Saturday, February 11, 2017

ပအိုဝ်းအမျိုးသားနေ့ပွဲတော် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်










(၆၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ (အ.ထ.က) ပန်သခွာဘင်ခရာအဖွဲ့နှင့် ပြိုင်ပွဲဝင် ဘောလုံးအသင်း များက ကွင်းထဲသို့ နေရာယူပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံတော်များ ကို အလေးပြုကာ ပြိုင်ပွဲဝင် အားကစားသမားများ သစ္စာဓိဌာန်ရွတ်ဆိုခဲ့ကြပါသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားနေ့ပွဲတော် ဘောလုံးပြိုင်ပွဲကျင်းပရေးဥက္ကဌ ဖြားခွန်ဝင်းကိုက အမှာစကား ပြောကြားရာတွင် ယခုလို ပအိုဝ်းအမျိုးသားနေ့ ဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ပေးကြသော ဘောလုံး အသင်းများ၊ မြန်မာနိုင်ငံမှ ဒိုင်လူကြီးများ၊ အ.ထ.က ပန်သခွာမှဘင်ခရာအဖွဲ့များကို ပအိုဝ်းအမျိုးသားနေ့ပွဲတော် ကျင်းပရေးကော်မတီက အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို နှစ်စဉ် ကျင်းပလာရာတွင် မိမိလူမျိုးအတွက် လိုရာဆွဲပြီး ကျင်းပလာခြင်းမဟုတ်ဘဲ မိမိဒေသနှင့် မိမိတို့နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဖက်တစ်လှမ်းမှ ပံ့ပိုးဆောင်ရွက်နေသည် ဖြစ်ကြောင်း၊ ယခုလို နယ်ပေါင်းစုံမှ ဘောလုံးအသင်းပေါင်း(၁၀၇)သင်းနှင့် အားကစားသမားပေါင်း(၂၀၀၀)ကျော်က လာရောက် ယှဉ်ပြိုင်ပေးသွားမည့်အတွက် ဘောလုံးပြိုင်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခွင့်ရသောကြောင့် အားရကျေနပ်မိပါကြောင်း၊ ပြိုင်ပွဲကို မြန်မာနိုင်ငံဒိုင်လူကြီးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများနှင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဘောလုံးပညာသည် ကမ္ဘာ့အဆင့်မီရန်အတွက် အရှေ့တောင်အာရှမှာပင် အလူးအလဲ ရုန်းကန်နေရကြောင်း၊ ထို့ကြောင့် ပအိုဝ်းအမျိုးသားနေ့ ဘောလုံးပြိုင်ပွဲက မြန်မာနိုင်ငံဘောလုံး လောကအတွက် အုတ်တစ်ချက်၊ သဲတစ်ပွင့် တွန်းအားပေးသွားမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကြီးကို ဘောလုံးပွဲ “စလယ်ဆုံး” ဘေးမသီ ရန်မခဘဲ အနှစ်သာရပြည့်ပြည့် စည်စည်ကားကားအောင်မြင်အောင် ၀ိုင်းကူးကူညီပေးရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပအိုဝ်းအမျိုးသားတပ်မတော် PNA-အသွင်းပြောင်းပြည်သူ့စစ်ဌာနေ တွဲဖက်ကွပ်ကဲ ရေးမှူး(၁)၊ ပအိုဝ်းအမျိုးသားနေ့ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးအောင်သန်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာနေရှင်နယ်လိပ် ဦးမောင်ဖုန်းတို့က ပြိုင်ပွဲဝင်အသင်းများအား ဘောလုံး စည်းမျဉ်းစည်ကမ်း၊ အားကစားစိတ်ဓာတ်နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ ကွင်း အတွင်းမှ ပြန်လည်ထွက်ခွာပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ပအိုဝ်းအမျိုးသားနေ့ပွဲဘောလုံးပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် အငယ်တန်း ဘောလုံး အသင်းပေါင်း(၁၀၇)သင်းရှိပြီး အရင်နှစ်တွင် အငယ်တန်းအသင်းပေါင်း(၉၀)ရှိကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.