ဒီမိုကရေစီအစိုးရစနစ်၏ အခြေခံတွင် နိုင်ငံရေးအာဏာသည် ပြည်သူလူထု၏ လက်ထဲတွင်သာရှိသည်။ ပြည်သူလူထုသည် မိမိတို့လက်ထဲတွင်ရှိသော အာဏာကိုတိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေကျင့်သုံးနေနိုင်ရမည်။ ရှေးခေတ်ဂရိနိုင်ငံတွင် ပြည်သူလူထုအားလုံးနှင့်ဆိုင်သော အရေးကိစ္စများကို ပြည်သူလူထုအားလုံးစုဝေး၍ မဲပေးဆုံးဖြတ်ကာ လုပ်ကိုင်ကြသည်။ ထိုစနစ်ကို “ တိုက်ရိုက်ဒီမိုကရေစီ” ဟု ခေါ်သည်။
သို့သော် နောက်ပိုင်းတွင် လူဦးရေတိုးပွားလာသည်နှင့်အမျှ စုပေါင်း၍ မဲပေးဆုံးဖြတ်ခြင်းမှာ အခက်အခဲရှိခြင်း၊ အချိန်ကြာမြင့်ခြင်းတို့ကြောင့် မဖြစ်နိုင်တော့ပေ။ ထို့အပြင်ပြည်သူလူထု၏ နေ့စဉ်စားဝတ်နေရေးကိစ္စများကြောင့် နိုင်ငံရေးကိစ္စတိုင်းကို ပြည်သူများပါဝင်ရန် အဆင်မပြေ၍ ပြည်သူ့ကိုယ်စားလွှတ်တော်ကိုယ်စားလှယ်မှ နိုင်ငံရေးရာကိစ္စများကို ဆောင်ရွက်စေခဲ့သည်။ ထိုဖြစ်စဉ်ကို “ကိုယ်စားပြုဒီမိုကရေစီ” စနစ်ဟုခေါ်သည်။ ယနေ့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအများစုတွင် ကျင့်သုံးနေသော ကိုယ်စားပြုဒီမိုကရေစီအစိုးရစနစ်သည် ပြည်သူ့အကျိုးကိုအမှန်တကယ် ထမ်းဆောင်နိုင်စွမ်း ရှိမရှိ ဆိုသည်ကိုလည်း ပြည်သူများက စောင့်ကြည့်ရန်လိုအပ်ပါသည်။ ထို့အပြင် အစိုးရ၏ ပြည်သူ့ရေးရာမူဝါဒများချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပြည်သူများတက်တက်ကြွကြွပါဝင်ဆောင်ရွက်နိုင်ရေးဆိုသည့် အချက်မှာလည်း ဒီမိုကရေစီစနစ်၏ ရွေးချယ်မှုနှင့် မိမိတို့၏ လုပ်ရပ်အပေါ်တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်သည်။ သို့မှသာ စစ်မှန်သော ဒီမိုကရေစီစနစ်ခိုင်မြဲမည်ဖြစ်သည်။
ထို့ကြောင့် “ဒီမိုကရေစီအစိုးရဆိုသည်မှာ ပြည်သူလူအကျိုးအတွက် ပြည်သူလူထုကိုယ်တိုင် ရွေးချယ်တင်မြှောက်လိုက်သော အစိုးရဖြစ်သည်” ဟု ကမ္ဘာကျော်ယေးလ်တက္ကသိုလ်မှ နိုင်ငံရေးပညာရှင် ဒေါက်တာရောဘတ်ဒေးလ် ကပြောခဲ့သည်။
ယနေ့ခေတ် ဒီမိုကရေစီအစိုးရစနစ်နှင့် ဒီမိုကရေစီ၏ အခြေခံသဘောတရားများကို ကြည့်မည်ဆိုလျှင် လွတ်လပ်စွာအသင်းအဖွဲ့များဖွဲ့စည်းခွင့်၊ ဖွဲ့စည်းထားသည့်အသင်းအဖွဲ့များတွင် လွတ်လပ်စွာ ပါဝင်နိုင်ခွင့်၊ လွတ်လပ်စွာမိမိဆန္ဒကိုထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာမဲပေးပိုင်ခွင့်၊ အစိုးရ၊ လွှတ်တော်၊ တရားရေးအစရှိသည့် နိုင်ငံရေးအစုအဖွဲ့များတွင်ပါဝင်နိုင်ခွင့်၊ နိုင်ငံရေးခေါင်းဆောင်များ လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့်၊ သတင်းအချက်အလက်များကို ကဏ္ဍစုံမှရယူပိုင်ခွင့်၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ခွင့်၊ အစိုးရ၏ ပြည်သူ့ရေးရာ မူဝါဒများကို ချမှတ်ထားသည့်နေရာများတွင် မဲပေးရွေးချယ်မှုသည် ပြည်သူလူထု၏ဆန္ဒများအပေါ်တွင် မူတည်နေရန်စသည့်အချက်များကို တွေ့ရမည်ဖြစ်သည်။
