Sunday, April 23, 2017

ရှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၃) ရက်











ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ(UPDJC)၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ်အစိုးရ ဦးဆောင်၍ ဒီကနေ့ ၂၀၁၇ခုနှစ်၊ မတ်လ(၂၃)ရက်၊ တနင်္ဂနွေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ရှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်ကျင်းပ ခဲ့ပါသည်။

အဆိုပါ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လ(၂၃)မှ (၂၅)ရက်နေ့အထိ ပြုလုပ်ကျင်းပမည်ဖြစ်၍ ဒီကနေ့ ဖွင့်ပွဲအခမ်းအနားသို့ အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးအာကာလင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဦးကျောက်တယ်ချန်၊ ၀ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့မှ ဦးရန်ကျော်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဦးအိုက်မိန်းနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် ပြည်နယ်ဌာနဆိုင်ရာများ စုစုပေါင်း(၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ကြွရောက်လာသော လူကြီးမင်းများက အသီးသီးနေရာယူကာ အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ငြိမ်းချမ်းရေးကော် မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဦးအိုက်မိန်းနှင့် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေတို့က ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြပြီး ငြိမ်းချမ်းရေးကို ရည်စူး၍ ဂျိုးငှက်များ လွင့်ပျံခဲ့ကြပါသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော ပဋိပက္ခများကို နိုင်ငံရေးနည်းအားဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ရက်ပေါင်း(၆၀)အတွင်း နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမှုဘောင်ကို ရေးဆွဲအတည်ပြု နိုင်ခဲ့ကြောင်း၊ ၎င်းနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို အခြေခံပြီး ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံညီလာခံကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ၂၁ရာစု ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်အတွက် ပါဝင်ပတ်သက်မှုများအကြား ယုံကြည်မှုများ ပိုမိုခိုင်မာလာစေကာ မတူကွဲပြားမှုများအကြား ယုံကြည်မှုများရှိခဲ့သော်လည်း ၂၁ရာစု ပင်လုံညီလာခံကြီးကို အောင်မြင်အောင် ဘုံရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံကလည်း ၂၁ရာစုပင်လုံညီလာခံပြီးသည့်နောက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊ CSO ဖိုရမ်းများကျင်းပရန် လမ်းညွှန်မှာကြားခဲ့ကြောင်း။

နိုင်ငံရေးဆွေးနွေးပွဲများ၏ဖြစ်စဉ်တစ်ခုဖြစ်သော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပလျက်ရှိရာမှာ ရှမ်းပြည်နယ်အတွင်း ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့ထိ ၅ ရက်တာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အကြောင်းအရာများ၊ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ် များ၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ယခုအချိန် တွင်လည်း နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာလုပ်ငန်းလမ်းညွန်ချက်များနှင့်အညီ အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်လျက် ရှမ်းပြည်နယ်၊ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီလ (၂၃)ရက်မှ (၂၅)ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုနိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာမည့် ရလဒ်များကို မကြာမီကျင်းပပြုလုပ် တော့မည့် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံတွင် ဆက်လက်တင်ပြ ဆွေးနွေးခွင့်ရတော့မည်ဖြစ်သည့် အတွက် ယခုဆွေးနွေးကြမည့် အချက်အလက်များ၊ အကြောင်းအရာများသည် ငြိမ်းချမ်းရေးအတွက် များစွာအထောက်အကူပြုမည်ဆိုမည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ယခုနိုင်ငံရေးဆွေးနွေးပွဲကြီးသည် တန်းတူအခွင့်အရေးကို အာမခံခြင်း၊ ပြည်ထောင်စုသား တိုင်းရင်းသား အချင်းချင်းအပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ယုံကြည်မှုရရှိပြီး ညှိနှိုင်းဆွေးနွေးအဖြေ ရှာခြင်းအပေါ် များစွာအကျိုးသက်ရောက် စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားရင်ကြားစေ့ရေးမူကို အခြေခံသော နိုင်ငံရေးဆွေးနွေးပွဲကြီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအတွက် ရှမ်းပြည်နယ်ပြည်သူလူထု တစ်ရပ်လုံးကိုယ်စား များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း စသဖြင့် ပါရှိပါကြောင်း သိရှိရသည်။

ဆက်လက်၍ အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ဦးရန်ကျော်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့မှ ဦးအိုက်မိန်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဦးကျောက်တယ်ချန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးအာကာလင်းတို့က အသီးသီးအမှာစကားပြောကြားကာ တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် အခမ်းအနား သဘာပတိများအနေဖြင့် ဒေါက်တာစိုင်းအောင်ဆန်း -ပါမောက္ခချုပ်(ငြိမ်း) ပင်လုံတက္ကသိုလ်၊ ဦးကျော်မိုး - ညွန်ကြားရေးမှူး(ငြိမ်း) သစ်တောဦးစီးဌာန၊ ဦးဝင်းမြင့်- အင်းတိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း)၊ ဦးခင်သန်း- ခရိုင်အုပ်ချုပ်ရေးမှူး(ငြိမ်း) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒေါက်တာတင်မာကြည်- ပါမောက္ခချုပ်(ငြိမ်း) ပင်လုံတက္ကသိုလ်များကို ခန့်အပ်ပြီး တက်ရောက်လာကြသော အနယ်နယ်အရပ်ရပ်ရှိ လူထုကိုယ်စားလှယ်များ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတို့က မိမိတို့၏ နိုင်ငံရေးဆိုင်ရာစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာစာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစာတမ်းများ၊ စီးပွားရေးဆိုင်ရာစာတမ်းများနှင့် တိုင်းရင်းသားလူမျိုးများ ခံစားသင့်ခံစားထိုက်သော အခွင့်အရေးဆိုင်ရာ စာတမ်းများကို ဖတ်ကြားခဲ့ကြပြီး ဖွင့်ပွဲပထမနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
အဆိုပါ ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးဆိုင်ရာ စာတမ်း(၂၆)စောင်၊ စီးပွားရေးဆိုင်ရာစာတမ်း(၂၃)စောင်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာစာတမ်း(၂၁)စောင် တင်သွင်းထားကြကြောင်း သိရှိရသည်။

နဂါ့ခွန်

Powered by Blogger.