Wednesday, November 22, 2017

ဒေသဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ နောင်တရားမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများအား ဆက်လက် တွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်







ဒေသဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန် ရည်ရွယ်၍ ပင်လောင်းမြို့နယ်သို့ ကွင်းဆင်းရောက်ရှိနေသော ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖမိဘပြည်သူလူထုများအား တွေ့ဆုံပွဲ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု သွားရောက်တွေ့ဆုံမှုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)၊(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်း၊ ခွန်စောအောင် ဒေသဦးစီးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ လည်း လိုက်ပါတက်ရောက်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ယခုကဲ့သို့ နောင်တရားမြို့ရှိ ဌာနဆိုင်ရာများနှင့် မိဘပြည်သူများကို လာရောက်တွေ့ဆုံရခြင်းမှာ မိဘပြည်သူများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် နောင်တရားဒေသရှိ (Pilot Project)ကြောင့် ဆောင်ရွက်နေသော ဘိန်းအစားထိုးလုပ်ငန်းများကို ကြည့်ရှုလေ့လာခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပါကြောင်း၊ ထို့အတူ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အနေဖြင့်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် ဥာဏ်စွမ်း၊ ကိုယ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှသော်လည်းကောင်း၊ ဌာနဆိုင်ရာများနှင့်သော်လည်းကောင်း၊ နိုင်ငံတကာ၏အကူအညီများနှင့်သော်လည်းကောင်း ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားများအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမှသာလျှင် လူနေမှုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နောင်တရား ပညာရေး အောင်ချက်မြှင့်မားစေရန် ဆရာ/မများအနေဖြင့် ကြိုးစားအားထုတ်စေလိုကြောင်း၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို ကလေးငယ်တိုင်း ထိုးနိုင်ရန် ၀ိုင်းဝန်းတိုက်တွန်းစေ လိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက နောင်တရားမြို့ ဖြစ်ပေါ်လာပုံကို သော်လည်းကောင်း၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းက မိမိတာဝန်ထမ်းဆောင်နေသော လွှတ်တော်အကြောင်း၊ ဒေသတွင်း မူးယစ်ဆေးဝါးနှင့် စီးပွားရေးအကြောင်းနှင့် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာ အသီးသီးတို့မှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြကာ ရပ်မိရပ်မိဘပြည်သူများက မိမိတို့ကျေးရွာအတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို တင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဒေသဦးစီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ပေါအင်ကျေးရွာအုပ်၊ ထီရယ်ကျေးရွာ (အ.ထ.က)ခွဲ ကျောင်းသို့ သွားရောက်ပြီး ဆရာ/မများနှင့် ကျောင်းကော်မတီများအား တွေ့ဆုံပြီး ကျောင်းလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် ထီရယ်ကျေးရွာတွင် နေ့လယ်စာ သုံးဆောင်ပြီး ထီရယ်ရွာရှိ မန္တလေးနည်းပညာတက္ကသိုလ်တက်ရောက်မည့် ထီရယ်ရွာသူမလေး နင်းမြခင်အား ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.