Saturday, July 29, 2017

ရှမ်း/တောင်တွင် H1N1 တုပ်ကွေးရောဂါလက္ခဏာရှိသည့် လူနာမရှိသေးဟုဆို

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်



၂၀၁၇၊ ဇူလိုင်(၂၈)ရက်နေ့၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပသည့် H1N1 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲတွင် ရှမ်း/တောင်တွင် H1N1 ရောဂါလက္ခဏာနှင့်ပတ်သက်၍ သံသယ ရှိသည့်လူနာ ယခုထိ မရှိသေးပါကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောကြားခဲ့ပါသည်။

H1N1 နှင့်ပတ်သက်၍ အကောင်းဆုံးကာကွယ်မှုမှာ မိမိကိုယ်ကိုယ် ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ဖို့ လိုပါကြောင်း၊ ရာသီတုပ်ကွေးဖြစ်သည့် မိုးတွင်းနှင့် မိုးကုန် ဆောင်းအကုန်အချိန်များတွင် ဖြစ်လေ့ရှိပါကြောင်း၊ လေ့ကျင့်ခန်းများကို လုပ်ဆောင်ဖို့လိုသလို ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့နှင့် အာဟာရပြည့်အစာ အာဟာရများကို စားသုံးပေးဖို့ လိုပါကြောင်း၊ အကယ်၍ H1N1 ရောဂါလက္ခဏာများရှိနေပြီဆိုပါက ကျန်းမာရေးဆေးရုံ ဆေးခန်းများသို့ စောလျင်စွာ ကုသဖို့လိုပါကြောင်း၊ နှာစေး ချောင်းဆိုးသူများအနေဖြင့် mask များကို တပ်ဆင်ဖို့လိုပါကြောင်း၊ ပြည်သူများအနေဖြင့် နေ့စဉ်သတင်းစာများနှင့် လူမှုအကျိုးပြု ၀က်ဆိုက်များမှ သတင်းများကို နေ့စဉ်ကြည့်ရှုဖတ်ပေးဖို့ လိုပါကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

ထိုအစည်းအဝေးတွင် တောင်ကြီးမြို့ပေါ်ရှိ ဆေးရုံ ဆေးခန်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တပ်မတော်မှ ဆရာဝန်များ၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်ရာဇာဓိပတိ

Powered by Blogger.