Sunday, June 11, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ တာဝန်ရှိသူများနှင့် ဒေသခံများပူးပေါင်း၍ ဒေသခံများ၏ အခက်အခဲများကို သိရှိစေရန်နှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များမှတဆင့် သက်ဆိုင်ရာလွှတ်တော်သို့တင်ပြနိုင်စေရန် ကွင်းဆင်းအချက်အလက်များကောက်ယူ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၂) ရက်







၂၀၁၇-ခုနှစ်၊ ဇွန်လ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လွှတ်တော်ရေးရာဌာန၊ လေ့ကျင့်ပညာပေးရေးဌာန၊ မြို့နယ်ရုံးတာဝန်ခံနှင့် ဒေသခံတာဝန်ရှိသူများပူးပေါင်းကာ ဒေသခံများ၏ အခက်အခဲများကို သိရှိစေရန်နှင့် အဆိုပါ အခက်အခဲများကို လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် သက်ဆိုင်ရာလွှတ်တော်သို့ တင်ပြနိုင်ရန် ကွင်းဆင်း၍ အချက်အလက်များ ကောက်ယူခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းအချက်အလက်ကောက်ယူရာတွင် ၂၀၁၇-ခုနှစ်၊ ဇွန်လ(၉) ရက်နေ့၊ မနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ နောင်ပီ - ထီကန်လောင်း - လင်ဖုံလမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက်လည်းကောင်း၊ ညနေပိုင်းတွင် မြောက်ထီဗွာကျေးရွာအုပ်စုနှင့်ပေါအင်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုချင်းဆက်လမ်း ဖြစ်သော တကူးမို့ - ပေါအင် - လယ်ကြား - မြောက်ထီဗွာ - တပ်အုံ - ဝါးပြုံး - လွယ်အယ်လမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက်လည်းကောင်း၊ ဇွန်လ(၁၀)ရက်နေ့၊ မနက်ပိုင်းတွင် မြောက်ထီဗွာ ကျေးရွာအုပ်စု၊ လယ်ကြား - လဲလောင်းကြီး - ကောင်ထိုလမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက် သော်လည်းကောင်း၊ မြောက်ထီဗွာကျေးရွာအုပ်စုနှင့်မင်းဘူးကျေးရွာအုပ်စု၊  ကျေးရွာအုပ်စုချင်းဆက် လမ်းဖြစ်သော သိန်းလားပြား - ဝါးပြုံး - သစ်ပင်ကြီးလမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက်သော်လည်းကောင်း၊ ညနေပိုင်းတွင် လိန်းညားကျေးရွာအုပ်စု၊ ထီဗိ - တခါးယဉ် - ဟံးတနျား လမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက်သော်လည်းကောင်း၊ လုံးပျဉ်ကျေးရွာအုပ်စု၊ နောင်ဝိုး - ကရား - တရွတ်မွူး - ညောင်မွူး - လွယ်ဝွန်း - ပင်ပွံ လမ်းပိုင်းကို အဆင့်မြင့်တင်နိုင်ရန်အတွက်သော်လည်းကောင်း ဒေသခံများနှင့်ပူးပေါင်းကာ အချက်အလက်များကောက်ယူခဲ့ပါသည်။

ဆက်လက်ပြီး ဇွန်လ(၁၂)ရက်နေ့ မနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုနှင့်ဘန်းဘာကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုချင်းဆက်လမ်းဖြစ်သော နမ်းပန်း - ဘူးဝါးလမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ရန် အတွက်သော်လည်းကောင်း၊ ညနေပိုင်းတွင် ကလောမြို့နယ်၊ ပဲရင်းတောင်ကျေးရွာအုပ်စုအတွင်းရှိ၊ ပဲရင်းတောင် - ကောင်တန် - ကျောင်းနောက် - ညောင်ပင်သာ - ကုန်းပေါ် - ဖေါင်းသင် - နန်းသွန်ကျေးရွာပေါင်း(၇)ရွာအတွက် သောက်သုံးရေ ရေလှောင်ကန်ကိုတည်ဆောက်ပေးနိုင်ရန်အတွက်သော်လည်းကောင်း၊ ဖောင်တော်ဦး (မေခြား)ကျေးရွာအတွက် သောက်သုံးရေ ရေလှောင်ကန်ကိုတည်ဆောက်ပေးနိုင်ရန်အတွက်သော်လည်းကောင်း၊ အိမ်ယား - ငုံးတုန် - ပေါတုတ် - ထင်းရှုးတော - ကျောက်ဆင့် - ဘုရားဦး - သစ်အယ်သစ် - တောင်ပို့လ လမ်းပိုင်းကိုအဆင့်မြှင့်တင်နိုင်ရန်အတွက်သော်လည်းကောင်း၊ လယ်ကြား - ပင်မှီ - ဈေးကုန်း - ကုန်းဘော် - ကျောက်ဆင့် - ကုန်းနီစသော ကျေးရွာပေါင်း(၆)ရွာ အသုံးပြုနေသော ပင်မှီကန်ဟောင်းကို ပြင်ဆင်ပေးနိုင်ရန်အတွက်သော်လည်းကောင်း၊ ကလောမြို့နယ်နှင့် ပင်းတယ မြို့နယ်၊ မြို့နယ်ချင်းဆက်စပ်ရာဖြစ်သော ကျောက်ဆောင်မြေခြား ကျေးရွာအတွက် ကျေးလက် ကျန်းမာရေးဌာနခွဲကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များမှတဆင့် တင်ပြတောင်းခံနိုင်ရန် အတွက် ဒေသခံများနှင့်ပူးပေါင်းကာ ကွင်းဆင်းအချက်အလက်များ ကောက်ယူခဲ့ပါသည်။