အစိုးရတစ်ရပ်ကို တည်ထောင်သည့်နေရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာဟူ၍ မဏ္ဍိုင်သုံးရပ်ဖြင့်ခွဲဝေကျင့်သုံးခြင်းကို အာဏာခွဲဝေကျင့်သုံးမှု ဟုခေါ်သည်။ အစိုးရအတွင်း၌ ရှိသော အဖွဲ့အစည်းများအချင်းချင်းကြားတွင်လည်း လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေကျင့်သုံးနိုင်ရမည်။ သို့မှသာမည်သည့်မဏ္ဍိုင်တွင်မှ အာဏာကိုအလွန်အကျွံမရရှိဘဲ နိုင်ငံတော်အတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပူးပေါင်းချမှတ်နိုင်မည်ဖြစ်သည်။
အာဏာ၏သဘာဝမှာ ခြစားတတ်သော သဘောသဘာဝရှိတတ်၍ အာဏာကိုတစ်ဦးတစ်ယောက် (သို့မဟုတ်)တစ်စုတစ်ဖွဲ့ထံတွင် အပ်နှံထားခြင်းမျိုးသည် အာဏာအလွဲသုံးစားလုပ်ခြင်းကိုဖြစ်စေနိုင်၍ အာဏာကို တတ်နိုင်သမျှခွဲဝေ ကျင့်သုံးရမည်ဖြစ်သည်။ ထို့ကြောင့် ခေတ်သစ်ကိုယ်စားပြု ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူလူထုထံမှအာဏာကို ရွေးကောက်ပွဲများမှတစ်ဆင့် အရွေးချယ်ခံရသော ပြည်သူ့ကိုယ်စားလှယ်( လွှတ်တော်အမတ်) များဆီသို့ အချိန်အပိုင်းအခြားတစ်ခုအထိသာ အပ်နှံထားခြင်းဖြစ်သည်။
အာဏာခွဲဝေကျင့်သုံးမှု၏ အကျိုးဆက်သည် အပြန်အလှန်ထိန်းကျောင်းမှုစနစ်ကို ပေါ်ပေါက်လာစေသည်။ ထိုစနစ်ကြောင့် အစိုးရမဏ္ဍိုင်အချင်းချင်းကြားတွင် အာဏာကန့်သတ်မှုကို ဖြစ်ပေါ်စေပြီး မဏ္ဍိုင် (၃)ရပ်၏ အာဏာကိုမျှမျှတတဖြစ်စေသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဥပဒေပြုရေး မဏ္ဍိုင်သည် ဥပဒေပြုရေးအာဏာအားလုံးကို ရယူထားပြီး သမ္မတအနေဖြင့်လည်း ဥပဒေကို ဗီတို (Veto-တစ်ချက်လွှတ်ပိတ်ပင်တားဆီးသည့်အာဏာ) အာဏာသုံးပြီး ကန့်ကွက်နိုင်သည်။ အပြန်အလှန် ထိန်းကျောင်းမှုစနစ်အရ မဏ္ဍိုင်တစ်ခုနှင့်တစ်ခုသည် အမှီပြုနေရသည်။
ဒီမိုကရေစီစနစ်တွင် အဓိကမဏ္ဍိုင်ကြီးသုံးရပ်ရှိပါသည်။ ၎င်းတို့မှာ - ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ် ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ ဖြစ်ပါသည်။ လွှတ်တော်သည် အဆိုပါ မဏ္ဍိုင်သုံးရပ်ထဲမှ တစ်ရပ် ဖြစ်သည့် ဥပဒေပြုရေးမဏ္ဍိုင် ထိန်းကျောင်းပြုပြင်ပေးရသည်။ လွှတ်တော်အမတ်ကို ပြည်သူများက သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် မိမိတို့ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်(အမတ်)များဖြင့်သာ ဖွဲ့စည်းတည်ဆောက်ရပါသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင် ဥပဒေများကို လွှတ်တော်ကသာ ရေးဆွဲပြဌာန်းပေးရပါသည်။ ထိုဥပဒေများကို လွှတ်တော်တွင် ဥပဒေကြမ်းအဖြစ် ဦးစွာရေးဆွဲပြီးနောက် ပြည်သူများထံချပြရပါသည်။ ထိုဥပဒေကြမ်းကို ပြည်သူများ၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက မိမိတို့အမြင်ရှုထောင့်မှ အကြံပြုလိုပါက ဒီမိုကရေစီစနစ်၏ သဘောတရားအရ လွှတ်တော်သို့တင်ပြကာ သက်ဆိုင်ရာရေးရာကော်မတီ(သို့မဟုတ်) ကော်မရှင်တွင် ညှိနှိုင်းဆွေးနွေးခြင်းပြုနိုင်ပါသည်။
သို့သော် ယနေ့မြန်မာနိုင်ငံတွင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူမှ တိုက်ရိုက်ရွေးချယ်ထားသော အမတ်များရှိသကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်မှာ ပြည်သူ့ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏(၂၅)ရာခိုင်နှုန်း အချိုးကျ အရေအတွက်ပါရှိပြီး။ ၎င်းတပ်မတော်သားအမတ်များလည်း လွှတ်တော်ထဲတွင် ရောက်ရှိနေပါသည်။ လွှတ်တော်တွင် ဥပဒေပြုခြင်း အလုပ်တခုတည်းကို သာမက အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်များကိုလည်းနိုင်ငံတော်ကောင်းရာကောင်းကျိုးအတွက် စောင့်ကြပ်ထိန်းမတ်ပေးရပါသည်။ အခြားမဏ္ဍိုင်ဖြစ်သော “အုပ်ချုပ်ရေးမဏ္ဍိုင်”နှင့် “တရားစီရင်ရေးမဏ္ဍိုင်”ကလည်း “ဥပဒေပြုရေးမဏ္ဍိုင်”ကို အပြန်အလှန် စောင့်ကြပ်ထိန်းမတ်ပေးရပါသည်။ အဆိုပါ ထောက်သုံးထောက် ဟန်ချက်ညီညီထိန်းမတ်မှုအားကောင်းလေလေ ဒီမိုကရေစီစနစ် ရှင်သန်အားကောင်းလေဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ-သက်ဆိုင်ရာနိုင်ငံများရှိ ရွေးကောက်ပွဲဥပဒေများအရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် သူများကို ဆိုလိုသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍနှစ်ခုစလုံးတွင် ပါဝင်နေပါသည်။ သမ္မတပုံစံဒီမိုကရေစီစနစ်တွင် ဥပဒေပြုရေးမဏ္ဍိုင်တွင်သာလျှင် ပါဝင်နေပါသည်။ မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း ဥပဒေပြုရေး မဏ္ဍိုင်တစ်ခုတည်း၌သာ ပါဝင်ဆောင်ရွက်ရသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ခံရပြီးလျှင် သူတို့ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်အသီးသီး၌ ပြည်သူလူထုကို ကိုယ်စားပြုရသကဲ့သို့ သူတို့၏သက်ဆိုင်ရာလည်း မဲဆန္ဒနယ်ကိုကိုယ်စားပြုရသည်။ ထို့အပြင်သူတို့၏ မဲဆန္ဒနယ်မှ မဟုတ်သော ပြည်သူလူထုကိုလည်း