Thursday, September 28, 2017

အဖွဲ့အစည်းသမိုင်းကိုပြန်ပြောနေခြင်းသည် မူဝါဒချမှတ်ရာတွင် အထောက်အကူပြုရန်နှင့် ပြည်သူများမှန်ကန်စွာသုံးသတ်နိုင်ရန်ဖြစ်သည်ဟုဆို

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်






အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ခမ်း၊ နယ်၊ အွိုင်း အဖွဲ့က ဒေသအုပ်ချုပ်ရေးပိုမိုရှင်သန်စေရန် ကျောက်တလုံးကြီးမြို့နယ်၊ အသုံးတော်ကျေးရွာအုပ်စု နမ့်ကွတ်ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများကို စက်တင်ဘာ (၂၈) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။

" အဖွဲ့အစည်း၏သမိုင်းကြောင်းကို ပြန်ပြောနေခြင်းသည် ဂုဏ်ယူဝါကြွားလို၍မဟုတ်ဘဲ ပစ္စုပ္ပန်နှင့် အနာဂါတ်အတွက် မူဝါဒချမှတ်ရာတွင် အထောက်အကူပြုရန်နှင့် ပြည်သူများလည်း မှန်မှန်ကန်ကန်ဝေဖန်သုံးသတ်နိုင်ရန်အတွက်ဖြစ်ကြောင်း" ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက ပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ဥပဒေရေးရာဌာန ခွန်ဆက်အောင်က ဗဟိုဌာနချုပ်ရုံး၏ လုပ်ဆောင်ချက်များကို အကျယ်တ၀င့်ပြောကြားခဲ့ပါသည်။

ကန်တော်ကြီးမြို့နယ်၊ အလုပ်အမှုဆောင် စိုင်းကုလက မူးယစ်ဆေးဝါးများရောင်းဝယ်သုံးစွဲမှုများ မလုပ်ဆောင်ရန်နှင့် တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွှတ်စွာနေထိုင်လုပ်ကိုင်ကြရန် စသည်တို့ကိုပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားတပ်မတော်(PNA) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ဗိုလ်မှူးကြီးခွန်မြင့်အောင်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးပြဿနာမှ အကြမ်းဖက်ကိစ္စပေါ်လာပြီး နိုင်ငံရေးသမားတို့၏ကစားကွက်များဖြင့် နိုင်ငံတော်လုံခြုံရေးထိပါးလာရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်သည် မိမိတို့ဒေသမ၀င်နိုင်ရန် တစ်ဦးချင်း၊ တစ်အိမ်ချင်း၊ တစ်ရွာချင်း ဒေသတစ်ခုလုံးစသည်ဖြင့် စုပေါင်းတိုက်ထုတ်ရမည်ဖြစ်ကြောင်း စသည်တို့ကို အကျယ်တ၀င့်ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို ဒေသခံပြည်သူများ (၂၅၀)ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

ခွန်ခမ်းခြိုင်
Powered by Blogger.