Wednesday, December 13, 2017

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကြီး ကျင်းပရာတွင် ကျင်းပရေးကော်မတီမှ ရန်ပုံငွေအတွက် ကျေးရွာနှင့်နယ်များတွင် ငွေကောက်ခံခြင်းမရှိကြောင်း ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြားခွန်စံလွင် ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်


(၁၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ကျောက်တလုံး ကြီးမြို့နယ်ရှိ နောင်ကားဘောလုံးအားကစားကွင်းတွင် ၂၀၁၇၊ ဒီဇင်ဘာ(၁၃)ရက်နေ့၌ စတင်ကျင်းပခဲ့ရာ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပြိုင်ပွဲကျင်းပရာတွင် ရန်ပုံငွေအတွက် ငွေကြေးကောက်ခံခြင်းမရှိဟု ပြောကြားခဲ့ကြောင်း သိရသည်။







လူငယ် လူရွယ်များအနေဖြင့် အပျော်အပါးနှင့်အရက်သေစာ၊ မူးယစ်ဆေးဝါးများ မသုံးမိဖို့၊ လမ်းမှားမရောက်ဖို့၊ ကျန်းမာကြံ့ခိုင်မှုဖြစ်စေဖို့နှင့် နေရာဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးဖို့၊ ပြည်နယ်ကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာဖို့၊ ပအိုဝ်းအမျိုးသားများ၏ အမျိုးသားရေး စိတ်ဓာတ်မြှင့်တင်ပေးနိုင်ဖို့ စသည့် ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တစ်ချို့ သက်ဆိုင်ရာ နယ်များနှင့် အွိုင်းအလိုက် ဘောလုံးအသင်းများ၏ အားကစားသမားများအတွက် ၀တ်စုံဖိုး၊ ဖိနပ်ဖိုး၊ သွားရေးလာရေးစသည့် ကိစ္စများအတွက် ငွေကြေးကောက်ခံမှုမျိုးသာ ရှိသည်ဟု ကြားသိရပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီ ရန်ပုံငွေအတွက် ကောက်ခံထားခြင်းမရှိကြောင်း၊ လူမှုကွန်ယက် (facebook) ပေါ်တွင် ပြည်သူလူထု များမှ မိမိတို့အဖွဲ့ အပေါ် အထင်အမြင် လွဲမှားအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် ရေးတင်နေတာမျိုး တွေ့ရှိရသည့်အတွက် ၀မ်းနည်းမိပါကြောင်းကိုလည်း ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပြောကြားခဲ့သည်။






(၁၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်အား အလေးပြုခြင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဖြားခွန်ပီတာထွန်းနိုင်တို့မှ အားပေးစကားနှင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။ ပအိုဝ်းဘင်ခရာတပ်ဖွဲ့မှ ဂုဏ်ပြုသရုပ်ပြသခြင်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းမှ ဘင်ခရာတပ်ဖွဲ့သို့ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


 


ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် အကြီးတန်းအဆင့် (၂၁)သင်းနှင့် အငယ်တန်းအဆင့် (၁၀၅)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခွန်ဓဇ

Powered by Blogger.