Thursday, December 7, 2017

ပျော်ရွှင်ဖွယ်ကောင်းသော ပအိုဝ်းလူမျိုးတို့၏ စပါး(ကောက်)ရိတ်သိမ်းသည့် ဓလေ့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်

မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်း ဟူသော ရာသီဥတုသုံးပါးကို အမှီပြုပြီး စိုက်ပျိုးရေး ထွန်းကားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည်။ မြန်မာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားလူမျိုး အများစုတို့သည်လည်း တောတောင် ရေမြေသဘာဝကို မှီခိုပြီး စိုက်ပျိုးရေးလုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုကြသည်ကို တွေ့ရှိရ ပါသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ဒေသတွင် လက်ဘက်၊ သနပ်ဖက်၊ အာလူး၊ ကြက်သွန်ဖြူ၊ ပြောင်း၊ စပါး၊ ဂျုံ၊ ကော်ဖီ၊ ကော်ဖီထုတ်၊ ပန်းကော်ဖီ၊ ဂျင်း၊ နနွင်း၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ ဂေါ်ရခါးသီး၊ ငြုပ်သီး၊ ဗာဂျီးနီးယားနှင့် ပဲအမျိုးမျိုး စသည့်သီးနှံများ ရာသီအလိုက် စိုက်ပျိုးထွက်ရှိသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ပအိုဝ်းတိုင်းရင်းလူမျိုးတို့၏ဒေသတွင် လယ်ယာမြေနှင့်တောင်ယာတို့၌ တွေ့ရှိရသော သီးနှံမျိုးစုံစိုက်ခင်းတို့အပြင် ဆောင်းရာသီသို့ရောက်ရှိလာသောအခါ ဝါဝါဝင်းဝင်းရနံ့သင်းသင်းစပါးခင်းတို့ သည် သဘာဝအလှအပကို အရောင်အသွေးခြယ်သလျှက်ရှိသည်ကို တွေ့မြင်နေရမည်ဖြစ်သည်။ သို့သော် သီးနှံဟူသည် စိုက်ပျိုးရာသီတွင် စိုက်ပျိုးပြီးသည့်နောက် ရိတ်သိမ်းရာသီရောက်လာလျှင် ရိတ်သိမ်းရမည် ဖြစ်ပါသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် လယ်ယာနှင့်တောင်ယာစပါးခင်းများကို တန်ဆောင်မုန်းလ နှင့် နတ်တော်လတို့တွင် ရိတ်သိမ်းကြသည်ကို သိရှိရပါသည်။ စာရေးသူအနေဖြင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးတို့၏ဓလေ့ရိုးရာ စပါး(ကောက်)ရိတ်သိမ်းမှု ပုံရိပ်များကို စာဖတ်သူပရိတ်သတ်တို့ ဗဟုသုတအနေဖြင့် သိရှိလာစေရန် ရည်ရွယ်၍ ရေးသားဖော်ပြလိုပါသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် သောအားဖြင့် တောင်ကုန်းတောင်စောင်းစိုက်ခင်း တို့တွင် တောင်ယာစပါးကိုသာ စိုက်ပျိုးကြရသောကြောင့် ခေတ်မီစိုက်ပျိုးရေးစက်ပစ္စည်းများအသုံးပြုရန် ခက်ခဲမှုရှိ သည်ကို ကြုံတွေ့နေကြရသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် စပါးခင်းများကို ရိတ်သိမ်း ရာတွင် တံဇဉ်(န.