Monday, August 28, 2017

ဂျပန်အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် TPA( ကမ္ဘာ့လူသားအဖွဲ့) နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ပူးပေါင်းဆောင်ရွက်သော ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်




၂၀၁၇ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့၊ တနင်္လာနေ့တွင် ဂျပန်အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် TPA(ကမ္ဘာ့လူသားအဖွဲ့) နှင့် ဖွံ့ဖြိုးရေးကွန်ယက်တို့ ပူးပေါင်းအကောင်အထည်ဖော်နေသော အထက်တန်းအဆင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ အ.ထ.က(၁)ဆီဆိုင်တွင်လည်းကောင်း၊ မွန်လွဲပိုင်း (၃း၀၀)နာရီအချိန်တွင် ဘန်းယဉ် အ.ထ.က ဘန်းယဉ်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ပါရမီဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ခင်၊ ဒု - ဥက္ကဋ္ဌ ဦးလှဘော်၊ ကျောင်းအုပ်ဆရာမကြီးများ၊ကျောင်းဆရာ/မများ ဘန်းယဉ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီအဖွဲ့များ၊ ဘန်းယဉ်မြို့ အုပ်ချုပ်ရေးမှူး၊ နယ်မြေရဲစခန်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား/သူများနှင့် မိဘပြည်သူများတို့မှ တက်ရောက်ပြီး ပညာသင်ထောက်ပံ့ထောက်ပံ့ကြေးပေးအပ်ရခြင်းအကြောင်းနှင့် ရည်ရွယ်ချက်များကို ဆရာကြီး ဦးအောင်ခင်ကလည်းကောင်း၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့လုပ်ငန်းစဉ်နှင့်အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိသောလုပ်ငန်းများကို ဦးခွန်မောင်ဘော်မှ လည်းကောင်းအသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းအသီးသီးမှ ပညာသင်ထောက်ပံ့ကြေးအတွက် ရွေးချယ်ခံရသော ကျောင်းသား/သူများအား ပထမအရစ်အနေဖြင့် တစ်ဦးလျှင်ကျပ်(၁၀၀၀၀၀)တိတိကိုပေးအပ်ပြီး၊ ဒုတိယအရစ်အနေဖြင့် လာမည့်ဒီဇင်ဘာလတွင် ကျပ်(၅၀၀၀၀)ကိုထပ်မံ ပေးအပ်ပေးမည်ဖြစ်သည်။ ၂၀၁၅-ခုနှစ်မှစတင်ပြီး ၂၀၂၁-ခုနှစ်ပညာသင်နှစ်အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ကြသော ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် ယခင်က ကျောင်းသား/သူ(၃၆)ဦးကို နှစ်စဉ်ရွေးချယ်ပြီး ယခု (၇၂)ဦးကိုရွေးချယ်ကာ ပညာသင်ထောက်ပံ့ကြေးပေးလျက်ရှိကြောင်းကိုလည်း သိရှိရပါသည်။

ထိုဒေသတွင်အခက်အခဲဖြစ်နေသော ကလေးများ၏ အထက်တန်းပညာရေးကို သင်ယူခွင့်ရရှိအောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်ကို ပေးအပ်ပြီးစီးပြီးဖြစ်၍ နောင်နှစ်များမှာလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ကို လည်းသိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.