တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်
ငယ်စဉ်ကတည်းက ဗုဒ္ဓ၏ အဆုံးအမ၊ ဆရာတော်ကြီးများ၏အဆုံးအမ၊ မိဘများ၏အဆုံးအမ၊ ဆရာသမားများ၏အဆုံးအမနှင့် စာပေ၏ အဆုံးအမများကို ကောင်းစွာ သတိထားမိပြီး၊ အလုံးစုံမဟုတ်သည့်တိုင် ရသမျှ လိုက်ပါနိုင်အောင် ကြိုးစားခဲ့ပါသည်။ အထူးသဖြင့် တစ်ဆင့်မှ တစ်ဆင့်နည်းဖြင့် အတော်များများ၏ အဆုံးအမတို့သည်စာပေထဲသို့ ရောက်လာတတ်သည်ဖြစ်ရာ အရွယ်ရောက်လာသောအခါ အလွယ်တကူ လက်လှမ်းမီသော စာပေတို့နှင့်သာ အမြဲထိတွေ့ဖြစ်ခဲ့သည်။
စာပေကိုချစ်မြတ်နိုးသော်လည်း အမြဲဖတ်နိုင်သည့် အခွင့်အရေးမရခဲ့၊ အလုပ်သဘောအရ email, Facebook, Internet ကို အမြဲထိတွေ့အသုံးပြုရသည်ဖြစ်၍ မကြာခဏ အဆုံးအမစကားများ ပါလာတတ်သော facebook ကို တစ်နေ့တစ်ကြိမ်မျှလောက်တော့ ကြည့်ဖြစ်သည်။ စာအုပ်များများမဖတ်နိုင်သူအတွက် facebook ကအသုံးတည့်၏။ facebookတွင် သတင်းစုံပါသလို လူတို့၏ ဒေါသ၊ မောဟ ခံစားချက်များကိုလည်း အချိန်တိုကလေးတစ်ခုအတွင်း ရသစုံကို ရရှိနိုင်သောနေရာဖြစ်ပါသည်။ ဘော့စတွန်တွင် ဗုံးကွဲသည်ကို မိနစ်ပိုင်းအတွင်း facebookတွင် တွေ့ရသလို၊ မြန်မာနိုင်ငံအပေါ် EU မှ အရေးယူပိတ်ဆို့မှုများ လုံးဝဖယ်ရှားပေးလိုက်သည့် သတင်းကို လည်း မိနစ်ပိုင်းအတွင်း ဖတ်ရှုနိုင်သည်။ facebook သည် သတင်းစုံတို့ကို ရရှိနိုင်သော နေရာဖြစ်သလို ၊ facebook သည် လူတို့၏ ခံစားမှုကို ဖွင့်ထုတ်ချပြရာ နေရာလည်းဖြစ်သည်။ facebook သည်ကောင်းသော မျှဝေခြင်းတို့ကို ပေးဆပ်ရာနေရာဖြစ်သလို၊ တလွဲအသုံးချ၍ သတင်းဖြန့်ချီရာ၊ နှိုးဆွရာနေရာ လည်းဖြစ်သည်၊ အကောင်းများကို ယူတတ်ရန်နှင့် အဆိုးများကို ဖယ်တတ်ရန်သာဖြစ်သည်။
အရည်အသွေးများမြှင့်တင်ကြရာတွင် စီမံခန့်ခွဲရေးပညာရပ်၌ Capacity Building ဟူသော၊ အရည်အသွေးမြှင့်တင်ခြင်းကို အခြေခံအဖြစ် သင်ကြားပေးသည်၊ အချိန်၊ လူ၊ ငွေကြေး၊ ပစ္စည်းများအပေါ် စီမံခန့်ခွဲမှုပြုလုပ်ခြင်းမှအစ အဖွဲ့အစည်းများအပေါ် စီမံခန့်ခွဲမှုအလယ်၊ နောက်ဆုံး နိုင်ငံအဆင့် မဟာဗျူဟာများအဆုံး