တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁) ရက်
ဒီမိုကရေစီဟူသော အင်္ဂလိပ်စကားသည် ဂရိတ်ဘာသာမှဆင်းသက်သောစကားရပ်ဖြစ်သည်ဟုဆိုကြသည်။ ဒီမို ဟူသော အဓိပ္ပာယ်မှာ လူအများဟု အဓိပ္ပာယ်ရသည်။ ကရေစီ ဟူသောစကား၏ အဓိပ္ပာယ်မှာ အုပ်ချုပ်ခြင်း ဟူသော အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ဒီမိုကရေစီ ဟူသော စကား၏အဓိပ္ပာယ်မှာ လူအများ အုပ်ချုပ်ခြင်း ဟူသော အဓိပ္ပာယ်ရပါသည်။ ဆိုလိုရင်းမှာ ဒီမိုကရေစီသည် လူတစ်ဦးတစ်ယောက်၏ သဘောအတိုင်း ဖြစ်သလို အုပ်ချုပ်ခြင်းမဟုတ်၊ လူတစ်စု၏စိတ်ကူးအတိုင်း တစ်ဘက်သတ်အုပ်ချုပ်ခြင်းလည်း မဟုတ် လူအများကို လူအများ၏အကျိုးငှာ လူအများ၏အလိုဆန္ဒအတိုင်း တရားသဖြင့် မျှမျှတတ လူအများက အုပ်ချုပ်ခြင်းပင်ဖြစ်သည်။
နိုင်ငံတစ်ခုကို လူအများ၏အလိုဆန္ဒအတိုင်းအုပ်ချုပ်ခြင်းဖြစ်လျှင် အမှန်စင်စစ် ဥပဒေအတိုင်း အုပ်ချုပ်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုဥပဒေသည်လည်း လူတစ်ဦးတစ်ယောက်တည်း၏ သဘောအတိုင်း ရေးဆွဲထားသော ဖြစ်သလိုဥပဒေလည်းမဟုတ်။ လူတစ်စုတည်း၏သဘောဆန္ဒအတိုင်း ရေးထိုးထားသော တစ်ဖက်သတ်ဥပဒေလည်းမဟုတ်ပေ။ တရားသဖြင့် နည်းလမ်းတကျဖွဲ့စည်းထားသော ဥပဒေပြုအဖွဲ့က တရားသဖြင့် နည်းလမ်းတကျပြုလုပ်ထားသော ဥပဒေဖြစ်ရမည်။ စနစ်တကျဖွဲ့စည်းထားသော ဥပဒေပြုအဖွဲ့ဆိုသည်မှာ ပြည်သူ/သားများကမိမိ၏သဘောဆန္ဒအတိုင်း ကြည်ကြည်ဖြူဖြူ နှင့် မဲဆန္ဒနှင့် လွတ်လပ်စွာရွေးကောက်တင်မြှောက်သော နိုင်ငံ့ကိုယ်စားလှယ်များသာပါဝင်သည့် ဥပဒေပြုအဖွဲ့ဖြစ်သည်ကို လူအများသိရှိ ပြီးဖြစ်နေပေမည်။
ပအိုဝ်းလူမျိုးများသည်လည်း ရပ်ရေးရွာရေးဆောင်ရွက်နိုင်ရန် လူတစ်ဦးတစ်ယောက်ကိုတာဝန်ပေး ရွေးချယ်တင်မြှောက်လျှင် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်ရာမှ အဘယ်ကြောင့် ဒီမိုကရေစီနည်းဟု ပြောဆိုရသည်မှာ ယနေ့နိုင်ငံတကာဖွင့်ဆိုသော ဒီမိုကရေစီ၏အဓိပ္ပာယ်နှင့် မိမိတို့ပအိုဝ်းလူမျိုး ယခင်ကတည်းကကျင့်သုံးနေသော အသွင်သဏ္ဍာန်နှင့် တူညီနေခြင်းကြောင့် ပြောဆိုရခြင်းဖြစ်သည်။
ထို့အပြင်နိုင်ငံတွင်အရေးကြီးသော လူအများနှင့်သက်ဆိုင်သည့် ကိစ္စပေါ်ပေါက်တိုင်းလည်း အများပြည်သူ၏ အလိုဆန္ဒကိုသိရှိအောင် လူအများစုစည်းကျင်းပသော အစည်းအဝေးများလည်း ကျင်းပရမည်။ ကျင်းပနေကြသည်။ အသင်းအဖွဲ့ကိစ္စရပ်သော်လည်းကောင်း၊ ရပ်ရေးရွာရေးကိစ္စများတွင် သော်လည်းကောင်း ဤနည်းဖြင့် ကျင်းပနေကြသည်။
မိမိတို့ပအိုဝ်းလူမျိုးသည်လည်း ရှေးယခင်ကတည်းက ကျင့်သုံးလာနေသည်မှာ ကျေးလက်တောရွာနေပအိုဝ်းလူမျိုးတိုင်း သိရှိမည်ဖြစ်သည်။ ကျေးလက်တောရွာတွင်နေထိုင်သော ပအိုဝ်းလူမျိုးများသည် မိမိတို့ တောရွာ ပအိုဝ်းလူမျိုးတို့ထုံးစံအတိုင်း ရပ်ရေးရွာရေး ကိစ္စကြီးငယ်အားလုံးကို တစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်ဖြင့် လူအများက လိုက်နာစေရမည် ဟူသော ဝါဒများမရှိခဲ့ပေ။ ကိစ္စရပ်တိုင်း အစည်းအဝေးကို မနက်ဘက်တွင် သော်လည်းကောင်း ညနေ အလုပ်သိမ်းချိန်အပြီးတွင်သော်လည်းကောင်း ခေါ်ယူကျင်းပ လျက်ရှိသည်။ ထိုအစည်းအဝေးတွင် ရပ်ရွာအတွင်းရှိ နေအိမ်များမှ တစ်အိမ်တစ်ဦးနှုန်း မပျက်မကွက် တက်ရောက်ရမည်ဖြစ်သည်။ ထိုသို့တက်ရောက်စေရန် တစ်စုံတစ်ဦး၏အမိန့်အာဏာဖြင့် တက်ရောက်စေခြင်း မဟုတ်ဘဲ တာဝန်သိစိတ်ဓါတ်ဖြင့် တက်ရောက်လာကြသည်။ အိမ်ထောင်ဦးစီး (သို့မဟုတ်) သားယောက်ျားလေး မရှိသောနေအိမ်များအတွက် ခြွင်းချက်အဖြင့် နားလည်ပေးကြပါသည်။
ထိုသို့ခြွင်းချက်ထားသော နေအိမ်အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ချန်လှပ်မထားဘဲ တာဝန်သိစိတ်ဓါတ်ဖြင့်ပင် လုပ်ဆောင်ရပါမည်။ အစည်းအဝေးခေါ်ယူကျင်းပရာတွင် ကိစ္စကြီးငယ် အကြောင်းရင်းကို ရွာသူကြီးကသော်လည်းကောင်း၊ ထိုကိစ္စနှင့်သက်ဆိုင်သူကသော်လည်းကောင်း စကားနိဒါန်း ပြုလုပ်ရပါသည်။ ထိုအခါ အစည်းအဝေးတက်ရောက်လာသော ရွာသူရွာသားများအားလုံးသည် ထိုအကြောင်းအရာနှင့်သက်ဆိုင်သော အကြောင်းအရာအားလုံးကို မိမိဆန္ဒအတိုင်းထုတ်ဖော်ဆွေးနွေးကြသည်။ အကြေအလည်ညှိနှိုင်းပြီး ရရှိလာသော ဆုံးဖြတ်ချက်များသည်လည်း အများသဘောဆန္ဒအတိုင်း ချမှတ်လိုက်သော ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ နယ်ပယ်ကိစ္စ၊ အသင်းအဖွဲ့ကိစ္စများကိုလည်း အရေးပေါ်တိုင်း ဤနည်းဖြင့် စနစ်တကျကျင့်သုံးနေကြပါသည်။
ထို့အတူ ကျေးရွာချင်းချိတ်ဆက်သော ကျေးလက်လမ်းများကိုလည်း ကိုယ်ထူကိုယ်ထဖြင့် ရှင်းလင်းကြရပါသည်။ လမ်းချင်းဆက် တံတားများကိုလည်း ကိုယ်ထူကိုယ်ထဖြင့် လုပ်ဆောင်နေကြပါသည်။ အစိုးရလုပ်ဆောင်ပေးမှုမှာ နောက်ပိုင်းအချိန်မှဖြစ်သည်။ ပအိုဝ်းဒီမိုကရေစီဖြစ်သော ပအိုဝ်းထုံးစံသည် ပအိုဝ်းလူမျိုးတိုင်းကျင့်သုံးနေကြသည်မှာ ယခင်ကတည်းကဖြစ်သည်ကို ပအိုဝ်းလူမျိုးတိုင်းသိရှိနေပြီဖြစ်သည်။ အများနှင့်ဆိုင်သောကိစ္စမှန်သမျှ ဤနည်းလမ်းများဖြင့်အသုံးပြုနေကြသောကြောင့် ပအိုဝ်းဒီမိုကရေစီသည် ခိုင်မြဲနေပေသည်။
နိုင်ငံတကာ ဒီမိုကရေစီဝင်ရောက်လာသောအချိန်တွင် မိမိတို့ပအိုဝ်းလူမျိုး ဓလေ့အတိုင်းကျင့်သုံးသော မိရိုးဖလာထုံးတမ်းသည်လည်း ခိုင်မြဲစွာတည်ရှိနေသေးသည်။ သို့သော် ပအိုဝ်းကျေးရွာတစ်ချို့နှင့် ပအိုဝ်းလူမျိုး အနည်းငယ်သည် ဒီမိုကရေစီစနစ် ဟူသောဝေါဟာရကို နားလည်သယောင်ယောင်နှင့် မိမိတို့ပအိုဝ်းလူမျိုးကျင့်သုံးနေသော ထုံးတမ်းများကိုလည်း လေးစားမှုမရှိတော့ဘဲ ရပ်ရွာကိစ္စများကိုလည်း သက်ဆိုင်ရာအစိုးရက လာလုပ်ပေးလိမ့်မည်။ “ငါတို့လုပ်စရာမလိုဘူး၊ ဒီမိုကရေစီခေတ်ဘဲ” ဟူသော အတွေးများဖြင့် မိမိတို့ရပ်ရွာစည်းကမ်းများကိုလည်း “လိုက်နာမှုမရှိ၊” ရပ်ရေးရွာရေးများကို ဦးဆောင်ဦးရွက်ပြုနေသော ရွာသူကြီး၊ ရပ်ရွာသမာဓိများလည်း ဘိုးဘွားစဉ်လာအရကျင့်သုံးနေသော မိမိတို့ပအိုဝ်းဓလေ့များအတိုင်း ပြောဆို ထိန်းညှိပေးမှုကို လက်ခံနိုင်မှုမရှိသော လူတစ်စုကြောင့် ထိုသူများလည်း အခက်ကြုံရပြီး အင်အားချိနဲ့ ကုန်ပြီဖြစ်သည်။
ဒီမိုကရေစီဆန်သော မိမိတို့ပအိုဝ်းလူများအချို့နှင့် ခေတ်သစ်ပညာတတ် လူငယ်များကို မေးစမ်းချင်ပါဘိ၊ “ ငါတို့နိုင်ငံဟာ ဒီမိုကရေစီဆိုတဲ့ စကားနဲ့ လမ်းစလျှောက်တာ ဘယ်နှစ်ခုနှစ်က ငါတို့လျှောက်လှမ်းရတာလဲ၊ ငါတို့ပအိုဝ်းလူမျိုး ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားရှိနေတာဟာ ဘယ်နှစ်ခုနှစ် ကတည်းကလည်းဆိုတာ စဉ်းစားပါ။ အစိုးရတွေ လာလုပ်ပေးလိမ့်မယ်ဆိုတာကို စောင့်နေမယ်ဆိုရင် ဟိုးအရင်က ငါတို့ဖိုးဖွားတွေဟာ သူတို့ဘယ်လိုနေထိုင်နေကြရမလဲ အဲဒီအဘိုးအဘွားတွေကရော