Thursday, September 28, 2017

“ပအိုဝ်းတွေက ပျားတွေလိုဘဲ စည်းစည်းလုံးလုံးနေတယ်၊ သူတစ်ပါးကို မထိဘူး၊ ကိုယ့်ကိုလာထိရင်တော့ ငြိမ်ခံမှာလည်း မဟုတ်ဘူး ” ဟု ဗိုလ်မှူးခွန်ဆန်းကျော် ဆို

တောင်ကြီး၊၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်







အထူးဒေသ(၆) လွိုင်လင်မြို့နယ်၊ ဟွေးတောက်ကျေးရွာအုပ်စု၊ မက်ခီးနူဘုန်းတော်ကြီးကျောင်း၌ ဒေသရှင်သန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) (ခမ်း၊ နယ်;၊ အွိုင်;)အဖွဲ့က ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်တော်(PNA)၊ ဗဟိုဌာနချုပ်ရုံး အတိုင်ပင်ခံပုဂ္ဂိုလ် ဗိုလ်မှူးခွန်ဆန်းကျော်က ဤသို့ ပြောဆိုခဲ့သည်။
 
“ကျွန်တော်တို့ ပအိုဝ်းတွေက ရိုးသားတယ်၊ ကြိုးစားတယ်။ ဒါကြောင့် သူတစ်ပါးကို အနိုင်ကျင့်ချင်တဲ့စိတ်၊ သူတစ်ပါးကို တိုက်ခိုက်ချင်တဲ့စိတ် မရှိကြဘူး။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ပအိုဝ်းတပ်မတော်က ပျားတွေလိုဘဲ စည်းစည်းလုံးလုံးနေတယ်၊ သူတစ်ပါးကို မထိဘူး၊ ဒါပေမဲ့ ကိုယ့်ကိုလာထိုး၊ လာထိရင်တော့ သည်းခံမှာ မဟုတ်ဘူး၊ ပြန်တိုက်ရမှာဘဲ။ ကျွန်တော်တို့ပအိုဝ်းတွေက ငြိမ်းချမ်းချင်တဲ့ လူဖြစ်တဲ့အတွက် အစိုးရတပ်မတော်နဲ့ ငြိမ်းချမ်းရေးရယူပြီး ငြိမ်းချမ်းရေးခိုင်မြဲအောင် တည်ဆောက်နိုင်တာ ဖြစ်တယ်” ဟု ဗိုလ်မှူးခွန်ဆန်းကျော်က ပြောပါသည်။

ပအိုဝ်းတော်လှန်ရေးတစ်လျှောက်တွင် မိဘပြည်သူများ ဒုက္ခဆင်းရဲကြုံတွေ့မှာ စိုးရိမ်သောကြောင့် မိမိတို့ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းများနှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲများမဖန်တီးခဲ့ကြောင်း၊ မိမိတို့ဒေသ တိုးတက်ရန်အတွက် မိမိတို့အစ်ကိုချင်းချင်း အမြဲစည်းလုံးရ မည်ဖြစ်ပြီး အမြင်ကျယ်ရန်လိုအပ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်များကို မွေးမြူရမည်ဖြစ်ကြောင်း  နမ့်စန်မြို့နယ်၊ တိုင်ကောင်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် PNO ဗဟိုအလုပ်အမှုဆောင် ဖြားဆရာကိုးကလည်း ဆိုထားပါသည်။

ထိုလူထုတွေ့ဆုံပွဲတွင် “လူမျိုးတစ်မျိုးမှာ သူ့လူမျိုးကို ကာကွယ်ဖို့ စစ်တပ် မရှိရင် သူ့လူမျိုးလည်းအဆိပ်ရှိမှာ မဟုတ်ဘူး၊ စစ်တပ်ဖွဲ့ရှိမှ သူ့လူမျိုးလည်း အဆိပ်ရှိမှာဖြစ်တယ်၊ ကျွန်တော်တို့ စစ်တပ်ထားရခြင်းက ဒေသလုံခြုံရေးကို ကာကွယ်နိုင်ဖို့သက်သက်ပါ။ ကျွန်တော်တို့ ပအိုဝ်းလက်နက်ကိုင် တပ်ဖွဲ့ကလည်း အကြောင်းမဲ့ ပေါ်လာတာမဟုတ်ဘူး၊ ၁၉၂၃ခုနှစ် ဒီကောင်ခယ်;ဒေသမှာ ဖြားတန်ကောင်ခယ်;က ဦးဆောင်ပြီး ပဒေသရာဇ်စနစ်ကို စတင်တော်လှန်ကတည်းက ဖြစ်တည်လာတာ ဖြစ်တယ်၊ တစ်နည်းပြောရရင် ကျွန်တော်တို့က စစ်ကိုကြောက်လို့သာ စစ်သားလုပ်ရတာပါ” ဟု အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်တော်(PNA)၊ တွဲဖက်ကွပ်ကဲရေးမှူး (၂) ဒု-ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်းက ဤသို့ ဆိုထားပါသည်။

အဆိုပါ မက်ခီးနူဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သော လူထုတွေ့ဆုံပွဲက အမျိုးသား အခွင့်အရေးအပြည့်အ၀ရရှိနိုင်ရန်အတွက် ပြည်သူများအနေဖြင့် အမျိုးသားမှတ်ပုံတင်များ ကိုယ်စီပြုလုပ်ရန် လိုအပ်ကြောင်း၊ မှတ်ပုံတင်ရှိမှသာ ပညာသင်ခွင့်၊ မဲထည့်ခွင့် ရရှိမှာဖြစ်ကြောင်း၊ အမျိုးသားမှတ်ပုံတင်မရှိပါက တရားဝင်နိုင်ငံသားဖြစ်မည် မဟုတ်ကြောင်း၊ ထို့ပြင် အစိုးရဌာနဆိုင်ရာများတွင် ပအိုဝ်းလူငယ်များ တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ မိမိတို့ပအိုဝ်းဒေသရှင်သန်ရန်အတွက် “ပြုပြင်၊ ကာကွယ်၊ ဖန်တီး၊ ထိန်းသိမ်းခြင်း” ဟူသော နည်းစနစ်ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း ဗိုလ်မှူးခွန်ဆန်းကျော်က တိုက်တွန်းထားသည်။

ထိုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီမှ ဖြားခွန်ဆရာကိုးက ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)၏ ရှေ့လုပ်ငန်းစဉ်များကို သော်လည်းကောင်း၊ PNO ဗဟိုကော်မတီဝင် ဖြားပညာသန်က ဒေသရှင်သန် ဖွံ့ဖြိုးရေးလုပ်ငန်းကိုသော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားတပ်မတော် PNA ဗဟိုဌာနချုပ်ရုံးမှ အကြံပေး ဗိုလ်မှူးခွန်ဆန်းကျော်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၏ စစ်ဘက်ဆိုင်ရာလိုက်နာရမည့်ကျင့်ဝတ်နှင့် အမျိုးသားအခွင့်အရေးကို သော်လည်းကောင်း၊ PNA အထူးတပ်ရင်း ကွန်မန်ဒိုတပ်ခွဲ(၂) ဗိုလ်ကြီးမောင်းက သော်လည်းကောင်း၊ (PNO)ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူးခွန်စောလွင်က ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်း၏ လုပ်ဆောင်ချက်များကို သော်လည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ဒေသခံ(၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

နဂါ့ခွန်
Powered by Blogger.