လေးနက်သော စီမံခန့်ခွဲမှု ပညာများပါဝင်ပါသည်။ အားလုံးတို့တွင် အခြေခံအကျဆုံးမှာ တစ်ဦးချင်းစီတွင် မှန်ကန်သော ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းများ ပိုင်ဆိုင်ကြရန်ဖြစ်သည်။ အချို့ စီမံခန့်ခွဲရေးဆိုင်ရာ စကားလုံးကြီးကြီးကျယ်ကျယ်သာ ပြောနေကြသော်လည်း ချိန်းဆိုထားသည့်အချိန်တွင် ရောက်မလာနိုင်ကြပေ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဟူသည့် သဘောဖြစ်သည်။ ကိုယ်ပြောသော စီမံခန့်ခွဲမှု၊ ကိုယ်သင်ပေးသော စီမံခန့်ခွဲမှုကို ကိုယ်ကပြန်၍ အသုံးမချနိုင်ခြင်းသည် စီမံခန့်ခွဲမှုပညာကို ကျက်မှတ်သင်ကြားပြောဆို သင်ကြားနေသူ တစ်ဦးမျှသားဖြစ်ပြီး၊ အမှန်တကယ် သဘောသဘာဝကို ရရှိသူတစ်ဦး မဟုတ်ပါချေ။ သဘောတရားကို အမှတ်တကယ်ရရှိ ပါက လိုက်နာကျင့်သုံးနိုင်ရမည်ဖြစ်သည်။
ဆေးလိပ်၏ ဆိုးကျိုးကို ထောက်ပြပြီး၊ လူနာကို ဆေးလိပ်မသောက်ရန် အကြံပေးသော ဆရာဝန်ကိုယ်တိုင်က နေ့စဉ်ဆးလိပ် တစ်ဘူးမျှ သောက်သုံးနေလျှင် ထိုဆရာဝန်ကို မည်သို့ရှုမြင်ရပါမည်နည်း၊ “ပညာရှိ” ခြင်းနှင့် “ပညာတတ်” ခြင်းဖြစ်သည်။ ဆင်တူသလိုနှင့် ကွဲပြားခြားနားမှု ကြီးစွာရှိနေပါသည်၊ သဏ္ဍာန်အားဖြင့် တူနိုင်သော်လည်း အနှစ်သာရအားဖြင့် များစွာခြားနားလှပါသည်။ ပညာတတ်တိုင်း သင်ကြားခဲ့သော ပညာရပ်အပေါ် လိုက်နာကျင့်သုံးနိုင်ခြင်း မရှိခဲ့လျှင်၊ ကိုယ်ပိုင်ပစ္စည်း တစ်ခုကဲ့သို့ မကျင့်သုံးနိုင်ခဲ့လျှင် ပညာရှိဖြစ်မည် မဟုတ်ပါ။
ရှေးအခါက ကျော်ကြားခဲ့သော မဟော်သဓာသည် ယနေ့ လူတိုင်းတန်ဖိုးထားသော Ph.D ကို ရရှိသူ မဟုတ်ပါ။ ယနေ့ ပါရဂူများကို ပညာတတ်အဖြစ် လက်ခံခဲ့ကြသော်လည်း ထိုအရေအတွက်များစွာ သော Ph.D များထဲမှ အလွန်နည်းပါးလှသော အရေအတွက်မျှသည်သာ ပညာရှိအဖြစ် ထွက်ပေါ်လာနိုင် ခဲ့ကြသည်ကို သတိပြုမိကြလျှင် ပညာရှိနှင့် ပညာတတ်ကို ကောင်းစွာ ခွဲခြားနိုင်စွမ်းရှိမည်ဟု ယူဆသည်။ မဟော်သဓာခေတ်က ပါရဂူဘွဲ့မရခဲ့သော်လည်း မဟော်သဓာကို ပညာရှိအဖြစ် အားလုံးကသတ်မှတ် ခဲ့ကြပါ၏။ ပညာရှိတိုင်း အမှား၊ အမှန်ကို ဆုံးဖြတ်နိုင်သူများဖြစ်ပြီး၊ ပညာတတ်များသည် အမှန်၊ အမှားကို ဆုံးဖြတ်နိုင်ကြသူများဖြစ်သည်။ အခြေခံဖြစ်သော မှန်ခြင်း၊ မှားခြင်းကို မျှပင်မခွဲခြားနိုင်လျှင် ထိုသူ၏အနာဂတ်သည် ကောင်းစွာ အာမခံချက်ရှိသည်ဟု ဆိုနိုင်မည်မဟုတ်ချေ။