ထိုသို့ကွင်းဆင်းကောက်ခံရာတွင် “အရင်ကဆိုရင် ဒေသခံများရဲ့အခက်အခဲများကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ဆီကို တင်ပြပြီးတောင်းဆိုရတာသိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ကနေတဆင့် ဒေသဖွံ့ဖြိုးရေးကိစ္စနှင့်ပတ်သက်ပြီးတင်ပြခဲ့ဖူးတယ်။ အချက်အလက်မပြည့်စုံလို့လား၊ တင်ပုံတင်နည်းမှားလို့လားတော့မသိဘူး။ ရမယ်၊ မရဘူးဆိုတာကို ဘာမှလည်းအကြောင်းမပြန်ခဲ့ဘူး။ ဒါပေမဲ့ တစ်နှစ်လည်း ပါမလာဘူး။ နှစ်နှစ်လည်းပါမလာဘူး။ စောင့်နေတာခုထိဘဲ။ မထူးခြားလာဘူးပေါ့။ အရင်ကဆို ကျေးရွာလျပ်စစ်မီးလင်းရေးနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရဲ့ အကူအညီနဲ့တောင်းခံခဲ့ဖူးတယ်။ (၂၀၁၇/၁၈) ဘဏ္ဍာရေးနှစ်မှာရမယ်လို့တော့ လွှတ်တော်ကအကြောင်းပြန်လာတယ်။ ဒါပေမဲ့ ဒေသခံများရဲ့ အချိန်ကြာကြာမစောင့်နိုင်လို့ ကိုယ်ထူကိုယ်ထ ဘဲလုပ်လိုက်တာ ခုဆိုမီလင်းနေပြီ။ ခုဆို ကျွန်တော်တို့ တကူးမို့ - ပေါအင် - လယ်ကြား လမ်းဆိုရင် အများသုံးတဲ့လမ်း၊ ကျေးရွာပေါင်းမြောက်များစွာကို အကျိုးပြုတဲ့လမ်း၊ နောက်ပြီး လက်ဖက်၊ အာလူး၊ လိမ္မော်၊ သစ်တော်၊ ကြက်သွန်ဖြူ၊ ရွှေပဲစသော ဒေသထွက်ကုန် အများအပြားတင်ပို့နေတဲ့လမ်းဖြစ်လို့ ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ရင်တော့ ဒေသခံများကိုယ်စား အတိုင်းမသိဝမ်းသာမိမှာဘဲ၊ ယခုလို ဗဟိုဌာနချုပ်ရုံးမှ မိမိတို့ဒေသအထိလာရောက် ကွင်းဆင်းကောက်ယူပေးတာကိုလည်း ဒေသခံများကိုယ်စား ကျေးဇူးတင်ပါတယ်၊ နောက်နောင် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်လည်း မိမိတို့ဒေသရှိ ပြည်သူလူထုများ၏ အခက်အခဲများကို သိရှိနိုင်စေရန်အတွက် ပြည်သူထူထုများကို လာရောက်တွေ့ဆုံပေးပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်လိုပါကြောင်း” ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ လယ်ကြားရွာမှ ဒေသခံဖြစ်သူ ခွန်တီးလတ် ကပြောကြားသွားခဲ့ပါသည်။

“ယခုလိုကွင်းဆင်းသည့်လုပ်ငန်းများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လွှတ်တော်ရေးရာဌာနနှင့် ဒေသခံများပူးပေါင်းကာ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်တို့တွင် ကောက်ယူပြီးဖြစ်ပါတယ်။ နောက်နောင်တွင်လည်း မည်သည့်မြို့နယ်များတွင်မဆို ဒေသများ၏ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှကူညီဖြေရှင်းပေးနိုင်ရန်အတွက် ဆက်လက်ကွင်းဆင်းကာ အချက်အလက်များကိုလည်း ကောက်ယူသွားမည်ဖြစ်ပါကြောင်း”  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လွှတ်တော်ရေးရာဌာန၊ ဌာနမှူးခွန်အောင်နိုင်ကပြောကြားသွားခဲ့ပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Powered by Blogger.