တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၅) ရက်
“တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်” ဆိုသောစကားကို ကြားဖူးကြပေလိမ့်မည်။ ကြားဖူးရုံမျှမက အကြောင်းတိုက်ဆိုင်လာလျှင် မိမိကလည်း တစ်စုံတစ်ယောက်သောသူကို ဤစကားဖြင့် အားပေးတိုက်တွန်း ပြောဆိုဖူးပေလိမ့်မည်။
“ထိုစကားသည် စကားမို့ဆို၊ ပျားသို့ချို” ဆိုသကဲ့သို့ ချိုသာရုံသက်သက်ပြောသည့် စကားမျိုး မဟုတ်။ ယုံကြည်ချက်ခိုင်မြဲလာစေရန် တိုက်တွန်းသော စကားဖြစ်သည်။
လူသည် မွေးဖွားစတွင်မည်သည့် စွမ်းရည်များမှ မရှိသေး။ ဆာလျှင် ငိုမည် နာလျှင် ငိုမည် စသည့် ငိုခြင်းတရားသည် သူ၏ ဆန္ဒဖော်ကျူးမှု သင်္ကေတ ဖြစ်ခဲ့သည်။ တစ်ဖြေးဖြေးခြင်းနှင့် တစ်ဆင့်ဆင့်ခြင်း အရွယ်ရောက်လာသော် မြှူလျှင်ရယ်မောတတ်လာသည်။ မမှိတ်မသုန်ကြည့်လျက် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း၊ မိမိစားရလေ့ရှိသော အစားအသောက်ကိုလည်းကောင်း မှတ်လာသည်။
လူများ ပြောလေ့ပြောထ စကားတစ်ခွန်းရှိသည်။ ထိုစကားမှာ “မွေးလာစဉ်ကလည်းတစ်ယောက်တည်း၊ သေတော့လည်း တစ်ယောက်တည်း”ဆိုသော စကားဖြစ်သည်။ ထိုစကားသည် မှန်၏ မည်သူမဆို မွေးလာစဉ်က တစ်ယောက်တည်းဖြစ်သည်။ အမွှာမွေးများပင်လျှင် မွေးသည့်အချိန် ကွဲပြားရသေးသည်။ တစ်ယောက်တည်း လောကထဲ ရောက်လာသူသည် မိမိသာလျှင် မိမိဘဝကို ဖန်တီးမည့်သူဖြစ်သည်။ “မိမိကိုသာလျှင် မိမိ၏ မှီခိုအားထားရာ ဖြစ်သည်။ သူတစ်ပါးသည် မိမိ၏ အားကိုးရာ အဘယ်မှာဖြစ်လိမ့်မည်နည်း”ဟူ၍ ဖြစ်သည်။ မိမိကိုယ် မိမိအားကိုးလိုစိတ်မရှိဘဲ၊ အမျိုးမျိုးသော အမှီအခို၊ အားကိုးအားထားရာများ မျှော်လင့်နေတတ်သူများသည် မိမိဘဝကို ဖန်တီးနိုင်မည်မဟုတ်ပါ။
ထို့ကြောင့် လူတစ်ဦးတစ်ယောက်အတွက် တကယ်လုပ်၍ အဟုတ်ဖြစ်နိုင်သည့် အောင်မြင်မှုပန်းတိုင်ရောက်စေရန် ပြည့်စုံရမည့် အင်္ဂါ(၃)ရပ်ရှိသည်။ ၎င်းတို့မှာ ကံ၊ ဥာဏ်၊ ဝီရိယဖြစ်သည်။
ကံ-ဆိုသည်မှာ ကမ္မဟူသော ပါဠိမှလာသော ပါဠိသက်ဝေါဟာရ ဖြစ်သည်။ ကမ္မကို “အလုပ်၊ အမှု၊ ကိစ္စ” ဟု အနက်ပေးသည်။ မိမိလုပ်ဆောင်သော အလုပ်သည် မိမိအတွက်ကံဖြစ်သည်။ ထိုကံကိုလိုချင်လျှင် ကိုယ်တိုင်လုပ်မှရမည်။ မည်သူမျှ မိမိအတွက်လုပ်မပေးနိုင်ပေ။
ကမ္မ၏ အဓိပ္ပာယ်မှာ ဤသို့ဖြစ်သည်။ လူတစ်စုတို့မှာ ကိုယ်ပြုသည့်ကိုယ်အမှုသည် ကိုယ့်ကံသာဖြစ်သည်။ ကိုယ်လုပ်ကြံဆောင်ရွက်သည့်အတိုင်း ကိုယ်ခံရမြဲ မလွဲဖြစ်ချေသည်။ ကံဟူသည် မိမိပြုလုပ်မှု၏ အကျိုးဆက်ဖြစ်သော ကောင်းကျိုးဆိုးထွေတို့ကို မှန်စွာမသွေ၊ အမွေဆက်ခံရမည့် သဘော သဘာဝသာ ဖြစ်သည်။ မိမိကောင်းမှုကံပြုလျှင် ကောင်းကျိုးခံစားရမည်။ မိမိမကောင်းမှုကံပြုလျှင် မကောင်းကျိုးခံရပေမည်။ တစ်ခါတစ်ရံ ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုသော တရားသဘောအရ မိမိ၏ အတိတ်ကံမကောင်းမှုများ ယခုအချိန်၌ အကျိုးပေးလာသောကြောင့် ဒုက္ခကြုံချင်လည်း ကြုံရတတ်မည်။
ဥာဏ်-ဆိုသည်မှာ “သိမြင်တတ်သောတရား”၊ “သိမြင်ခြင်း”ဟုအနက်ပေးသည်။ မီးရောင်၊ လရောင်၊ နေရောင်တို့အပေါ် ဥာဏ်ရောင်က လွှမ်းမိုးသည်။ ပညာနှင့်တူသော အလင်းရောင်သည် မရှိဟူ၍ မြတ်မုနိ ဟောကြားတော်မူထားသည်။ ထို့ကြောင့် ပညာကို ရအောင်ရှာကြပါ။ ပညာကောင်းမှာ သုံး၍ မကုန်နိုင်ပါဟူ၍ ပြောထားသည်။
ထို့ကြောင့် လူတို့၌ ဥာဏ်ရှိရမည် ဆိုသည်မှာလည်း ပညာကိုရှာမှီးရန် ပြောခြင်းဖြစ်သည်။ “ပညာ” ဟူသည်ကား အပြစ်ရှိမှု၊ အကျိုးရှိမှုတို့ကို ခွဲခြားသိစွမ်းနိုင်သော ဥာဏ်ဖြစ်သည်။ ပညာဖြင့် အသက်မွေးဝမ်း ကျောင်းပြုခြင်းဆိုသည်မှာ အပြစ်ရှိသော အကြံအစည်၊ အလုပ်အကိုင်၊ မကောင်းသော အကြံအစည်၊ အလုပ်အကိုင်တို့ကို လုပ်ကိုင်ခြင်းသည်သာ တရားနှင့်လျော်စွာ အသက်မွေးသူဟု ဆိုနိုင်သည်။ တရားနှင့် လျော်စွာ အသက်မွေးဝမ်းကျောင်းပြုသူကိုသာ ပညာဖြင့် အသက်မွေးသူဟူ၍ ဆိုရပေမည်။
ဝိရိယ-ဆိုသည်မှာ “လုံးလ၊ အားထုတ်မှု၊”ဟု အဓိပ္ပာယ်ရသည်။ ဝီရိယရှိရမည့်အရာ၌ ခြင်္သေ့မင်း နမူနာကို ယူရပေမည်။ ခြင်္သေ့မင်းသည် သားကောင်တို့ကို ဖမ်းရာ၌ ကြီးသည် ငယ်သည် သဘောမထားဘဲ တူညီသော ဝီရိယဖြင့် ဖမ်းလေ၏။ ယုန်ငယ်ကလေးကို ဖမ်းယူသောအခါ သေးငယ်သော သတ္တဝါ ဖြစ်သည်ဟူကာ ပေါ့ပေါ့ဆဆ ဖမ်းယူခြင်းမရှိ။ ဆင်ပြောင်ကြီးကို ဖမ်းယူသောအခါ၌လည်း ဤဆင်ပြောင်သည် အကောင်အထည် ကြီးမားသည် ငါအစွမ်းကုန် ကြိုးစားအားထုတ်၍ဖမ်းမှ သင့်လျော်မည်ဟူ၍ လုံ့လဝီရိယ ပိုမိုအားထုတ်ခြင်း မရှိပေ။ ဝီရိယ၏ ဆန့်ကျင်ဘက်တရားမှာ ပျင်းရိမှု ဖြစ်သည်။ လူတိုင်းကံ၊ ဥာဏ်၊ ဝီရိယတို့ရှိမှ ကြီးပွားတိုးတက်နိုင်မည်ဖြစ်သည်။
လောကတွင် အသေးအမွှားများကိုပင် တော်ရုံမလုပ်နိုင်ကြသူများရှိကြ၏။ ထိုအထဲတွင် မထင်မှတ်ဘဲ အခက်အခဲအကျပ်အတည်းများကို တွန်းလှန်ကျော်လွှားပြီး သာမန်လုပ်နိုင်ခြင်းထက် တကယ်လုပ်နိုင်တယ်ဆိုသူတွေရှိသည်ဆိုရာတွင် ထိုသူများ၏ အရည်အသွေးများသည် ခိုင်မာသော သန္နိဋ္ဌာန် တိကျခိုင်မာစွာ ပြဋ္ဌာန်းမှု ရဲရင့်တက်ကြွသော လုပ်ဆောင်မှုတို့ကို ပိုင်ဆိုင်ကြသူများဖြစ်သည်။ ဤသည်မှာ မိမိတို့ ဘဝထဲတွင် မထင်မှတ်ဘဲ အခက်အခဲအကျပ်အတည်းများ ကြုံလာပါက ဇွဲ၊ လုံးလ၊ ဝီရိယ မလျော့ဘဲ မိမိဘဝ အားမန်များနှင့် နောက်မဆုတ်တမ်း ဇွဲသတ္တိရှိရှိနှင့် ရင်ဆိုင်နိုင်ကြပါစေ။
မွိုးပိုမူ - ပင်လောင်း (စန္တာခမ်း)
ကိုးကားချက် - တကယ်လုပ်နိုင်တယ်၊ ဦးအေးချို (မဟာဝိဇ္ဇာ)
Like On Facebook
Follow On Twitter
Subscribe On RSS