ဇံ)များကိုသာ အသုံးပြုကြရိတ်သိမ်းကြပြီး လူအင်အားဖြင့်သာ စပါးခြွေကြရပါသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ စပါးရိတ်သိမ်းခြွေပုံမှာ အပြန်အလှန်ကူညီ(မာ.ပဒေါ့.)ကြပြီး စုပေါင်းစပါးရိတ်ကြသည်။ မိမိစပါးခြံတွင် အခြားသူကလိုက်၍ စပါးရိတ်ကူညီပြီးသည့်နောက် အခြားသူ၏ စပါးခြံတွင်လည်း ပြန်လည်ပြီး စပါးရိတ်လိုက်ကြသည်။ ထိုသို့ အပြန်အလှန်(မာ.ပဒေါ့.)ကူညီပြီး စပါးရိတ် လိုက်ပေးကြခြင်းဖြင့် လုပ်အားများများရရှိကာ လုပ်သားခကုန်ကျမှုမရှိသည့်အပြင် စပါးခင်းထဲတွင် သာသာ ယာယာ တီတီတာတာစကြနောက်ကြ တစ်ဦးနှင့်တစ်ဦးစကားပြောကြ ဟာသနောကြ ဟေးလေးဝါးလား ပျော်ပျော်ပါးပါးဖြင့် စပါးခင်း တစ်ခင်းပြီးတစ်ခင်း စပါးရိတ်လိုက်ကြသည်။ ရိတ်ပြီးသည့် စပါးများကို အစည်း လိုက်အတန်းလိုက် အစီအရီညီညီညာညာဖြင့် ထိုစပါးခင်းထဲတွင်သာ နေကိုအခြောက်ခံ(အခြောက်လှန်း) ကြသည်။
အခြောက်ခံ(အခြောက်လှန်း)ထားသည့်စပါးများ အတန်အသင့်ခြောက်သွေ့သွားသော် စပါးခြွေ သိမ်းကြသည့်အခါတွင်လည်း အပြန်အလှန်ကူညီ(မာ.ပဒေါ့.)ကြပြီး စပါးခြွေကြသည်။ စပါးခြွေသိမ်းပုံမှာ ထိုစပါးခင်းမြေပြန့်ပြင်ပေါ်တွင် ဝါးဖြင့်ပြုလုပ်ထားသောအခင်းဖျာ(သို့မဟုတ်)မိုးကာများကို အသုံးပြုကာ ပထမဦးစွာ အောက်ခံခင်းကြပြီး လေတိုက်မှုကြောင့် စပါးစေ့များလွင့်စင်သွားခြင်းမရှိအောင် အကာအရံ များပြုလုပ်ကြသည်။ ထို့နောက် စပါးခြွေ(ပုတ်)ရန်ပြင်ဆင်ထားသော အထက်ပါနေရာအခင်း၏ အနီးတွင် စပါးခင်းပိုင်ရှင်မှ စပါးစည်းအနည်းငယ်ကို ဖိုခနောက်ပုံစံဖြင့်စုပုံထားပြီး ၎င်းအပေါ်တွင်(ပအိုဝ်းအခေါ် -တင်>ဗွူခြို>)ထမင်းဦးဟင်းဦးဖြင့် ပဿဦးတင်ကာ မြေကြီးပေါ်တွင် အရက်အနည်းငယ်(ပအိုဝ်းအခေါ် -ဆျာ.ဖလေဉ်)လောင်းချကာ စပါးအထွက်တိုး(များ)ပါစေကြောင်း စသည်ဖြင့် ဆုတောင်းကြသည်။
ထို့နောက် စပါးခြွေ(ပုတ်)ရန်ပြင်ဆင်ထားသော အထက်ပါနေရာအခင်း၏ အလယ်တွင်(ပအိုဝ်း အခေါ် - တင်>/တွန်>)စပါးခြွေ(ပုတ်)ရာတွင် အသုံးပြုသည့် စင်ကိုထားရှိပြီး ၎င်း၏အောက်ခြေတွင် စပါးခင်း ပိုင်ရှင်က(ပအိုဝ်းအခေါ် - တင်>ဗွူခြို>)ထမင်းဦးဟင်းဦးနှင့် သစ်သီးအမျိုးမျိုးတို့ကိုထားကာ ထပ်မံဆုတောင်း မှုပြုပြီး စပါးခင်းပိုင်ရှင်မှ စပါးစည်းအနည်းငယ်ကိုယူကာ ဦးဆုံး စပါးခြွေ(ပုတ်)သည် နှင့် စပါးအား ဝိုင်းဝန်း ခြွေ(ပုတ်)ပေးကြမည့်အခြားသူများက စပါးခြွေ(ပုတ်)ရာတွင် အသုံးပြုသည့်စင်အောက်တွင် ထားရှိသည့် ထမင်းဦးဟင်းဦးနှင့် သစ်သီး အမျိုးမျိုးတို့ကို သွက်သွက်လက်လက် အလုအယက်ဖြင့် သူယူငါယူ လုယူကြ ကာ ဝိုင်းဖွဲ့စားသောက်ကြသည်။ ပျော်ပျော်ပါးပါး စားသောက်ပြီးကြသည့်အခါ အမျိုးသမီးများက စပါးခင်း ထဲတွင် အခြောက်ခံ (အခြောက်လှန်း)ထားသော စပါးစည်းများကို သွားရောက်သယ်ဆောင်လာပြီး စပါးခြွေ (ပုတ်)ရန် ပြင်ဆင်ထားသော နေရာအခင်းအနီးတွင်ချထားကာ အမျိုးသားများက စပါးစည်းများကိုယူ၍ စပါးခြွေ(ပုတ်)ရာတွင် အသုံးပြုသည့်စင်ပေါ်သို့ “ဝါးတလားလား”ဟုပြိုင်တူအော်ဆိုကြကာ စတင်စပါး ခြွေ(ပုတ်)ကြသည်။
