Monday, August 21, 2017

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများမှ တက္ကသိုလ် အထူးပြု (major ) ဘာသာရပ်များကို မှန်ကန်စွာ ရွေးချယ်နိုင်ရန်အတွက် ပညာရေးဟောပြောပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်






တောင်ကြီးမြို့ရှိပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေကွင်း)တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၏ အစီအစဉ်ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူများအား တက္ကသိုလ်အထူးပြု (major)ဘာသာရပ်များကို မှန်ကန်စွာ ရွေးချယ်နိုင်စေရန်အတွက် ပညာရေးဟောပြောပွဲအခမ်းအနားကို ၂၀၁၇၊ သြဂုတ်(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုဟောပြောပွဲတွင် တောင်ကြီးတက္ကသိုလ် သမိုင်းဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာခင်လေးရီ၊ ဆရာခွန်စောဏထွန်း၊ နည်းပညာတက္ကသိုလ်မှ ဆရာမ ဒေါ်သန်းသန်းဌေး၊ ဆရာမ ဒေါ်သန္တာအေးတို့မှ ဟောပြောပေးခဲ့ပြီး ပြည်နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီး ဦးအုန်းငွေမှ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရမှတ်အပေါ်မူတည်ပြီး တက္ကသိုလ်က သတ်မှတ်ထားသည့် စည်းမျဉ်းအတိုင်း ကျောင်းသား/သူလေးများ အနေဖြင့် ကိုယ်စိတ်ဝင်စားမယ့် အထူးပြုဘာသာရပ်ကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာမှာ လာမည့်သြဂုတ်(၂၅)ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပါကြောင်း၊ ကိုယ်လျှောက်ထားသည့် ဘာသာရပ်အပေါ် သဘောမကျပါက တက္ကသိုလ်တက်သည့်အချိန် တက္ကသိုလ်ဖွင့်သည့် တစ်လအတွင်း ပြန်လည်ပြောင်းလဲရွေးချယ်နိုင်ပါကြောင်း၊ ဘယ်သာသာရပ်ဖြစ်ဖြစ် အသုံးတည့်ပါကြောင်း၊ သို့သော် ကိုယ့်ဘာသာရပ်အပေါ် ကိုယ်ကျွမ်းကျွမ်းကျင်ကျင်ရှိထားမည်ဆိုပါက နိုင်ငံတကာပညာရေးတွင် ချိတ်ဆက်နိုင်ပါကြောင်း၊ နိုင်ငံတကာနှင့်ချိတ်ဆက်နိုင်ရန်အတွက် အရည်အချင်းနှင့်အရည်အသွေးများ ပြည့်စုံဖို့လိုပါကြောင်း၊ ၂၁-ရာစုတွင် စိန်ခေါ်မှုများနှင့် ပြိုင်ဆိုင်မှုများ များလာသည့်အတွက် ကျောင်းသား/သူများအနေဖြင့် အရည်အချင်းများနှင့် ပြင်ဆင်သင့်သည့်အရာများကို ပြင်ဆင်ဖို့လိုပါကြောင်းကိုလည်း တောင်ကြီးတက္ကသိုလ်သမိုင်းပါမောက္ခ ဒေါက်တာခင်လေးရီမှ ပြောကြားခဲ့ပါသည်။

ထိုဟောပြောပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား/သူများ၊ စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.