ခုခေတ် လူငယ်တွေလိုဘဲ အစိုးရအားကိုးနဲ့ ထိုင်စောင့်နေကြတဲ့ အဘိုးအဖွားတွေလားဆိုတာ ပြန်မေးကြည့်ဦးနော်၊ သူတို့ထိုင်စောင့်နေမယ် ဆိုရင် ခု ငါတို့တွေရော၊ လူငယ်တွေကရော ပေါ်လာမှာမဟုတ်ဘူးဆိုတာ စဉ်းစားပါ။ ငါတို့ လူမျိုးအတွက်ရော ငါတို့ဒေသအတွက်ပါ ငါတို့ပအိုဝ်းထုံးစံဖြစ်တဲ့ ကိုယ်ထူကိုယ်ထစနစ်ကိုဘဲ မသုံးစွဲဘူး ပအိုဝ်းဓလေ့ မရှိခဲ့ဘူး ဆိုရင် ငါတို့ဒီအခြေနေမရောက်လာနိုင်ဘူးဆိုတာ ငါတို့ကို ငါတို့သိတယ်၊ ခုခတ်လူငယ်တွေလဲသိမှာပါ။ မသိချင်ယောင်ဆောင်နေလို့သာ ၊ စိတ်ထဲမှာတော့ထင်ချင်ထင်နေမယ် ငါတို့ပညာတတ်၊ ငါတို့တတ်လာလို့ ငါတို့ မိဘတွေ ကောင်းကောင်းမွန်မွန်နဲ့ နေရတာဆိုပြီးတော့လေ ၊ ဘိုးဖွားတွေအတွေးကတော့ အဲသလိုမဟုတ်ဘူးနော်၊ ကိုယ့်ကိုအထင်မကြီးပါနဲ့ ၊ မသိရင် မသိသလို နေတာကောင်းတယ်၊ သိသလိုလိုနဲ့ လုပ်ချလိုက်ရင် အမှားများတယ် ၊ ခံရတတ်တယ်၊ တောဆိုတော၊ မြို့ဆိုမြို့မှကောင်းတာ တောမကျ မြို့မကျဆိုရင် မကောင်းဘူး၊ ငါတို့ပအိုဝ်းကျင့်သုံးနေတဲ့ စနစ်ကလည်း ခုခေတ်ဒီမိုကရေစီနဲ့ ကိုက်ညီနေတယ်ဆိုတာကို သိစေချင်လို့ပါ။ ရောရာဆိုရင်ငါတို့ကို ထိန်းကျောင်းပေးနေတဲ့ လူကြီးတွေကလည်း စိတ်ပျက်ကုန်လိမ့်မယ်၊ မိဘမဲ့တွေဖြစ်ကုန်မယ်၊ ဘာဘဲလုပ်လုပ်သေချာတာကို လုပ်ရင် သေချာတာဘဲထွက်လာမယ်၊ စကားပုံ ရှိတယ်လေ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပေါ့ နောက်ပြီး ဈေးသုံးလဲ မလွယ်နဲ့ ရှေးထုံးလဲ မပယ်နဲ့“ အစရှိသည်တို့ဖြင့် များစွာရှိပေသည်။
ထို့ကြောင့် မိမိတို့၏ ပအိုဝ်းလူမျိုး ရှေးယခင်ကတည်းကကျင့်သုံးသော ဓလေ့ထုံးစံများကို တည်မြဲ ပြည့်စုံသော ဓလေ့ဖြစ်အောင် မိမိတို့လူမျိုးကသာဖြည့်ဆည်းနိုင်မည်ဖြစ်သောကြောင့် အလေးထားပြီး မြတ်နိုး ကာ မိမိတို့နှင့်ကိုက်ညီသော ဓလေ့များကိုကျင့်သုံးပြီး ကိုက်ညီမှုမရှိသော စနစ်များကိုလည်း ပြင်ဆင်သွားကာ ပြင်၊ ဖြည့်၊ ကျင့် စနစ်များကို အသုံးပြုခြင်းဖြင့် မိမိတို့ဓလေ့ထုံးစံပျောက်ကွယ်မသွားအောင် မိမိတို့လူမျိုးများက ထိန်းသိမ်းကြပါဟု တိုက်တွန်းလိုက်ရပါသည်။
နန်းစိန်း
Like On Facebook
Follow On Twitter
Subscribe On RSS