ထို့အတူ “ခွင့်လွှတ်ခြင်း” သည် တုံ့ပြန်မှု မပြခြင်းသာဖြစ်၍ အညံ့ခံအရှုံးပေးခြင်းမဟုတ်ပါ။ “အညံ့ခံခြင်း” မှာ ဒူးထောက်အရှုံးပေးခြင်းသာဖြစ်၍ အနှစ်သာရအားဖြင့် များစွာကွာခြားလှပါသည်။ အင်အားနည်းပါးသူက အညံ့ခံနိုင်ပါသည်။ ခွင့်လွှတ်ခြင်းမမည်ပါ။ အင်းအားကြီးသူအနေဖြင့် အင်အားနည်းသူအပေါ် ခွင့်လွှတ်နိုင်ပါသည်။ ခွင့်လွှတ်ခြင်းတွင် အင်အားကြီးခြင်း၊ ငယ်ခြင်းနှင့် များစွာမသက်ဆိုင်သ်ာလည်း၊ အညံ့ခံခြင်းတွင် အင်အားအနည်းအများ အားမတန်၍ မာန်လျော့သည့် သဘာဝများ ပါဝင်နေတတ်ပါ၏။ “သည်းခံခွင့်လွှတ်ခြင်း” နှင့် “လူညံ့ဖြစ်ခြင်းအတွက် နိုင်ငံတကာအမြင်များ” အပေါ် အတော်ပင် စိတ်မသက်မသာ ဖြစ်ခဲ့ရပါသည်။ သည်းခံခြင်းသည် ခွင့်လွှတ်ခြင်းမျှသာဖြစ်သည်၊ အညံ့ခံခြင်းမျိုး မဟုတ်သည်ကို သိထားရန်လိုပါသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့် စသည့် အရာများရှိနေပါသည်။ ဘာသာရေးအဆောက်အဦးသည် အရေအတွက်အားဖြင့် (၂၇၀၀)ကျော်ခန့် ရှိနေပါသည်။ မည်မျှသော နိုင်ငံများ စုပေါင်းထားသည်ဖြစ်စေ၊ နိုင်ငံတိုင်းတွင် အချုပ်အခြာအာဏာ ဟူသည်ရှိပြီး ဖြစ်ပါသည်။ ဤအရာကို ကျော်လွန်၍ ဆောင်ရွက်ခွင့်မရပါ။ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဆိုသည်မှာလည်း အတိုင်းအတာတစ်ခုအတွင်း၌သာ ရှိတတ်ပါသည်။ ထို့ထက်လွန်လျှင် မည်သို့သောနိုင်ငံများမှ လက်ပိုက်ကြည့်ကြမည်မဟုတ်ကြပါ။ သည်းခံခြင်းသည် ခွင့်လွှတ်ခြင်းမျှသာဖြစ်သည်။ သည်းခံခြင်းကို အညံ့ခံခြင်းသို့အဓိပ္ပာယ် ဖွင့်ဆိုမှုမမှားရန် ဖြစ်ပါသည်။ မျှတစွာ တွေးခေါ်တတ်ရန်နှင့် မှန်ကန်စွာစဉ်းစားတတ်ရန်သာဖြစ်ပါသည်။
ကိုးကား - ဒေါက်တာနေဇင်လတ်
နင်; စင်ဗွာ
Like On Facebook
Follow On Twitter
Subscribe On RSS