Sunday, May 21, 2017

ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဟောပြောပွဲနှင့် အခြေခံမီးဖိုဆောင် စီမံခန့်ခွဲမှုသင်တန်းကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၂၂) ရက်








တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာ၊ လှိုင်ကွန်းစားသောက်ဆိုင်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဟောပြောပွဲနှင့် အခြေခံမီးဖိုဆောင်စီမံခန့်ခွဲမှုသင်တန်းကို ၂၀၁၇ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ကျင်းပကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌဖြားခွန်စံလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ကျေးရွာလူထုပူးပေါင်းပါဝင်သည့် ခရီးသွားလုပ်ငန်းသည် ကျေးရွာအတွင်းရှိ ဒေသခံများအားလုံး ပူးပေါင်းရင်းနှီးမြှုပ်နှံ၍ ၀န်ဆောင်မှုပေးသော လုပ်ငန်းဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန်နှင့် လူနေမှုဘ၀မြှင့်တင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွှန့်ညွှန့်ခိုင်၊ ဂျာမနီနိုင်ငံဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ မှ Senior Technical Expert ဦးသက်ဝင်းထွန်းတို့မှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအကြောင်းကို ရှင်းလင်းတင်ပြခြင်း၊ ဂျာမနီနိုင်ငံ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ မှ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖြစ်ပေါ်ရေး နည်းပညာရှင် ဒေါ်မြတ်မြတ်မိုးက လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) အကောင်အထည်ဖော်ခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးရွာများရွေးချယ်ခြင်းများကို ဆွေးနွေးခြင်း၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) ခွန်ချစ်ဦး မှ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝများအားရှင်းလင်းတင်ပြရာ အားလပ်ရက်ခရီးသွားခြင်း၊ ယဉ်ကျေးမှုကို ခံစားလိုသော ခရီးသွားခြင်း၊ ထူးထွေဆန်းပြားမှုကို ခံစားလိုသောခရီးသွားခြင်း စသည့်ခရီးသွားခြင်း အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းဒေသကျေးလက်လူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်းမှ မန်နေဂျာ ခွန်ထွန်းဦး မှ လက်ရှိဆောင်ရွက်လျက်ရှိသော ပအိုဝ်းဒေသကျေးရွာလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်းနှင့် ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည်များကို ရှင်းလင်းတင်ပြရာ ပြည်သူလူထု၏ ပညာရေးကို မြှင့်တင်ပေးခြင်းနှင့် စိတ်/ရုပ်ပိုင်းဆိုင်ရာအခြေအနေများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ပအိုဝ်းဒေသတွင်ရှိသော ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြှင့်မားတိုးတက်လာစေရန်၊ လှုမှုစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ တာဝန်သိခရီးသွားလုပ်ငန်း ယဉ်ကျေးမှုမြှင့်တင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ၊ ကျေးရွာကော်မတီများ၊ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဝေးလံခေါင်းပါးသော ပအိုဝ်းဒေသရှိကျေးရွာများကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အခြေခံမီးဖိုဆောင် စီမံခန့်ခွဲမှုသင်တန်းသည် ထီနဲ့၊ အင်းနီ၊ လွယ်ခေါ် နှင့် ကက္ကူကျေးရွာများတွင် အကောင်အထည်ဖော်လျက်ရှိသော ခရီးသွားလုပ်ငန်းများနှင့် ကျန်သောဒေသများ ခရီးသွားလုပ်ငန်း သွားလာသည့်ကျေးရွာများကို အဓိကထားပြီး အခြေခံမီးဖိုဆောင် စီမံခန့်ခွဲ့မှုသင်တန်းများကို ပထမအကြိမ်တွင် (၂၁.၅.၂၀၁၇) မှ (၂၄.၅.၂၀၁၇) ရက်နေ့အထိကျင်းပပြီး ဒုတိယအကြိမ်တွင် (၂၅.၅.၂၀၁၇) မှ (၂၈.၅.၂၀၁၇) ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပထမအကြိမ်နှင့် ဒုတိယအကြိမ်သည် သတ်မှတ်ထားသည့် သင်တန်းသူ/သားဦးရေဦးရေ (၂၅) ဦး တက်ရောက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဦးဆောင်သင်ကြားပေးမည့် သင်တန်းဆရာများသည် ရွှေကျွန်းမျှေားဟိုတယ်အုပ်စု ရွှေကျွန်းမျှေားဟိုတယ် (နမ့်ပန်) နမ့်ပန် စားဖိုမှူး ဦးသောင်းနိုင်လင်းနှင့် (MRA) မှ ဒေါ်မျိုးမျိုတို့ ဦးဆောင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းကို လှိုင်ကွန်းစားသောက်ဆိုင်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.