ကိုယ်စားပြုရသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကအလုပ်သည် ဥပဒေပြုရေးဖြစ်ပြီး ပြည်သူ့အသံကိုလည်း အခါအားလျော်စွာ နားထောင်ပြီး လွှတ်တော်တွင်ပြန်လည်၍ အစီရင်ခံခြင်းမျိုးလည်း လုပ်ရပါသည်။ ထို့အပြင် လွှတ်တော်အသီးသီးကဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များတွင်လည်း ကျွမ်းကျင်မှု အလိုက်ပါဝင်ရပြီး ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းတာဝန်များကိုလည်းလုပ်ဆောင်ရသည်။ လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာ ဥပဒေအရမဟုတ်ဘဲဖြုတ်ချခွင့် တာဝန်မှရုတ်သိမ်းခွင့်မရှိပေ။ သို့သော် ပြည်သူကရွေးကောက်ထားခြင်းဖြစ်၍ပြည်သူကသာလျှင် ပြန်လည်ရုတ်သိမ်းနိုင်သည်။
ယေဘုယျအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို ပုံသေနည်းနှစ်မျိုးဖြင့် လေ့လာနိုင်သည်။ ပထမတစ်မျိုးကို (Delegate Theory) (ကိုယ်စားပြုမှုသီအိုရီ) ဟုခေါ်သည်။ ထိုပုံသေနည်းအရ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများ၏ ရွေးကောက်တင်မြှောက်ခြင်း ခံရသူ များဖြစ်၍ ပြည်သူက (အထူးသဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်မှ ပြည်သူတွေ) လိုချင်သည့်ဆန္ဒများ ပြည်သူများ၏ အသံများကိုသာလျှင် ကိုယ်စားပြုပေးရပြီး ကိုယ်စားလှယ်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် တစ်ခုတည်းနှင့် လုပ်လေ့မရှိကြပေ။
ဒုတိယပုံသေနည်းမှာ (Trustee Theory - ယုံကြည်စွာအပ်နှံမှုသီအိုရီ) ဖြစ်သည်။ ထိုအမြင်တွင် ပြည်သူလူထုသည် အရာရာတိုင်းကို စနစ်တကျမသိနိုင်၍ လွှတ်တော်ကိုယ်စားလှယ်ကသာ ပြည်သူ့ကိုယ်စား ပြည်သူများအတွက် အကောင်းဆုံးကို ဆုံးဖြတ်လုပ်ကိုင်ခြင်းကို ပြည်သူက ယုံယုံကြည်ကြည်နှင့် လွှဲအပ်ထားခြင်းဖြစ်သည်။
ထိုပုံသေနည်းနှစ်ခုကို ပေါင်းစပ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ရိုးရှင်းသည့် ကိစ္စရပ်များ ပြည်သူများအတွက်လွယ်ကူစွာနှင့် အကျိုးဖြစ်ထွန်းမည့်ကိစ္စရပ်များကို ကိုယ်စားပြုသီအိုရီ (Delegate Theory)အရ ပြည်သူ့ဆန္ဒအတိုင်း လုပ်ကိုင်ကြပြီး ပြည်သူများ နားလည်ရန် ခက်ခဲသည့်ကိစ္စရပ်များဖြစ်သည့် နိုင်ငံတကာဆက်ဆံရေး ငွေကြေးမူဝါဒစသည့် ရှုပ်ထွေးသော ကိစ္စရပ်များကို ကိုယ်စားလှယ်များ၏ ကျွမ်းကျင်မှုအပေါ်တွင် မူတည်ပြီး ပြည်သူက လတ်တလော သဘောတူ မတူသည့်တိုင် (Trustee Theory)အရ လုပ်ကိုင်လေ့ရှိကြသည်များလည်းရှိကြောင်း ဒီမိုကရေစီနှင့် လွှတ်တော်အကြောင်းကို တင်ပြရေးသားလိုက်ရပါသည်။
ခွန်ဟော်ထို
သီးသဲင်း
Like On Facebook
Follow On Twitter
Subscribe On RSS