Saturday, January 27, 2018

ကျေးရွာ(၁၇)ရွာမှ တောင်သူအမျိုးသမီးများ စိုက်ပျိုးရေးနှင့်ဈေးကွက်လေ့လာရေးခရီးစဉ် ထွက်ခွာ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်




ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့်MEDA အဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည့် အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းမြှင့်တင်ခြင်းစီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာ (၁၇)ရွာကို ၂၀၁၈-ခုနှစ်၊ ဇန်န၀ါရီလ (၂၇)ရက်နေ့မှ ဖေဖော်ဝါရီ (၁)ရက်နေ့အထိ လေ့လာရေးခရီးစဉ်အတွက် အဆင်ပြေချောမွေ့စေရန် ဒီကနေ့ ဇန်န၀ါရီ(၂၇)ရက် နေ့လယ်ပိုင်း၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ရွာ(၁၇)ရွာမှ တောင်သူအမျိုးသမီးကိုယ်စားလှယ် (၅၁)ဦးနှင့် ခရီးစဉ်မထွက်ခင် တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။

အဆိုပါတွေ့ဆုံရာတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဒုဥက္ကဋ္ဌ ဆရာခွန်မောင်ဘော်မှ အခုထွက်မည့် (၆)ရက်ခရီးစဉ်အတွက် ဒေသအကျိုးသော်လည်းကောင်း ကိုယ့်အကျိုးသော်လည်းကောင်း အကျိုးရှိရှိပြန်လည် အသုံးပြုနိုင်ရန်နှင့် ခရီးစဉ်အတွင်း ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရမည့်အချက်များ၊ စသည့်လိုအပ်တာ များမှာကြားပြီး ပါရမီဖွံ့ဖြိုးရေးကွန်ယက် အတွင်းရေးမှူး ခွန်ချစ်ဦးမှ လက်ရှိဒေသအတွင်း ဈေးကွက်ဖြစ်ပေါ် နေသည့် အခြေအနေများနှင့် နိုင်ငံတကာမှ တင်သွင်းလာသည့် ဈေးကွက်အခြေအနေ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ရာ အခုထွက်မည့်လေ့လာရေးခရီးစဉ်မှ ရရှိလာမည့်အကျိုးရလဒ်များကိုလည်း ဒေသအတွင်း ပြန်လည်အသုံးပြုနိုင်ကြလိမ့်မည်ဟု အားလုံးကို ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းခရီးစဉ်၏ ရည်ရွယ်ချက်သည် ဈေးကွက်၏လိုအပ်ချက်များ၊ဖြစ်ပေါ်နေသောဈေးကွက်အခြေအနေများနှင့် အခွင့်အလမ်းများကို လေ့လာသိရှိလာစေရန်၊ ဈေးကွက်၏ လိုအပ်ချက်များကို လေ့လာသိရှိပြီး ၎င်းတို့၏ ထုတ်ကုန်များအပေါ် ပိုမိုကောင်းမွန်သော ထုတ်ပိုးပြင်ဆင်မှု ပုံစံများနှင့် ပြင်ဆင်မှုနည်းလမ်းများကို ပြန်လည်အသုံးချနိုင်ရန် ၊ တောင်သူအမျိုးသမီးများမှ ၎င်းတို့၏ ဒေသထွက်ကုန်များကို ဈေးကွက်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်လာစေနိုင်ရန်၊ အခြားဒေသမှ အောင်မြင်နေသော ငွေစုငွေချေးအဖွဲ့အစည်း အခြေအနေများကို လေ့လာသိရှိလာစေရန်နှင့် မိမိတို့ကျေးရွာများတွင် မိုမိုကောင်းမွန်သော ငွေစုငွေချေး အဖွဲ့များ ဖြစ်ပေါ်လာစေဖို့ နှင့် ပြန်လည်လမ်းညွှန်မှုများပြုလုပ်နိုင်ရန်၊ ငွေကြေးဝန်ဆောင်မှု အဖွဲ့များနှင့် ချိတ်ဆက် လုပ်ဆောင်ရာတွင် လိုအပ်သောစံနှုန်းများကို လေ့လာသိရှိပြီး မိမိတို့၏ အဖွဲ့များကို ပြန်လည်မွမ်းမံ ချိတ်ဆက်နိုင်ရန် စသည်တို့ဖြစ်ကြောင်း သိရှိရသည်။

ဤလေ့လာရေးခရီးစဉ်သည် မန္တလေးဈေးကွက်၊ ရွှေဘိုကြက်သွန်စိုက်ခင်းများ၊ ငွေစုငွေချေးအဖွဲ့များ၊ ပြင်ဦးလွင်ရှိ ရုံးဝင်းခြံနှင့် ပွေးတောင်ကြက်သွန်ခြံအား စိုက်ပျိုးရေးစနစ်များ၊ ပြင်ဦးလွင် ထုံးဘိုရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း၏ လုပ်ငန်းဆောင်တာများစသည်တို့ကိုလည်း လေ့လာသွားမှာ ဖြစ်ကြောင်း သိရသည်။

၎င်းခရီးစဉ်သည် တောင်သူအမျိုးသမီးကိုယ်စားလှယ်မှ (၅၁)ဦး၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ(၁၈)ဦးနှင့် MEDA မှ Value chain Officer (၁)ဦးတို့ပါရှိပြီး (၂၇)ရက်ညနေခင်း(၅)နာရီခွဲချိန်တွင် တောင်ကြီးမှ မန္တလေးသို့ စတင်ထွက်ခွာသွားခဲ့ကြောင်းသိရှိရသည်။

ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့သည် အမျိုးသမီးများအတွက် ဈေးကွက်အခွင့်အလမ်းများဆိုင်ရာ မြှင့်တင်ခြင်း စီမံကိန်းကို ကနေဒါနိုင်ငံအစိုးရနှင့် အလှူရှင်တို့၏ပံ့ပိုးမှုဖြင့် MEDAအဖွဲ့နှင့် ပူးပေါင်းကာ ရှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာများတွင် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည် ။ထို့ကြောင့် လက်ရှိအကောင် အထည်ဖော်လျက်ရှိသည့် ကျေးရွာပေါင်း(၁၇)ရွာအထဲတွင် တောင်ကြီးမြို့နယ်မှ (၁၂)ရွာ၊ ပင်လောင်း မြို့နယ်မှ(၁)ရွာနှင့် ဆီဆိုင်မြို့နယ်မှ(၄)ရွာစသည်တို့ဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသမီးများအတွက် ငွေစုငွေချေးအဖွဲ့နှင့်ချိတ်ဆက်မှု ရှိစေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းပညာ လက်တွေ့ အသုံးပြုလာစေရန်နှင့် ဈေးကွက်လက်လှမ်းမှီမှုရှိစေရန် နှင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အမျိုးသမီး၏ ပါဝင်မှုမြှင့်မားလာစေရန်စသည့် ကဏ္ဍ(၃)ခုဖြင့် လုပ်ငန်းအကောင်အထည်ဖော်လျက်ရှိပြီး လာမည့် ၂၀၁၈ခုနှစ် ဧပြီလတွင် ရှမ်းပြည် တောင်ပိုင်းရှိ ကျေးရွာပေါင်း(၂၁)ရွာကိုလည်း ထပ်မံအကောင် အထည်ဖော်ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည် ။

ခွန်ခမ်းမိုးဦး

Powered by Blogger.