Wednesday, February 22, 2017

ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်














ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ လမ်းညွန်မှုအရ ပအိုဝ်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ဖေဖော်ဝါရီလ (၁၆)ရက်မှ (၂၀)ရက်နေ့အထိ (၅)ရက် တိုင်တိုင် အောင်မြင်စွာပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီ၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ရှမ်းပြည်နယ် လွှတ်တော် ဒု-ဥက္ကဌ သီရိပျံချီ စ၀်အောင်မြတ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဌ ဦးသိန်းဇော်၊ UPDJC အတွင်းရေးမှူးအဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင် မှ ဦးခင်ဇော်ဦး၊ ရှမ်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က တက်ရောက်အမှာ စကားပြောကြားပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နယ်စပ်ဒေသရှိ လူထုကိုယ်စားလှယ်များနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရှမ်းပြည်နယ်လူမျိုး ပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ CSO အဖွဲ့အစည်းများ၊ မီဒီယာသများ စုစုပေါင်း လူဦးရေ(၇၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
ထိုဆွေးနွေးပွဲတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက “အသီးတစ်ရာ အညှာတစ်ခု” ဟူသော ဆိုရိုးစကားနှင့်အညီ ပင်စည်နှင့်တူသော ပြည်ထောင်စုကြီးက အားအင်ကောင်းမှ သာလျှင် အသီးအပွင့်များဝေဆာပြီး မိမိတို့ နိုင်ငံလည်း သာယာဝပြော ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်ထောင်စုကြီး ပိုမိုတိုးတက်စေရန်အတွက် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ဟန်ချက်ညီညီ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို အားကိုးခြင်းသည် မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိလူမျိုး တိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်၍ အခု မိမိတို့ ပအိုဝ်းလူမျိုးသည်လည်း မိမိတို့လူမျိုးအတွက်တင်မဟုတ်ဘဲ နိုင်ငံတိုးတက်ရန်အတွက် တတ်နိုင်သည့်ဘက်တွင် လုပ်ဆောင်ပေး လျက်ရှိနေပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိတို့၏ လူမျိုးအစွဲ၊ ဒေသအစွဲများကို တတ်နိုင်သမျှလျော့၍ ပြည်ထောင်စုစိတ်ဓာတ် များများမွေးမြူရန် လိုအပ်ပါကြောင်း၊ မိမိတို့ ပအိုဝ်းလူမျိုးများသည် နိုင်ငံ့ဝန်ထမ်း များများထမ်းဆောင် စေလိုကြောင်း၊ မိမိတို့ ပအိုဝ်းလူမျိုးများသည် ပြည်ထောင်စုသား ဖြစ်သည့်အတွက် ယခုဆိုလျှင် နိုင်ငံတော်က ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခြဲု့ပီးဖြစ်ကြောင်း၊ သတ်မှတ်ခြင်းမခံရသော ကျန်ရှိသည့်ဒေသများကို  မိမိတို့တွင် ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးအား စောင့်ရှောက်ရမည့် တာဝန်အစဉ်အလာရှိ၍ မိမိတို့အနေနှင့် ဆက်လက်စောင့်ရှောက်ပေး ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတိုးတက်အောင် နိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး ဘုရားပေးသောလက်နှင့် မေတ္တာတရားရှေ့ထားပြီး အပြန်အလှန်ဝိုင်းဝန်း ကူညီရမည်ဖြစ်ကြောင်း။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က့ မြန်မာနိုင်ငံသည် လွတ်လပ်ရေးကို ရရှိခဲ့သော်လည်း လွတ်လပ်ခြင်း၏ အသီးအပွင့်ကို ပြည့်ဝစွာမခံစားခဲ့ရကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည်  ပြည်တွင်းစစ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရနေခဲ့ရကြောင့်၊ ထို့ကြောင့် နိုင်ငံပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ကြောင်း၊ မိမိတို့တွင် အလိုအပ်ဆုံးအရာနှင့် တန်ဖိုးအရှိအဆိုးအရာမှာ ငြိမ်းချမ်းရေးသာ ဖြစ်ကြောင်း၊ ဤကဲ့သို့ ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်သောကြောင့် များစွာဂုဏ်ယူမိပါကြောင်း၊ မိမိတို့ ဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များကို မကြာခင်တွင် ပြုလုပ်မိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁-ရာစုပင်လုံ ညီလာခံ)တွင် ဆွေးနွေးခွင့်ရတော့မည် ဖြစ်ကြောင်း၊ မိမိပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးသည် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးတို့အတွက် များစွာအထောက်အကူပြုသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်သည်ဟု ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းကလည်း ပအိုဝ်းဒေသသည် အေးချမ်းတည်ငြိမ်မှုရှိပြီး စဉ်ဆက်မပြက် ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်ကို မြင်တွေ့နေရပါကြောင်း၊ ပအိုဝ်း ခေါင်းဆောင်ကြီးများ၏ လမ်းပြမှုကောင်းမွန်မှုကြောင့် ပအိုဝ်းဒေသတွင် ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး စသဖြင့် အဖက်ဖက်မှ တိုးတက်လာသည်ကို မြင်တွေ့နေရကြောင်း၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)သည် (NCA)လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်း မတွေ့ရ၍ ဤသည်မှာ NCA စာချုပ်ကို လိုက်နာကျင့်သုံးသည်ကို မြင်တွေ့နေရကြောင်း၊ ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးရာတွင် မိမိလူမျိုး၏ ရူထောင့်ကိုသာ မကြည့်ဘဲ အခြားတိုင်းရင်းသားများ အတွက်ရော နိုင်ငံ့ရှုထောင့်ပါ ကြည့်သင့်ကြောင်း၊ အခုဆွေးနွေးပွဲသည် မိမိလူမျိုးသာမက ရှမ်းပြည်နယ်ရော ပြည်ထောင်စုအတွက်ပါ ရလဒ်ကောင်းများ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဌ ဦးသိန်းဇော်မှ လာရောက် အမှာစကားပြောကြားရာတွင် မိမိတို့ မြန်မာနိုင်ငံသည် ပဋိပက္ခများနှင့် နှစ်ပေါင်း(၇၀)ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ ပဋိပက္ခကို လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းသွားနေသရွေ့ ငြိမ်းချမ်းရေးရရှိနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ NCA လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ကြောင်း၊ NCAတွင် အဓိက နှစ်ချက်မှာ ခိုင်မာသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့် နိုင်ငံရေးနည်းဖြင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းရေးတို့ပင် ဖြစ်ပါကြောင်း၊ NCA သဘောတူစာချုပ်သည် ငြိမ်းချမ်းရေး ပန်းတိုင်မဟုတ်သေးဘဲ ငြိမ်းချမ်းရေး တံခါးဝအဆင့်မှာပင် ရှိနေသေးကြောင်း၊ ယခုဆွေးနွေးပွဲရလဒ်များသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံဖြစ်သော ဒို့တာဝန် အရေး(၃)ပါးကို အထောက်အကူပြုပါစေကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် မိမိတို့ပအိုဝ်းလူမျိုးအတွက်ရော ပြည်ထောင်စုအတွက်ပါ မျှမျှတတ ဆွေးနွေးနိုင်ကြပါ စေကြောင်း။    ။
ထို့ပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်ကလည်း ယခုပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည် သမိုင်းတွင် ကျန်ရစ်မည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ အနာဂတ်တွင် တည်ထောင်မည့် ဒီမိုကရေစီဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားလူမျိုးများ ရရှိသင့် ရရှိထိုက်သော အခွင့်အရေးများ ရရှိနိုင်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်တိုးတက်ရန်အတွက် တိုင်းရင်းသားများအချင်းချင်း စည်းလုံးညညီညွတ်ရမည်ဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း သွေးကွဲသည့်နေ့သည် နိုင်ငံချောက်ကျသည့်နေ့ပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်ဆောက်ရာတွင် ဖွံ့ဖြိုးမှုတစ်ခုတည်းပင် မဟုတ်ဘဲ ဘက်ပေါင်းစုံတိုးတက်ရန် လိုအပ်ကြောင်း၊ ထိုကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် အလွန်ပင် အရေးကြီး လှပါကြောင်း။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) နာယက ဖြားခွန်ဥက္ကာက ယခုဆွေးနွေးပွဲသည် ပအိုဝ်းတစ်မျိုးသားလုံးအတွက် ဆုံချက်ဟု ပြောရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မတူညီသော အခန်းကဏ္ဍတွင် မိဘပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်လာခဲ့ကြောင်း၊ ဤကဲ့သို့ တစ်နေရာတည်းတွင် မိမိတို့ ပအိုဝ်းတစ်မျိုးသားလုံးဆုံစည်းနိုင်ခြင်းမှာ နိုင်ငံတော်၏ မူဝါဒ ပြောင်းလဲမှု၊ မိမိတို့၏ စည်းလုံးမှု၊ အနယ်နယ်အရပ်ရပ်မှ မိမိတို့ ပအိုဝ်းပြည်သူများ၏ နိုင်ငံရေး နှိုးကြားမှုများပင် ဖြစ်ကြောင်း၊  ထိုနိုင်ငံရေး နှိုးကြားမှုကို လူငယ်အနေဖြင့် ဆက်လက် ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်စနစ်တွင် တစ်ဦးနှင့်တစ်ဦး အလေးပေးမှု၊ နေရာပေးမှု ရှိရမည်ဖြစ်၍ ပြည်ထောင်စုအတွင်းမှ အစိုးရများ၊ တိုင်းရင်းသားများ နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ဤသို့ သေနာစွာ နားလည် သဘောမပေါက် ပါက စိန်ခေါ်မှုများ ရှိနိုင်ကြောင်း။
ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းက ပအိုဝ်းလူမျိုးများသည် မြေရှင်ပဒေသရာဇ်ခေတ်ကစ၍ နှစ်ပေါင်းမြောက်များစွာ အုပ်ချုပ်သူ လူတန်းစား၏ လွှမ်းမိုးမှုကြောင့် လူမသိ၊ သူမသိ ဘ၀ဖြင့် ရုန်းကန်ခဲ့ရကြောင်း၊ အုပ်ချုပ်သူ လူတန်းစားသည် မိမိတို့လူမျိုး ခေါင်းမထောင်နိုင်အောင် လောင်းကစားများ၊ မူးယစ်ဆေးဝါးများဖြင့် တိုက်ခိုက်ခဲ့ပါကြောင်း၊ ပအိုဝ်းလူမျိုးများသည် အုပ်ချုပ်သူ လူတန်းစားကို ကြောက်နေရသဖြင့် တောင်ကုန်း၊ တောင်ကြားတွင် ရှာဖွေနေထိုင်ခဲ့ရကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဦးဆုံး တောခိုသူမှာ ကရင်လူမျိုးဖြစ်၍ ဒုတိယ တောခိုသူမှာ ပအိုဝ်းလူမျိုးများ ဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးတို့သည် အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အစည်း၊ နေရာဒေသ ကွဲခဲ့သော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် တစ်စုတစ်စည်းထဲ ပြန်ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြကြောင်း၊ ထို့ကြောင့် ပအိုဝ်းတစ်မျိုးသားလုံး တစ်စုတစ်စည်းပြန်ဖြစ်နိုင်ရန်အတွက် ပအိုဝ်းအမျိုးသားနေ့(ဒဲဉ်သီးလာဗွေ)ပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ ကျင်းပစေခဲ့ကြောင်း၊ ထို့ပြင် စာပေယဉ်ကျေးမှုအရသော်လည်းကောင်း၊ အနုပညာအရ သော်လည်းကောင်း နှစ်ပေါင်းများစွာ ပေးဆပ် ၍ စည်းရုံးခဲ့ရကြောင်း၊ ထို့သို့ ပအိုဝ်းသည် တစ်အိုဝ်းတည်း ဖြစ်ရန် ခက်ခက်ခဲခဲ လုပ်ဆောင်ရာမှ ဒီကနေ့တွင် မိမိတို့ရှေ့တွင် မြင်တွေ့နေရပြီဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဤကဲ့သို့ ခက်ခက်ခဲခဲနှင့် ရရှိလာသော မိမိတို့ ပအိုဝ်းသမိုင်းကြောင်း၊ ပအိုဝ်းနိုင်ငံရေးကို ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ကြောင်း အသီးသီး အမှာစကားပြောကြားခဲ့ပါသည်။
ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နှင့် ပတ်သက်၍ ကျင်းပရေးကော်မတီ ဥက္ကဌ ဖြားခွန်မြင့်ထွန်းက “ကျွန်တော်တို့က ပြည်ထောင်စုကနေ ခွဲမထွက်ဘူးဆိုတဲ့ အာမခံချက်ကို ရဲရဲဝံ့ဝံ့တာဝန်ယူပြီး မိမိတို့ပအိုဝ်းလူမျိုးတို့ ရသင့်ရထိုက်သော အခွင့်အရေးများရရှိရေးကို ကြိုးပမ်းဆောင်ရွက်သွားပါ့မယ်၊ ပြည်ထောင်စုအရေးကို ဖော်ဆောင်ရင်း ကျွဲကူးရေပါဆိုသလို ကျနော်တို့ ပအိုဝ်းလူမျိုးရဲ့ အခွင့်အရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကနေ သိက္ခာရှိစွာ ဖက်ဒရယ်ပြည်ထောင်စုနှင့်ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံဥပဒေသို့ ကူးပြောင်းသွားနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ကြိုဆိုနှုတ်ခွန်းဆက်စကားတွင် ပြောကြားထားပါသည်။
အဆိုပါ ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အနယ်နယ်အရပ်ရပ်မှ လူထုကိုယ်စားလှယ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝသယံဇာတဆိုင်ရာ သဘောထား စာတမ်း(၄၄)စောင်တင်သွင်းကြပြီး ထိုသဘောထားစာတမ်းများအပေါ် မူတည်၍ ဆွေးနွေးကြကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတွင် ထည့်သွင်းဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးကဏ္ဍတွင် အခြေခံရမည်မူ (၁၂)ချက်၊ စီးပွားရေးကဏ္ဍတွင် အခြေခံရမည့်မူ (၁၅)ချက်၊ လူမှုရေးတွင် အခြေခံရမည့်မူ(၉)ချက်၊ မြေယာနှင့် သဘာဝသယံဇာတဆိုင်ရာတွင် အခြေခံရမည့်မူ (၉)ချက် စသဖြင့် သဘောထား စုစည်းချက် အခြေခံမူ စုစုပေါင်း(၄၅)ချက် ဆွေးနွေးနိုင်ခဲ့ပါသည်။

ခွန်ထင်;လေအောင်;















Powered by Blogger.