Tuesday, November 7, 2017

အစိုးရဌာနဆိုင်ရာများ၊ UN,NGO များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ၂၀၁၇-ခုနှစ် အထွေထွေ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်



၂၀၁၇-ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်၊ နံနက်(၉း၀၀)နာရီအချိန်တွင် အစိုးရဌာနဆိုင်ရာများ၊ UN,NGOများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ၂၀၁၇-ခုနှစ် အထွေထွေတွေ့ဆုံညှိနှိုင်းပွဲကို တောင်ကြီးမြို့၊ Taunggyi Hotelတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားကို ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာဦးအောင်သန်းမောင်မှ ‘ဒေသဖွံ့ဖြိုးရေး၊ ဒေသန္တရစီမံအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍတစ်ခုခုတွင် လုပ်ဆောင်နေသော တောင်ကြီးမြို့နယ် ဌာနဆိုင်ရာများ၊ တောင်ကြီးမြို့ပေါ်အခြေစိုက် UN ageciesများ၊ INGOနှင့် LNGOများ၏ ၃ လပတ်အထွေထွေတွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို- (၁) တောင်ကြီးမြို့အခြေစိုက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအကြား သတင်းအချက်အလက်များ ဖလှယ်ဝေမျှနိုင်စေရန်၊ (၂) အစိုးရဌာနဆိုင်ရာများ၊ လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် (၃) ဌာနဆိုင်ရာများနှင့် UN, NGOအဖွဲ့အစည်းများအကြား ပိုမိုအားကောင်းသော ဆက်သွယ်ချိတ်ဆက်မှုတည်ဆောက်နိုင်စေရန်တို့ကို ရည်ရွယ်လျှက် အလှည့်ကျ ဦးဆောင်မှုပုံစံဖြင့် နှစ်စဉ်ပြုလုပ်လာခဲ့ရာ ၂၀၁၆-ခုနှစ် ဒုတိယနှစ်ဝက်ထိ ပုံမှန်ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဖွံ့ဖြိုးရေး အဖွဲ့အစည်းတချို့၏ လုပ်ငန်းအခက်အခဲများကိုလည်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများတွင် သက်ဆိုင်ရာဌာနမှ နည်းပေးလမ်းညွှန်မှုဖြင့် ဖြေရှင်းနိုင်ခဲ့သည့် အကျိုးကျေးဇူးများ ရရှိခဲ့တာကိုလည်း လေ့လာသိရှိရပါသည်။

အထက်ဖော်ပြပါရည်ရွယ်ချက် (၃)ရပ်အပြင် အစိုးရဌာနဆိုင်ရာများ၊ UN၊ INGO၊ LNGO၊ CSO စသည့် လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့အစည်းအသီးသီး၏ ဖွံ့ဖြိုးရေးရည်မှန်းချက်နှင့် လုပ်ငန်းများသည် ရှမ်းပြည်နယ်အစိုးရ၏ ဒေသန္တရဖွံ့ဖြိုးရေး ဦးတည်ရည်မှန်းချက်များနှင့် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက် (SDG)များနှင့် ကိုက်ညီမှုရှိမရှိ အနေအထားများကို ဆွေးနွေးသုံးသပ်ရန် နှင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်လုပ်ငန်းရည်မှန်းချက်အပေါ် အကောင်ထည်ဖေါ်ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေးဖလှယ်ခြင်းများပြုလုပ်နိုင်ရန်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း’ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး ဆရာဦးသင်းခိုင်(UNDP)မှလည်း အဖွင့်အမှာစကားပြောကြားပေးခဲ့ပါကြောင်း သိရှိရပါသည်။

အဆိုပါ ဆွေးနွေးပွဲပြုလုပ်ရသောရည်ရွယ်ချက်မှာ အစိုးရဌာနဆိုင်ရာများ၊ UNအဖွဲ့အစည်းများနှင့် INGO၊ LNGO၊ CSOစသည့် လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့အစည်းများအကြား ရင်းနှီးမှု၊ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန်၊ ရှမ်းပြည်နယ်အစိုးရ၏ ဒေသန္တရဖွံ့ဖြိုးရေးရည်မှန်းချက်များ၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (SDGs)နှင့် ကိုက်ညီမှုများကို ဆွေးနွေးဖော်ထုတ် သုံးသပ်ရန်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လုပ်ငန်းရည်မှန်းချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေကို ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

အခမ်းအနားသို့ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီးဒေါက်တာ ဦးအောင်သန်းမောင်၊ အစိုးရဌာနဆိုင်ရာများ၊ ဆရာဦးသင်းခိုင်(UNDP)၊ ပြည်နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ဒေါ်လှလှနု၊ UN agencies၊ INGO၊ LNGOနှင့် CSOအဖွဲ့အစည်းများ စုစုပေါင်းလူဦးရေ(၅၀)ခန့်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.