Saturday, December 30, 2017

ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ၀န်ထမ်းစုံညီတွေ့ဆုံပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်

၂၀၁၇၊ ဒီဇင်ဘာ(၃၀)ရက်နေ့၊ ဆီဆိုင်မြို့နယ်၊ နောင်ခမ်းဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ၀န်ထမ်းစုံညီတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုတွေ့ဆုံပွဲတွင် ဦးစွာပထမ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ဥက္ကဋ္ဌ ဖြားဦးအောင်ခင်က ၂၀၁၇-ကုန်ဆုံးလို့ ၂၀၁၈ -နှစ်သစ်ရောက်ရှိလာတော့မည်ဖြစ်ရာ ၀န်ထမ်းများအနေဖြင့် ကိုယ်လုပ်ဆောင်ခဲ့သည့်အရာများ၊ ကိုယ့်လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီး ၂၀၁၈-ခုနှစ်တွင် ဒီထက်မက ပိုမိုစွမ်းဆောင်နိုင်ဖို့ လိုအပ်ကြောင်း၊ အတ္တ-ပရ မျှတအောင် အလုပ်လုပ်ဆောင်ဖို့လိုပြီး ပြည်သူများက မိမိကို အားကိုးလာအောင် ဒီထက်မက ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်ကြောင်းစသည့် အဖွင့်အမှာစကားကို ပြောကြားခဲ့သည်။ 


ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက ပအိုဝ်းအမျိုးသားများအနေဖြင့် ဒီလိုအခြေနေမျိုးဖြစ်လာအောင် ဘိုးဘွားစဉ်ဆက် ကြိုးစားလာခဲ့ကြောင်း၊ ပဒေသရာဇ်ခေတ်စနစ်ချိန်ခါတွင် ညီနောင်တိုင်းရင်းသားများက ပညာရေး ကောင်းကောင်းမသင်ခဲ့ရ၊ စီးပွားရေးလည်း ကောင်းကောင်းမလုပ်ဆောင်ခဲ့ရကြောင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေက တောင်ပေါ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ၏ ပြဿနာအရပ်ရပ်ကို သိမြင်ကာ သူပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများစသည့် ပစ္စည်းဥစ္စာများကို ရောင်းထုတ်ပြီး ပညာတတ်စေရန်  အောက်ပြည်ရှိ ပညာတတ်များကို ခေါ်ဆောင်ကာ ကျောင်းဆရာလုပ်ခိုင်းပြီး တောင်ပေါ်ဒေသရှိ ကလေးငယ်များအား စာသင်စေခဲ့ကြောင်း၊သူ၏နိုင်ငံရေးသည် တည်ဆောက်ရေးဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားများအနေဖြင့် ရည်မှန်းချက်အောင်မြင်ဖို့ အတွက် PNO ပါတီ၊  PNA အဖွဲ့များ၏ အားနှင့် မလုံလောက်ပဲ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ တိုင်းရင်းဆေးအဖွဲ့ နှင့် အခြားအဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်း ကြိုးစားလုပ်ဆောင်မှသာလျှင် အောင်မြင်မည်ဖြစ်ကြောင်းစသဖြင့် အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ အကြံပေး အတိုင်ပင်ခံပုဂ္ဂိုလ် ဆရာကြီး ဖြားခွန်အုန်းငွေ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်း၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဒုဥက္ကဋ္ဌ ဖြားခွန်မောင်ဘော်တို့မှလည်း အသီးသီး အမှာစကားများ ပြောကြားခဲ့ပြီး၊ နောင်ခမ်းဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်း မန်နေဂျာ ဖြားခွန်မျိုးညွန့်က နောင်ခမ်းသမိုင်းကြောင်းများ၊ (တွဲလက်)စီမံကိန်းမန်နေဂျာ နန်းသင်းသင်းဖြူက တွေ့ဆုံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် အတွင်းရေးမှူး ခွန်ချစ်ဦးမှ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့အစည်းအကြောင်းများကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။



ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ကို ၂၀၁၂-ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီ၏ လမ်းညွှန်မှုဖြင့် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ၀န်ထမ်းအင်အား (၆၃)ဦးဖြင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်အခန်းကဏ္ဍ၊ အဖွဲ့စွမ်းရည်မြှင့်တင်ရေးကဏ္ဍများ စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

ခွန်ဓဇ

Powered by Blogger.