Monday, July 10, 2017

ပအိုဝ်းဒေသတွင်း မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းစီမံကိန်း လုပ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံမှ မစ္စတာ ထိပ်ယိုထင်မဟာဒူက PNOတာဝန်ရှိ ပုဂ္ဂိုလ်များအား လာရောက်ဆွေးနွေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်





ပအိုဝ်းဒေသတွင်း မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းစီမံကိန်း လုပ်ဆောင်နိုင်ရန် မစ္စတာထိပ်ယိုထင်မဟာဒူ ဦးဆောင်သည့် ထိုင်းနိုင်ငံမှ ထိုင်းဘုရင်၏ လူမှုကယ်ဆယ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့များက ဒီကနေ့ ၂၀၁၇-ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တာဝန်ရှိသူများကို လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆွေးနွေးရာတွင် မစ္စတာထိပ်ယိုထင်မဟာဒူက ပအိုဝ်းဒေသတွင်း မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းစီမံကိန်း လုပ်ဆောင်လိုသည့် အကြောင်းကို ရှင်းလင်းတင်ပြပြီး ထိုရှင်းလင်းချက်များအပေါ်တွင် နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဖြားဗွာခမ်း ခမ်းဗွေး ဖြားခွန်မြင့်အောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အတွင်းရေးမှူး(၂) ဖြားခွန်ထွန်းရွှေ၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ အတွင်းရေးမှူး(၄) ဖြားခွန်ဆရာကိုး၊ ဗဟိုအလုပ်မှုဆောင် ဖြားခွန်ချွန်း၊ ရုံးအဖွဲ့မှူး ဆရာစောခွန်ကျော်ဝင်းနှင့် ရုံးအဖွဲ့သားများ တက်ရောက်ခဲ့ကြပါသည်။

၎င်းဆွေးနွေးပွဲတွင် မွေးမြူရေးနှင့်ပတ်သက်၍ နွားနှင့် ကြက်မွေးမြူရေးကို အဓိကဆွေးနွေးခဲ့ကြောင်း၊ အဆိုပါစီမံကိန်းလုပ်ဆောင်ပါက  ဒေသခံပြည်သူအများအပြားအလုပ်ကိုင်အခွင့်အလမ်း ရရှိမည်ဖြစ်ပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးနည်းပညာများကိုပါ ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် ထိုင်းဘုရင်၏ဆန္ဒအရ ဆင်းရဲမွဲတေမှုကို လျော့ချနိုင်ရန် ရည်ရွယ်ကြောင်း၊ ထိုဆွေးနွေးမှုတွင်နှစ်ဦးနှစ်ဖက်မှစီမံကိန်းလုပ်ဆောင်နိုင်ရန် အဆင့်ဆင့်ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုအဖွဲ့ဝင်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ ထီးဖြူပိုင် ကုမ္ပဏီတွင် ရင်းနှီးလုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်။

နန်းတဆံထီ

Powered by Blogger.