တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်
အထူးဒေသ ၆ ညောင်ရွေမြို့နယ် ဗန်းပြင်ကျေးရွာအုပ်စု၊ ဖါယပ်ကျေးရွာ ဖါယပ်ဘုန်းတော်ကြီးကျောင်းအတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် P.N.O က ခမ်း၊ နယ်၊ အွိုင်၊ ကွင်းဆင်းစည်းရုံးဟောပြောပွဲနှင့် လူထုတွေ့ဆုံပွဲကို ၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ ရတ္တနာ ၃ ပါးကို ကန်တော့ပြီးနောက် အထူးဒေသ ၆ ခွန်ဖြားဗွာခမ်း၊ကန်တောကြီးဒေသဥက္ကဋ္ဌ ဖြားခွန်ယွန်းက အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။
ထိုသို့ပြောကြားရာတွင် ဒေသခံမိဘပြည်သူများ ယနေ့လို တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်သည်မှာ ရှေးလူကြီးများ ခေါင်းဆောင်ကြီးများ မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်များက အသက်ပေး ကြိုးစားပေးခဲ့ပြီး ၎င်းတို့ချမှတ်ပေးခဲ့သည့် အမျိုးသား ဒီမိုကရေစီ သံဖိုခနောက်လမ်းစဉ်များကို လိုက်နာဆောင်ရွက်ကြသောကြောင့် ယခုလို တစ်နေ့တစ်ခြား ဖွံ့ဖြိုးတိုးတက်ပြီး အခြားတိုင်းရင်းသားလူမျိုးများနှင့် အတူတကွအေးချမ်းစွာနေထိုင်နိုင်ပြီဖြစ်ကြောင်း။ မိမိတို့ဒေသ မိမိတို့လူမျိုး အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့သော ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို မိမိတို့အနေဖြင့် ပြန်လည်အောက်မေ့ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲညီစွာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပါသည်။
ဆက်လက်၍PNA အသွင်ပြောင်းပြည်သူ့စစ်ဋ္ဌာနေ ဗဟိုဋ္ဌာနချုပ်ရုံးမှ ဗိုလ်မှူးခွန်ဉာဏက မိမိတို့ပအိုဝ်းအမျိုးသားတပ်မတော် PNAသည် ၁၉၉၁-ခု ငြိမ်းချမ်းရေးရယူပြီးသည့်နောက်ပိုင်း နိုင်ငံတော်အစိုးရနှင့်လက်တွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးပမ်းပေးခဲ့ပါကြောင်း၊ မိမိတို့အဖွဲ့အစည်း အကျိုးစီးပွားကို ရှေ့တန်းမတင်ပဲ တစ်မျိုးသားလုံးအကျိုးစီးပွားကိုသာ လုပ်ဆောင်ပေးခဲ့ပါကြောင်း၊ ဒေသန္တရအုပ်ချုပ်ရေး ရှင်သန်ဖို့ အားလုံးပြန်လည်ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်းပြီး လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ရှေ့ဆက် မိမိတို့အမျိုးသားရေး၊ စီးပွားရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို လက်တွဲညီညွတ်စွာဖြင့် ကြိုးစွာသွားကြရမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပါသည်။
ခွန်ဖြားဗွာခမ်း၊ ကန်တော်ကြီးဒေသ အတွင်းရေးမှူး ဗိုလ်မှူးခွန်ကျော်သူက မြန်မာ့နိုင်ငံရေး၊ ဒေသခံ တိုင်းရင်းသားလူမျိုးများ လူနေမှုဘဝဖြစ်စဉ်များ၊ လုပ်ပိုင်ခွင့်များနှင့် မိမိတို့လူမျိုးအခွင့်အရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ ဒေသဖွံဖြိုးရေးနှင့် ပအိုဝ်းလူမျိုး၏ တော်လှန်ရေးသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးပပျောက်ရေးအကြောင်းအရာများ၊ မျိုးဆက်သစ်လူငယ်များ ရှေ့ဆက်လုပ်ကြရမည့်လုပ်ငန်းများကို ဟောပြောပေးခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဗဟိုကော်မတီ၊ လေ့ကျင့်ရေးပညာပေးဋ္ဌာန ဋ္ဌာနမှူး ခွန်ဆောင်းရွေက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် အကြောင်းအရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြင်ပတွင် နေထိုင်ကြသော ပအိုဝ်းလူမျိုးများ၏ တာဝန်ဝတ္တရာများ၊ လူနည်းစုအခွင့်အရေးများ၊ မြန်မာ့ နိုင်ငံရေးပြောင်းလည်းမှု အခြအနေများ၊ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်များ၊ ဥပဒေဘောင်အတွင်း မိမိတို့လူမျိုး ရယူပိုင်ခွင့်များ၊ ၂၁-ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖြစ်စဉ်များ၊ ပအိုဝ်းယိုးယာ ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများ၊ ပအိုဝ်းနိုင်ငံရေးလှုပ်ရှားမှု အကြောင်းအရာများ၊ လူမျိုးတစ်မျိုး စည်းလုံးညီညွတ်မှု၏ အကျိုးကျေးဇူးများကို ဟောပြောပေးခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဥပဒေရေးရာဋ္ဌာန ခွန်ထွိုင်းက အထူးဒေသ ၆ တွင် ပအိုဝ်းခေါင်းဆောင်များ လုပ်ဆောင်ပေးနေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နိုင်ငံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ရုံးဝန်ထမ်းများ၏ လှုပ်ရှားမှုများ၊ ပအိုဝ်းဒေသ ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်းအရာများ၊ ပအိုဝ်းဒေသ ပညာရေးအခန်းကဏ္ဍများ၊ PNOပါတီ ဌာနချုပ်ရုံး ရုံးတွင်းဖွဲ့စည်းပုံများ၊ ဌာနတစ်ခုခြင်းစီ၏ တာဝန်ဝတ္တရားများ၊ရုံးဝန်ထမ်းများ နေ့စဉ်လုပ်ငန်းဆောင်တာများ၊ပအိုဝ်းဒေသဖွံ့ဖြိုးရေးအတွက် ရုံးဝန်ထမ်းကွင်းဆင်း ဆောင်ရွက်နေသော အခြေအနေများကို ဟောပြောပေးခဲ့ပါသည်။ ခွန်ဖြားဗွာခမ်း ကန်တော်ကြီး ဒေသ အလုပ်အမှုဆောင် ခွန်ထွန်းဦးက မိမိတို့ဒေသ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘာသာရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊လူနေမှုအဆင့်အတန်း အကြောင်းအရာများနှင့် ရပ်မိရပ်ဖကိုယ်စား ကျေးဇူးတင်စကားကို ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။
စည်းရုံးရေးဟောပြောပွဲသို့. ပအိုဝ်းအမျိုးသားတပ်မတော် PNA ဌာနေပြည်သူ့စစ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဗန်းပြင်ကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ၂၀ ရွာတွင်နေထိုင်ကြသော ရပ်မိရပ်ဖ ၃၀၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS