Friday, September 15, 2017

မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ပြည်သူများအခမဲ့ကြည့်ရှုနိုင်သော အစီအစဉ်များ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်





၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြသုခရုပ်ရှင်ရုံတွင် ပြည်သူများအခမဲ့ကြည့်ရှုနိုင်သော မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ပြပွဲ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ “မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်ဟာ ရုပ်ရှင်ကားတစ်ကားရိုက်ကူးရန် စတင်ကာ ဒီမိုကရေစီရုပ်ရှင်ပွဲတော် ရက်သတ္တပတ်ဆိုပြီးတော့ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်၊ အဲ့ဒီကတစ်ဆင့် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ ၀ိုင်းဝန်းပါဝင် ကူညီလာကြတဲ့အတွက် မြန်မာ့ဒီမိုကရေစီပွဲတော် ရုပ်ရှင်ပြပွဲ၊ အငြိမ့်ပြိုင်ပွဲ၊ ပဒေသာကပွဲ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့နှင့် ခမ်းခမ်းနားနား မြိုင်မြိုင်ဆန်ဆန် ကျင်းပပြုလုပ်စီစဉ်ဆောင်ရွက်လာပြီဖြစ်တယ်၊ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ကို တစ်နိုင်ငံလုံးမှာ ဒီကနေ့ စက်တင်ဘာလ(၁၅)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း (၄၄)ရုံမှာ မြန်မာ့ဒီမိုကရေစီရုပ်ရှင်ကား (၅)ကားကို တစ်ပြိုင်နက်ပြသသွားမှာဖြစ်ပါတယ်၊ အလားတူ အငြိမ့်ပြိုင်ပွဲများကိုလည်း ကျင်းပလျက်ရှိပြီး စက်တင်ဘာ(၂၀) (၂၁)ရက်များမှာ ရန်ကုန်မြို့ရှိအမျိုးသားပြဇာတ်ရုံတွင် ပြိုင်ပွဲဝင်ဗိုလ်လုပွဲများကို ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားပါတယ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို အသိအမှတ်ပြုပြီး ဒီမိုကရေစီပွဲတော်ဟာ ရုပ်ရှင်သဘင်ဂီတ ကဏ္ဍများအလိုက် ပွဲတော်များကျင်းပရန်ဖြစ်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေမှာ ဒီမိုကရေစီသဘောတရားလျစ်ဟာတာများ ဒီမိုကရေစီနိုင်ငံများမှာ နိုင်ငံတိုင်းထားရှိရမည့် စိတ်ဓာတ်များကို ဖော်ပြချယ်မှုန်းထားတာကို လေ့လာကြည့်ရှုရမှာဖြစ်လို့ ရုပ်ရှင်ဂီတအငြိမ့်သဘင်စတဲ့ အနုပညာမျက်နှာစာပေါင်းစုံက ဒီမိုကရေစီအနှစ်သာရများနှင့် သုတရသများကို ပေါင်းစပ်ရောနှယ်ပြီး စိတ်ဝင်စားစွာ တင်ပြမှုကိုလည်း အခမ်းအနားတက်ရောက်လာကြသူများ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်ဆိုတာ လူထုအုပ်ချုပ်ရေးစနစ်လို့ အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်ပြီး လူထုထံ အာဏာအပြည့်အ၀ ရထားသောစနစ်ဖြစ်တယ် ပြည်သူလူထုထံမှာ မိမိတို့မွေးရာပါ အခွင့်အရေးဖြစ်တဲ့ နိုင်ငံတော် အချုပ်ခြာအာဏာကို ကိုင်တွယ်ကျင့်သုံးတတ်ဖို့ပဲရှိပါတယ်၊ ဒီမိုကရေစီစနစ်ရဲ့ အလေးနက်ဆုံးဖြစ်တဲ့ အနှစ်သာရကတော့ နိုင်ငံတော်ရဲ့အချုပ်ခြာအာဏာကို ပြည်သူတစ်ရပ်လုံးက စုပေါင်းပိုင်ဆိုင်ခြင်းဘဲဖြစ်ပါတယ်၊ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ နိုင်ငံနှင့် လူမျိုးများ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာမြင့်မားရေး၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် နိုင်ငံတကာတို့ ခံယူလုပ်ဆောင်ရမည့် ဒီမိုကရေစီကျင့်စဉ်နှင့် စိတ်ထားများတိုးပွားရင့်သန်စေရေး အထောက်အပံ့ဖြစ်စေရန်ဖြစ်ပါကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားပေးခဲ့သည်။

ထိုရုပ်ရှင်ပွဲတော်ပြပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

အဆိုပါ အခမဲ့ ရုပ်ရှင်ပြပွဲသည် တစ်နေ့လျင်(၁၀း၀၀)နာရီတစ်ကြိမ်၊ (၁၂း၃၀)တစ်ကြိမ်၊ (၃း၃၀)တစ်ကြိမ်၊ (၅း၃၀)တစ်ကြိမ်၊ (၈း၀၀)နာရီတစ်ကြိမ် ဇာတ်လမ်းအပြောင်းအလည်းဖြင့် ပြသပေးသွားမည်ဖြစ်ကြောင်း လည်းသိရှိရပါသည်။

နန်းသဲင်ခံ,
Powered by Blogger.