Tuesday, May 23, 2017

ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဘင်ခရာတပ်ဖွဲ့အားဂုဏ်ပြု သင်တန်းဆင်းပွဲ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၂၃) ရက်










တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့(အထူးဒေသ(၆) )နောင်ကားစံပြကျေးရွာ၌ ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဘင်ခရာတပ်ဖွဲ့အားဂုဏ်ပြုခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့ပါသည်။

ရှေးဦးစွာ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားတပ်မတော်(PNA) စစ်ဦးစီးကော်မတီ ဒုတိယဥက္ကဌ ဖြားတန် ဗိုလ်မှူးကြီးပီတာထွန်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုလိုဘင်ခရာတပ်ဖွဲ့ရှိလာဖို့နှင့် ငွေအင်အား လူအင်အား အချိန်များစွာ ပေးခဲ့ရကြောင်း၊ အချိန်နှင့်ငွေအားကုန်ခဲ့ရသည်နှင့်ညီမျှအောင် ယခုလို တက်ညီလက်ညီမြင်တွေ့ရပြန်တော့ လွန်စွာပီတိဖြစ်မိပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ဘင်ခရာတပ်ဖွဲ့မှ ပအိုဝ်းရိုးရာအိုးစည်သရုပ်ပြကွက်နှင့် အခြားသော ပြကွက်ပေါင်းများစွာ ပြသခင်းကျင်းခဲ့ကာ ပအိုဝ်းအမျိုးသားသီချင်းများကိုလည်း တီးမှုတ်သီဆိုပြခဲ့ပါသည်။ ထို့အပြင် ယခုပွဲသည် ဘင်ခရာတပ်ဖွဲ့ သင်တန်းဆင်းပွဲတင်မကပဲ ပြည်ထောင်စု မြန်မာနိုင်ငံတော်ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့(ရှမ်းပြည်နယ်) ဒုရဲမှူး မြင့်ထူးမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်အကြောင်းအရာများကို အကျယ်တ၀င့်ရှင်းပြောကြားခဲ့ပြီး၊ ဆက်လက်၍ မြန်မာနိုင်ငံ ယဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သည်များကို သရုပ်ပြကွက်နှင့် သင်ခန်းစာယူသင့်သည့် ကား/ဆိုင်ကယ်တိမ်းမှောက်မှု ပညာပေးဓာတ်ပုံများ ပြသပေးခဲ့ကြောင်းသိရှိရပါသည်။

ယခုပွဲသည် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်းခမ်းထီနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေတို့ လာရောက်အားပေးခဲ့ပြီး ပရိတ်သတ်ပေါင်း ၃၀၀၀ ၀န်းကျင်လာရောက်ခဲ့ကြောင်းသိရှိရပါသည်။

မွိုးပိုခို
Powered by Blogger.