ထို့နောက် ဟေးလေးဝါးလား ပျော်ပျော်ပါးပါးဖြင့် ဆက်လက်စပါးခြွေ(ပုတ်)ကြရာ အချို့လူပျိုက မိန်းမပျိုလေးများအား စကားစစ်ထိုး(ပအိုဝ်းအခေါ်-ငေါဝ်းကဲးဝင်.)ကြပုံမှာ “အွိုး-------အွိုး-------ဟန်>နေင်> တန်ယို နီမွိုးသီးပိုခို ဗွူကသမ်းဆ. သမ်းလ.အာ အွိုး------အွိုး----- စူလောင်.တန်တန် နီမွိုးသီးပနမ် နင်>ယောင်.ရေ. နာ.သဲင်.လွဉ်.ခန်းနီလမ်း နာ.သဲင်.ထောင်းဖေ>ခန်း နီမွိုးဗွူ----နယ်ဟွေးဟွေ> (ဒီနှစ် စပါးကအထွက်များတော့ လက်မောင်းသန်သန်မိန်းမပျိုးလေးရေ အစ်ကို့အိမ်မှာ အပြီးလိုက်နေကာ အမေ့စပါးကို လိုက်ထောင်းပေးပါတော့လား)လူပျိုဘက်ကစတင် စကားစစ်ထိုး(ကဲး)ကြသည်။ ထို့နောက် မိန်းမပျိုဘက်မှလည်း အားကျမခံဖြင့် “အွိုး------အွိုး------နင်>နီ ဟို့.ပေ>တထာ နာ.ထွုမ်>လွူးမဉ်>ဒါ> သဲင်.ထောင်းဖေ>ဗာ>ခန်း ဝေးခိုသီးဗွူလဲ့ သဲင်.လွဉ်.အောဝ်>လ.ဒျာ> နယ်ဟွေး ဟွေ>”(ဝမ်းတထွာစာကို တစ်သက်လုံးရှာကြွေးနိုင်သပဆိုရင် စပါးလိုက်ထောင်းပေးရလည်း အစ်ကိုနှင့်တစ်သက်လုံး လိုက်နေလို့ရ ပါတယ်)ဟု ပြန်လည်စကားစစ်ထိုးကြသည်။ ဆက်လက်ပြီး ကိုလူပျိုတို့က မိန်းမပျိုတို့အား စကားစစ်ထိုး လိုက်၊ မိန်းမပျိုးလေးတို့က ကိုလူပျိုတို့ကို စကားစစ်ပြန်ထိုးလိုက် အမျိုးသားများက စပါးခြွေ(ပုတ်)လိုက်၊ အမျိုးသမီးများက စပါးစည်းများကို သယ်ယူလာပေးလိုက်နှင့် စပါးစေ့များသည် စပါးခြွေ(ပုတ်)ရာတွင် အသုံးပြုသည့် စင်အောက်တွင် အနည်းငယ်စုပုံလာသည်နှင့် ၎င်းစပါးပုံပေါ်တွင် တံဇဉ်(န.ဇံ)တစ်လက်ကို စပါးခင်းပိုင်ရှင်၏အိမ်ရှိရာအရပ်သို့မျက်နှာမူလျှက် ဒေါက်လိုက်စိုက်ထူထားပြီး စပါးဆက်လက်ခြွေ(ပုတ်) ကာ စပါးပုံတစ်ဖြေးဖြေးမြင့်တက်လာသည်နှင့် တံဇဉ်(န.ဇံ)ထိပ်ဖျားသို့ရောက် သောအခါ တံဇဉ်(န.ဇံ)အား အပေါ်သို့ပြန်ဆွဲတင်လိုက် စပါးဆက်လက်ခြွေ(ပုတ်)လိုက်၊ တံဇဉ်(န.ဇံ)အား အပေါ်သို့ပြန်ဆွဲတင်လိုက် စပါးဆက်ခြွေ(ပုတ်)လိုက်နှင့် ဆက်လက်စပါးခြွေ(ပုတ်)ကြသည်။ စပါးခြွေ(ပုတ်) ရာမှ ထွက်လာသော အမိုက်များကို တစ်ဦးဦးမှတာဝန်ယူပြီး ဝါးချောင်းတစ်ခုထိပ်ပိုင်းကို လက်ဝါးဖြန့် ထားသည့်ပုံစံဖြစ်အောင် ခွဲခြမ်းပြုလုပ်ကာ အမိုက်သရိုက်များလိုက်လံရှင်းလင်းပေးရသည်။
