Monday, April 24, 2017

ပင်ကာလရွာ သဘာဝကောင်ဒေါ;လှိုဏ်ဂူသို့ စိတ်ဝင်စားလာရောက်လေ့လာကြည့်ရှုသူများစွာရှိနေ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၄) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ကာလရွာတွင် သဘာဝအလျောက်တည်ရှိနေသော ကောင်ဒေါ;လှိုဏ်ဂူသို့ ယခုဧပြီလအတွင်း ရပ်နီးရပ်ဝေးမှ ဧည့်သည်များစွာ လာရောက် လေ့လာကြည့်ရှုသူများစွာရှိနေကြောင်း ဒေသခံများထံမှ (၂၁-၄-၂၀၁၇)တွင် သိရှိရသည်။

အဆိုပါ သဘာဝလှိုဏ်ဂူနှင့် ပက်သက်၍ “ ဘုန်းဘုန်းတို့ အခြားသော မြို့နယ်၊ အခြားသော ဒေသကို သွားတဲ့အချိန်မှာ သူတို့ဆီမှာရှိတဲ့ သဘာဝအလှတရားများကို ထုတ်ဖော်ပြသနေတာကိုတွေ့ရတယ်၊ အထူးသဖြင့် ရှမ်းတောင်မှာဆို လေ့လာစရာဂူတွေ့နေရတယ်ပေါ့၊ ဒါကြောင့် ဘုန်းဘုန်းတို့ဒေသမှာလည်း သဘာဝအလျောက်ရှိနေတဲ့ လှိုဏ်ဂူကို သူများလိုဘဲ ထုတ်ဖော်ပြသချင်တဲ့ ဆန္ဒနဲ့ ဒီဂူကို ဖော်ထုတ်ရခြင်းဖြစ်တယ်”ဟု ကောင်ဒေါ;လှိုဏ်ဂူကို ဦးဆောင်ဖော်ထုတ်သူ ပင်ခွန်ကျောင်းဆရာတော် ဘဒ္ဒန္တအာလောက မိန့်ကြားပါသည်။

ထိုသဘာဝကောင်ဒေါ;လှိုဏ်ဂူသည် ရှေ့ယခင်ကတည်းကပင် သစ်တောများဖြင့် ဖုံးလွှမ်းနေပြီး ယခင်က ဒေသခံများသည် နွေရာသီရေရှားပါးသောနှစ်တွင် အဆိုပါလှိုဏ်ဂူထဲရှိရေများကို ဓာတ်မီးများထွန်းညှိ၍ သောက်သုံးရေ သွားရောက်ခပ်လေ့ရှိကြောင်း၊ ယခုအခါ သစ်ပင်များမရှိတော့သည့်အတွက် သွားရောက်ကြည့်ရှုသူများ အဆင်ပြေလျက်ရှိနေပြီး ဧည့်သည်များ အပန်းဖြေနိုင်ရန်အတွက် ဓမ္မာရုံကျောင်းဆောင်ပါ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သဘာဝလှိုဏ်ဂူကို ဆရာတော်၏ လမ်းညွန်မှုဖြင့် ဒေသခံများက ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလတွင် စောင့်ရှောက်ဖွင့်လှစ်ခဲ့ပြီး ဧည်သည့်များကြည့်ရူလေ့လာရာတွင် အဆင်ပြေစေရန်အတွက် ဂူအတွင်းထဲသို့ လျှပ်စစ်မီးသွယ်တန်း၍ လိုအပ်သောနေရာတွင် လှေကားထစ်များပြုလုပ်ပေးထားကြောင်း၊ သဘာဝကောင်ဒေါ; လှိုဏ်ဂှု၏အနက်မှာ ပေပေါင်း(၁၅၀၀)ကျော်ပြီး စိတ်ဝင်စားစရာ ကျောက်ပန်းဆွဲများနှင့် အခြားလှပသော ကျောက်အမျိုးအစားများရှိနေကြောင်း သိရှိရသည်။

ထိုသဘာဝလှိုဏ်ဂူကို “ကောင်ဒေါ;”လှိုဏ်ဂူဟု အမည်ပေးရခြင်းမှာ ရှေ့အခါက ဖြားဒေါ;အမည်ရှိသော မုဆိုးတစ်ဦးသည် အလွန်လှပသော သမင်တစ်ကောင်ကို လိုက်လံပစ်ခတ်ဖမ်းရာ၌ အဆိုပါသမင်သည် တောင်ခြေအောက်ရှိ ဂူအတွင်းသို့ ၀င်သွားပြီး ဖြားဒေါ;ဟူသော မုဆိုးသည်လည်း လိုချင်တပ်မက်မှုဖြင့် လိုက်လံရှာဖွေရာမှ ဂူအတွင်းလမ်းပျောက်ကာ ပြန်လည်မထွက်နိုင်ဘဲ အဆိုပါ ဂူထဲတွင် ပျောက်ဆုံးသွားကြောင်း ဒေသခံရှေ့လူကြီးများက ပြောဆိုထားသည်ကို အစွဲပြု၍ ဒေသခံများက “ကောင်ဒေါ;”ဟု ခေါ်ဆိုကြကြောင်း သိရှိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.