးအဆင့် ကျောင်းနေအရွယ်ကအစ ဘုန်းတော်ကြီးသင်(ပရဟိတ)ပညာရေး ကျောင်းများသို့ ပညာသင်ယူစေကြသည်ကို စိတ်မကောင်းဖွယ် ကြားသိတွေ့မြင်ရပါသည်။

ထို့ကြောင့် ပအိုဝ်းလူမျိုးများတို့သည် ဘုန်းတော်ကြီးသင်(ပရဟိတ)ပညာရေးကျောင်း၌ ပညာသင်ကြားရာတွင် အစဉ်အလာတစ်ခုသဖွယ်ဖြစ်လာပြီး ယနေ့ခေတ်တိုင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုန်းကြီးသင်(ပရဟိတ)ပညာရေးကျောင်းများတွင် ကျောင်းနေသူဦးရေများစွာဖြင့် ဆက်လက်၍ ပညာသင်ကြားနေကြဆဲပင်ဖြစ်သည်။

ခွန်အာခမ်း
(ခမ်းစန္တာ;ဟေ့,)

Powered by Blogger.