ထိုသို့ စပါးစည်းများသယ်ကြရင်း၊ စပါးခြွေ(ပုတ်)ကြရင်း၊ အမိုက်များ လိုက်လံရှင်းလင်းရင်း၊ အပြန်အလှန် စကားစစ်ထိုးရင်းနှင့် ပျော်ပျော်ပါးပါး ဟေးလေးဝါးလားဖြင့် စပါး(ကောက်)ရိတ်သိမ်းပွဲကို နွဲပျော်ကြပြီး စပါးခြွေ(ပုတ်)ပြီးသွားသောအခါ နေ့လယ်စာစားသောက်ကြရန် ခေတ္တနားကြ ပါသည်။ နေ့လယ်စာစားသောက်ရာတွင်လည်း စပါးခင်းပေါ်တွင် အခင်းများခင်းကျင်းကာ ထမင်းဟင်းလျာများကို ပြင်ဆင်ပြီး အားလုံးဝိုင်းဖွဲ့ကာ ပျော်ပျော်ပါးပါးစားသောက်ကြသည်မှာ အလွန်မှစားမြိန်လှပါသည်။ ထိုသို့ စားကောင်းကောင်းဖြင့် စားသောက်ပြီးသွားသောအခါ သူသူကိုယ်ကို(ထမင်းလုံးစီ)အနားယူကြပြီးသည်နှင့် လေတိုက်မှုကြောင့် စပါးစေ့များလွင့်စင်သွားခြင်း မရှိအောင် ပြုလုပ်ထားသောအကာအရံများကို စတင်ပြန်လည်ဖြုတ်သိမ်း ကြသည်။
ထို့နောက် စပါးပုံထဲတွင်ရှိသော အမိုက်သရိုက်(ဗွူမွမ်း)များကို ရှင်းလင်းရန်အတွက် အခင်းအား အနည်းငယ်ထပ်မံကျယ်ပြန့်အောင် ခင်းကြသည်။ ထို့နောက် ပုဂ္ဂိုလ်တစ်ဦးဦးက ပလိုင်း(ပအိုဝ်းအခေါ်-သေး)သို့မဟုတ် လင်ပန်း(ပအိုဝ်းအခေါ်-လဲုင့်.ပေ>)ကိုအသုံးပြု၍ မူလစပါးပုံမှ စပါးစေ့များကိုယူကာ မူလ စပါးပုံအနီးသို့ ဖြန့်ကြဲပေးရသည်။ ထိုသို့ဖြန့်ကြဲသည့်အချိန်တွင် အခြားပုဂ္ဂိုလ် (၃)/(၄)ဦးခန့်က ဝါးဖြင့် ပြုလုပ်ထားသော စပါးယက်ခပ်ရန် ယက်တောင်(ပအိုဝ်းအခေါ်- ဝီ့.ဝင်း)ကို အသုံးပြုပြီး အမိုက်သရိုက် (ပအိုဝ်းအခေါ်- ဗွူမွမ်း)များကို ယက်ခပ်ပေးကြသည်။ ဆက်လက်ပြီး စပါးပုံကို ဟိုဘက်သို့ ဖြန့်ကြဲပြီး ယက်ခပ်အမိုက်ရှင်းလိုက် ဒီဘက်သို့ ဖြန့်ကြဲပြီး ယက်ခပ်အမိုက်ရှင်းလိုက်နှင့် (၂) ခါ (၃)ခါမျှ ပြုလုပ်ပေး သည်နှင့် စပါးပုံအတွင်းရှိ အမိုက်များ ကင်းစင်သွားသည်။ ထို့နောက် စပါးများကို ဆာလာအိတ်ထဲ သို့ ဝိုင်းဝန်းထုတ်ပိုးထည့်ပေးကြပြီးသည်နှင့် ပစ္စည်းများအားလုံးသိမ်းဆည်းကာ နွားလည်းဖြင့်သော် လည်းကောင်း၊ မော်တော်ယာဉ်ဖြင့်သော်လည်းကောင်း၊ လူဖြင့်သော်လည်းကောင်း စပါးခင်းပိုင်ရှင်၏ အိမ်သို့ သိမ်းဆည်း သယ်ဆောင်သွားကြသည်။ စပါးခင်းပိုင်းရှင်အိမ်သို့ရောက် သွားသည့်အခါတွင်လည်း ဆက်လက်ပြီး အစားအသောက်များဖြင့် ဟေးလေးဝါးလားပျော်ပျော်ပါးပါးဖြင့် စပါး(ကောက်)ရိတ်သိမ်း  အောင်ပွဲကို ဆင်နွဲကြပြန်သည်ကို စာရေးသူအနေဖြင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ စပါး(ကောက်)ရိတ် သိမ်းမှုဓလေ့ ပုံရိပ်များကို စာဖတ်ပရိတ်သတ်များအား မျှဝေရေးသားတင်ပြလိုက်ရပါသည်။

ခွန်ကတောင်လေ
(ခမ်းစန္တားဟေ့.)

Powered by Blogger.