Thursday, January 12, 2017

(၁၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အောင်မြင်စွာကျင်းပပြီးဆုံး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၃) ရက်












အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့နယ်(ခွဲ)၊ နောင်ကားကျေးရွာရှိ နောင်ကားဘောလုံးကွင်းကြီးတွင် (၁၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်မှ ဦးစီးကျင်းပသော (၁၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ၂၀၁၇၊ ဇန်န၀ါရီ(၁၂)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဇန်န၀ါရီ(၁၂)ရက်နေ့ မနက်ပိုင်းတွင် လူသစ်တန်း (အငယ်တန်း)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအနေဖြင့် ထီတခုအသင်းနှင့်သလယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သလယ်အသင်းက တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့ကာ နေ့လည်ပိုင်းအချိန်တွင် ရှမ်းဂီတဘောလုံးအသင်းနှင့် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် Old Star အသင်းတို့ ချစ်ကြည်ရေးပွဲများအဖြစ် ယှဉ်ပြိုင်ခဲ့ကြပြီး တစ်ဂိုးစီဖြင့် သရေကျခဲ့ပါသည်။ ဆက်လက်ပြီးရှမ်းဂီတ ဘောလုံးအသင်းနှင့် ဆီဆိုင်မြို့နယ် ပအိုဝ်းအနုပညာရှင်များ ဘောလုံးအသင်းတို့ ချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ရှမ်းဂီတဘောလုံးအသင်းက ပအိုဝ်းအနုပညာရှင်ဘောလုံးအသင်းကို နှစ်ဂိုး -တစ်ဂိုးဖြင့် အနိုင်ရခဲ့ပါသည်။

အလွတ်တန်း(အကြီးတန်း)အဆင့် ဗိုလ်လုပွဲအနေဖြင့် ကျောက်တလုံးကြီးအသင်း နှင့်ပင်းတယ(ဓနုလူငယ်)အသင်းတို့ ယှဉ်ပြိုင်ကြရာ ကျောက်တလုံးကြီးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါသည်။  ဒီနှစ် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဘောလုံးပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းနှင့် ဘော်ဘီဘောပြိုင်ပွဲများပါ ထားရှိရာ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲအနေဖြင့် မြေနီကုန်း(ခ)အသင်းနှင့်ပျံလွားအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြေနီကုန်းအသင်းက အနိုင်ရရှိခဲ့ပါသည်။ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအနေဖြင့် ကန်တော်ကြီးဘော်လီဘောအသင်းနှင့် ပအိုဝ်းပေးဘော်လီဘော အသင်းတို့ ယှဉ်ပြိုင်ကြရာ ကန်တော်ကြီးဘော်လီဘောအသင်းက (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

လူသစ်တန်း(အငယ်တန်း) အဆင့် ပထမရရှိသော သလယ်ဘောလုံးအသင်းအား ဆုတော်ငွေစုစုပေါင်း (၂၁၅၀၀၀၀)ကျပ် ချီးမြှင့်ကာ ဒုတိယရရှိသော ထီတခုအသင်းအား ဆုတော်ငွေ စုစုပေါင်း(၁၄)သိန်း ချီးမြှင့်ခဲ့ပါသည်။ အလွတ်တန်း(အကြီးတန်း) တွင် ပထမရရှိသော ကျောက်တလုံးကြီး ဘောလုံးအသင်းအား ဆုတော်ငွေစုစုပေါင်း (၂၆)သိန်း ချီးမြှင့်ခဲ့ပြီး အငယ်တန်းအဆင့် ယှဉ်ပြိုင်ကြသော အသင်းများအနက် နေရာအလိုက် အကောင်းဆုံးဆုရှင်များမှာ ဂိုးအကောင်းဆုံးဆုအဖြစ် ထီတခုအသင်းမှ ခွန်ငဲပေါက်၊ နောက်တန်းအကောင်းဆုံးဆုအဖြစ် နောင်ကား(က)အသင်းမှ ခွန်အောင်မျတ်၊ အလယ်တန်းအကောင်းဆုံးဆုအဖြစ် ထီတခုအသင်းမှ ခွန်ချစ်လွင်၊ ရှေ့တန်းအကောင်းဆုံးဆုအဖြစ် မင်္ဂလာအသင်းမှ ခွန်အောင်လတို့ဖြစ်ပြီး ပွဲစဉ်တစ်လျှောက် သွင်းဂိုးအများဆုံးဆုမှာ (၆)ဂိုးအထိ သွင်းယူထားသည့် ဖါမွန်းလူငယ်မှ ခွန်သန်းဝင်းက ရရှိပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမား ဆုကိုမူ သလယ်အသင်းမှ ခွန်အောင်ကျော်က ရရှိခဲ့ပါသည်။

