Saturday, April 22, 2017

ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ခေါင်းဆောင်မှု သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၂) ရက်







ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ညောင်ရွှေမြို့နယ်၊ ရေပူ(ထီခိုး)ကျေးရွာမှ ကျေးရွာကော်မတီ၊ ထီခိုးလူငယ်ကွန်ယက်တို့ပူးပေါင်းပြီး ခေါင်းဆောင်မှုသင်တန်းကို ၂၀၁၇-ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့ မွန်းလွဲ(၃း၀၀)နာရီ၌ ညောင်ရွှေမြို့နယ်၊ ရေပူ(ထီခိုး)ကျေးရွာအုပ်စု၊ ရေပူ(ထီခိုး) ကျေးရွာ ဘုန်းကြီးကျောင်းတွင်  ဖွင့်လှစ်ခဲ့ပါသည်။
ရှေးဦးစွာ ဆရာတော်အား ရိုသေကန်တော့ပြီး ဆရာတော်ထံမှ သြ၀ါဒခံယူခဲ့ပါသည်။ ထို့နောက် ကျေးရွာကော်မတီ ခွန်လာလေမှ သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းမှုအခြေအနေများကို တက်ရောက်လာသည့် သင်တန်းသူ/သားများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
မိမိကိုယ်ကိုယုံကြည်မှုတိုးပွားစေရန်နှင့် လူထုရှေ့တွင်းစကားပြောကောင်းသူ ဖြစ်လာစေရန်။ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ သိရှိနားလည်ပြီး အနာဂတ်တွင် မိမိတို့၏ ရပ်ရွာ၊ မြို့နယ်၊ ဒေသနှင့်တိုင်းပြည်အတွက် အများကြည်ညိုလေးစားသော အရည်အချင်းပြည့်ဝသည့်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန်နှင့် စည်းရုံးခြင်းဆိုင်ရာပညာရပ်များကို သိရှိလာစေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းမှူး ခွန်ဆောင်းရွှေက ပြောကြားခဲ့ပါသည်။ ခေါင်းဆောင်မှု သင်တန်းသည် ပထမဦးဆုံးဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး သင်တန်းတွင် အပြန်အလှန်/အုပ်စုအလိုက် ဆွေးနွေးခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းများအတွက်  ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် သင်တန်းသူ/သားဦးရေကို  အကန့်အသတ်ဖြင့်ကန့်သတ်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။
ခေါင်းဆောင်မှုသင်တန်းကို ၂၀၁၇-နှစ်၊ ဧပြီလ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၅)ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းမှူး ခွန်ဆောင်းရွှေနှင့် သင်တန်းနည်းများဖြစ်သည့် ခွန်ရဲအောင်၊ ခွန်သိန်းစိုး၊ ခွန်စိုးမောင်၊ နန်းခမ်းဆွဲတို့က ဦးဆောင်ဆွေးနွေးပြီး ညောင်ရွှေမြို့နယ်၊ ရေပူ(ထီးခိုး)ကျေးရွာအုပ်စု၊ ရေပူ(ထီခိုး)ကျေးရွာမှ သင်တန်းသူ(၁၄)ဦးနှင့် သင်တန်းသား(၂၁)ဦး စုစုပေါင်း(၃၅)ဦး တက်ရောက်နေကြောင်း သိရှိခဲ့ရပါသည်။ သင်တန်းသူ/သား များသည်  ကျေးရွာကို ဦးစီးဦးဆောင်နေကြသည့် ကျေးရွာကော်မတီနှင့် ထီခိုးလူငယ်ကွန်ယက် အဖွဲ့ဝင်များဖြစ်ကြောင်းလည်း သိရှိခဲ့ရပါသည်။
၎င်းကျေးရွာတွင် ၂၀၁၅-ခုနှစ်မှစတင်၍ မျိုးဆက်သစ်များအတွက် မျိုးဆက်သစ်လူငယ်များ စွမ်းရည်မြှင့်သင်တန်း၊ စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့်တိုးတက်အောင်ပြုလုပ်ခြင်း (Start and Improve Your Business-SIYB) သင်တန်း၊ အခြေခံပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်ဖွင့် သင်တန်းများ ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိဖွင့်လှစ်သည့် ခေါင်းဆောင်မှုသင်တန်းသည် သင်္ကြန်ကာလ ဖြစ်နေသည့်အတွက် ဒေသခံများဘုန်းကြီးကျောင်းသွားတက်ရန်နှင့် ဘုန်းကြီးကျောင်းသို့ တက်ရောက် လာသည့်ဧည့်သည်များ ရှိနေသေးသည့်အတွက် သင်တန်းနည်းပြများနှင့်ညှိနှိုင်းတိုင်ပင်ပြီး သင်တန်းအချိန် ကို မွန်းလွဲ(၃း၀၀)မှ ည(၁၀း၃၀)အထိသတ်မှတ်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ညောင်ရွှေမြို့နယ်၊ စံကားဒေသအတွင်းရှိ ကျေးရွာများအား မဖိတ်ကြားနိုင်သေးသည့်အတွက် နောက်ထပ် ဖွင့်လှစ်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးရွာကော်မတီ ခွန်လာလေထံမှ သိရှိခဲ့ပါသည်။

ခွန်မဲုင်ငါမဲုင်ပတ်ငါ

Powered by Blogger.