Tuesday, January 10, 2017

ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု ပအိုဝ်းလူငယ်ကွန်ယက်(PYN) တွေ့ဆုံပွဲနှင့် ပညာပေးဟောပြောပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်






၂၀၁၇ ခုနှစ်၊ ဇန်နာဝါရီလ (၁၀) ရက်နေ့တွင် ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု ပအိုဝ်းလူငယ်ကွန်ယက် (PYN) တွေ့ဆုံပွဲနှင့် ပညာပေးဟောပြောပွဲကို နန်းတိုင်းကျေးရွာအုပ်စု ဘော်နန်းကုန်းဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်၊ ပအိုဝ်းအမျိုးသမီးပညာရေးဖောင်းဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်သန်းနွဲ့၊ ကလောမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံလူငယ်များတက်ရောက်ကြပါသည်။  ပအိုဝ်းလူငယ်ကွန်ယက် (PYN) တွေ့ဆုံပွဲနှင့် ပညာပေးဟောပြောပွဲသို့တက်ရောက်လာသူ (၇၀၀)ကျော်ရှိကြောင်းသိရှိရပါသည်။
ဟောပြောတွင် ပထမဦးစွာ ဘော်နန်းကုန်း ဆရာတော်ဘုရားကြီးအား ကန်တော့ပြီး နန်းတိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားကာ ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဥက္ကဋ္ဌ  ဦးခွန်အောင်ကျော်မှ ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဖွဲ့စည်းရသောအကြောင်းရင်းနှင့် ပအိုဝ်းဒေသ၏ ကောင်းမွန်သော ဓလေ့ကောင်းများကို ထိန်းသိမ်းရန်နှင့် လူငယ်အခန်း ကဏ္ဍအရေးကြီးကြောင်းကို အကျယ်တ၀င့် ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် ပအိုဝ်းအမျိုးသမီးပညာရေးဖောင်းဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်သန်းနွဲ့က လူငယ်များအလုပ်အကိုင်ရရှိရေးနှင့် မိမိဒေသထွက်ကုန်များကို စုပေါင်းသော စနစ်ဖြင့် တန်းဖိုးမြင့်ထုတ်ကုန်များ ဖြစ်လာအောင်လုပ်ဆောင်ရန်နှင့် စွန့်ဦးတီထွင်လုပ်ငန်းများ စဉ်းစား လုပ်ကိုင်တတ်အောင် ကြိုးစားအားထုတ်ရမည်ဟု ပြောကြားခဲ့ပါသည်။
ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်မှ ပအိုဝ်းလူငယ်ကွန်ယက်(PYN) လုပ်ဆောင်နေသော လုပ်ငန်းဆောင်ရွက်ချက်များကို အကျဉ်းချုပ်ပြောကြားရာတွင် ပအိုဝ်းလူငယ်ကွန်ယက် (PYN) နှင့် TLMM အဖွဲ့တို့နှင့် ပူးပေါင်းကာ ပအိုဝ်းဒေသအတွင်းရှိဒူးအောက်ပိုင်းခြေတုလိုအပ်နေသူများကို အခမဲ့ဖြစ် ခြေတုလိုအပ်သူစုစုပေါင်း (၅၇) ကိုလုပ်ဆောင်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒ ရေးဆွဲရေးညီလာခံတွင် တက်ရောက်ဆွေးနွေးခြင်း၊ ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကိုပူးပေါင်းဆောင်ရွက်ခြင်း၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ကလောမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးခွန်သူတော်မှ စာပေ၏ အရေးကြီးပုံနှင့် ရိုးရာ ယဉ်ကျေးမှုအသုံးဝင်သည့်အကြောင်းများကို ပြောကြားခဲ့ပါသည်။ နောက်ဆုံးအနေဖြင့် ကလောမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက်(PYN) ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။

ခွန်ခမ်းနောဝ်


Powered by Blogger.