အကြီးတန်းပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကြသောအသင်းများအနက် နေရာအလိုက် အကောင်းဆုံးဆုများမှာ ဂိုးအကောင်းဆုံးဆုကို ပင်းတယအသင်းမှ ဂိုးသမား ဇာနီလင်း၊ နောက်တန်းအကောင်းဆုံးဆုကို ကျောက်တလုံးကြီးအသင်းမှ ဇော်ထက်၊ အလယ်တန်းအကောင်းဆုံးဆုကို ကျောက်တစ်လုံးကြီးအသင်းမှ ခွန်လှဗွေ၊ ရှေ့တန်းအကောင်းဆုံးဆုကို ပင်းတယအသင်းမှ ဝေယံ အသီးသီး ရရှိခဲ့ကြပါသည်။ ပွဲစဉ်တစ်လျှောက် သွင်းဂိုးအများဆုံးဆုကို နောင်တရားအသင်းမှ (၇)ဂိုးသွင်းယူထားသည့် ခွန်ကျော်သိုက်က ရရှိပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုမူ ကျောက်တလုံးကြီးအသင်းမှ ခွန်ရဲထွဋ်က ရရှိခဲ့ပါသည်။

အငယ်တန်း အသန့်ရှင်းဆုံး ဘောလုံးအသင်းဆုကို ထီတခုအသင်းက ရရှိပြီး အကြီးတန်းတွင်မူ ပင်းတယအသင်းက ရရှိခဲ့ကြပါသည်။

ဘော်လီဘောပြိုင်ပွဲတွင် ပထမရရှိသည့် ကန်တော်ကြီးဘော်လီဘောအသင်းအား ဆုတော်ငွေ (၅)သိန်းကျပ်၊ ဒုတိယရရှိသည့် ပအိုဝ်းပေးဘော်လီဘောအသင်းအား ဆုတော်ငွေ(၃)သိန်းကျပ်ဖြင့်၎င်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမရရှိသည့် မြေနီကုန်း(ခ)အသင်းအား ကျပ်(၂)သိန်း၊ ဒုတိယရရှိသည့် ပျံလွားအသင်းအား ကျပ်(၁)သိန်းဖြင့်၎င်း အသီးသီး ချီးမြှင့်ခဲ့ပါသည်။

(၁၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲတွင် ဘောလုံးအသင်းပေါင်း (၉၆)သင်း ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် အသင်းအများဆုံး ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲလည်းဖြစ်သည်။ နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ CEO ဦးဘုန်းနိုင်ဇော်နှင့် တက်လမ်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်၊ ရှမ်းပြည်နယ်၊ ခရိုင် ကျန်းမာရေးနှင့်အားကစားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးမာ၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့ချုပ် (PWO)စသည့် လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော မီဒီယာများ၊ ရှမ်းယူနိုက်တက်အသင်းမှ နည်းပြနှင့်အဖွဲ့ဝင်များ၊ လေးဖက်လေးတန် ပြည်သူပရိသတ် အများအပြား ကွင်းပြည့်လျှံကာ လာရောက် အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.