လူမျိုးတိုင်းတွင် ယဉ်ကျေးမှုဓလေ့ကိုယ်စီရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများတွင်လည်း အပျိုလှည့်သည့်ယဉ်ကျေးမှုဓလေ့၊ လက်ထပ်မင်္ဂလာပွဲကျင်းပသည့်ဓလေ့တစ်ခုရှိပါသည်။ လူငယ်များ အပျိုလှည့်ရာတွင် မိမိရွာတွင်း၌လည်းကောင်း၊ တစ်ဦးချင်းတစ်ယောက်ချင်းဖြစ်စေ၊ အပေါင်းအသင်း များနှင့်ဖြစ်စေ လှည့်လေ့ရှိသည်။ ပြင်ပရွာ၌ အပျိုလှည့်လိုလျှင် ကာလသားခေါင်းထံတွင်ဖြစ်စေ၊ ရွာခံကာလသားတစ်ဦးဦးကဖြစ်စေ လမ်းညွှန်ဦးဆောင်ပေးကြရသည်။ အိမ်ရှင်အပျို အမျိုးသမီးအနေဖြင့် မိမိ၏ အိမ်အလည်လာသော လူပျိုများအား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ လက်ခံစကားပြောပြီး ရေနွေးကြမ်း၊ ကွမ်း၊ စားဖွယ်တစ်ခုခုဖြင့် ဧည့်ခံပေးရသည်။ အပျိုလှည့်စကားပြောရန်မှာ နေအိမ်အတွင်းရှိ မီးဖိုနံဘေး၌ ဝိုင်းထိုင်၍ ပြောကြသည်က များသည်။ အချို့လည်း နေ့အချိန်လယ်ယာ လုပ်ငန်းခွင်များသို့ လှည့်လည်ကြသည်။ အမျိုးသားအနေဖြင့် အသက်(၁၆)နှစ် အရွယ်မှစ၍ အပျိုလှည့်နိုင်ပြီး အမျိုးသမီးများအနေဖြင့် အသက်(၁၅)နှစ်တွင် အပျိုအဖြစ် သတ်မှတ်လေ့ရှိ ကြသည်။
အပျိုလူပျို စကားပြောရာတွင် ရိုးရိုးဘာသာစကားဖြင့်လည်းကောင်း၊ စကားထာစကားဝှက်များဖြင့် လည်းကောင်း ပြောကြသည်။ အပျိုလူပျိုများ အာဝဇ္ဇန်းရွှင်မရွှင်အပေါ်မူတည်၍ လူပျိုအပျိုလှည့် ချိန်ကြာတတ်သည်။ အမျိုးသမီးများ၏ မိဘများက လာရောက်ပိုးပန်းကြသော မည့်သည့် လူပျိုများကိုမဆို ငြင်းပယ်တားမြစ်လေ့ မရှိကြပေ။ အမျိုးသား အမျိုးသမီးများသည် ကျေးရွာဓလေ့ထုံးစံအရ ရွာ၏လူမှုရေး စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ရွာသူရွာသားများ သတ်မှတ်ထားသော စည်းကမ်းအတိုင်း ပြစ်ဒဏ်တစ်ခုခု ခံရတတ်ပါသည်။ ကာလသား ကာလသမီး ခေါင်းဆောင်များကို ဝန်ချတောင်းပန်ပြီး လက်ခံမှသာ ရွာအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုကြသည်။
အပျိုက လူပျို၏ ချစ်ခြင်းမေတ္တာကို လက်ခံသဘောတူလျှင် လက်ဆောင်ပစ္စည်း တစ်ခုခုပေးနိုင်သည်။ လူပျိုဘက်မှ ကတိသစ္စာပျက်ခဲ့လျှင် အပျိုထံတွင် တင်ထားသည့်လက်ဆောင် ပစ္စည်းဆုံးရှုံးခံရမည်ဖြစ်ပြီး အပျိုဘက်မှ ကတိသစ္စာပျက်ခဲ့လျှင် တင်ထားသည့်လက်ဆောင်ပစ္စည်းနှစ်ဆကို လူပျိုထံ ပြန်လည်ပေးလျော် ရမည်ြ ဖစ်သည်။ နှစ်ဦးနှစ်ဖက်အခြေအနေ အချိန်အခါအရ နားဖောက်ပြီး စေ့စပ်ကြောင်းလမ်းမှုများ ပြုလုပ်ကြသည်။ အမျိုးသားနှင့်အမျိုးသမီးအချင်းချင်း မေတ္တာမျှကြသောအခါ အမျိုးသားမိဘနှင့် လူကြီးများက အမျိုးသမီးမိဘနှင့် လူကြီးများထံသို့ သွားရောက်စေ့စပ်ကြောင်းလမ်း ကြသည်။ အမျိုးသမီးဘက်မှ မိဘများနှင့် ကာယ ကံရှင် သဘောတူကြလျှင် စေ့စပ်ကြောင်းလမ်းခြင်း အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် လက်ဆောင်တစ်ခုခု တင်ကြရသည်။
မင်္ဂလာလက်ထပ်ပွဲအတွက် နှစ်ဘက်သော မိဘများက ရက်ကောင်းရက်မြတ်ရွေး၍ ဆွေမျိုးမိတ် သင်္ဂဟများအား ဖိတ်စာကမ်းကြသည်။ လက်ထပ်ပွဲများကို သတိုးသမီး၏ နေအိမ်တွင်ကျင်းပပြုလုပ် သည်ကများပြီး အမျိုးသားနေအိမ်တွင်လည်း ပြုလုပ်သည့်ဒေသလည်းရှိပါသည်။ လက်ထပ်ပွဲတွင် ကန်တော့ပွဲ သုံးပွဲပြင်ပေးရသည်။ နှစ်ဘက်သော မိဘများအား ကန်တော့ရန် ကန်တော့ပွဲ၊ ကျေးရွာကာလသားခေါင်းဆောင် ကန်တော့ရန် ကန်တော့ပွဲနှင့် မင်္ဂလာပွဲလာ ပရိတ်သတ်များအား ကန်တော့ရန် ကန်တော့ပွဲဟူ၍ ဖြစ်သည်။ ကန်တော့ပွဲတိုင်းတွင် စုံအရေအတွက် ဖြစ်သည့် ငါးချဉ်နှစ်ထုပ်၊ အလုံးရေစုံသော ငှက်ပျောသီးနှစ်ဖီး၊ လက်ဖက်အစုံနှစ်ထုပ်၊ ဆေးနှစ်ထုပ်နှင့် ကွမ်းသီးကွမ်းရွက်များ ပြည့်ပြည့်စုံစုံထည့်ရသည်။
မင်္ဂလာအချိန်အခါကို နံနက်နေထွက်ချိန်မှ မွန်းတည့်ချိန်အထိ သတ်မှတ်လေ့ရှိကြပြီး သတို့သား အရံ သတိုးသမီးအရံများ ထားတတ်ကြသည်။ သတို့သား သတို့သမီးအရံများသည် အပျိုလူပျိုများဖြစ်ရန်နှင့် မိဘအစုံအလင်များဖြစ်ရန် လိုအပ်ပေသည်။ မင်္ဂလာလက်ထပ်ပွဲကို သက်ကြီးဝါကြီး ကျေးရွာသမာဓိ တစ်ဦးဦးကစတင်၍ လက်ထပ်မင်္ဂလာချည်မျှင်စွပ်ပေးရသည်။ သတို့သား၊ သတို့သမီးများ၏ လက်တွင် ချည်မျင်ခင်စွပ် ဆုတောင်းလက်ဖွဲ့ပေးကြသည်။ ရွှေ၊ ငွေ၊ ပစ္စည်းအသုံးဆောင်များ လက်ဖွဲ့ကြသည်။ နှစ်ဘက်သော ဆွေမျိုးများနှင့် ဧည့်သည်များအား ထမင်း၊ လက်ဘက်ရည် စသည့်စားဖွယ်သောက်ဖွယ် များဖြင့် ဧည့်ခံကျွေးမွေးကြသည်။
မင်္ဂလာအစီအစဉ်ပြီးဆုံးသည့်အချိန်တွင် လူပျိုအပျိုအဖွဲ့မှ မိစုံဖစုံ လူပျိုတစ်ဦး၊ အပျိုတစ်ဦးခ်ါယူ၍ သတို့ သား သတို့သမီးများကို လက်ထပ်မင်္ဂလာချည်မျှင်စွပ်ပေးပြီး ကန်တော့ပွဲထဲတွင် ပါရှိသော ငါးချဉ်ထုပ်ကို ဖြည်စေပြီး ငါးချဉ်ထုပ်ဖြည်ခကို သတို့သား၊ သတို့သမီးဘက်က စေတနာရှိသလောက် ငွေသားနှင့် ပြန်လည်ပေးဆောင်ရပါသည်။ လက်ထပ်မင်္ဂလာပွဲ၏ ကုန်ကျစရိတ်များကို သတို့သားဖက်မှ အကုန်အကျခံသည်ကများသည်။ ပအိုဝ်းကျေးလက်တောရွာများတွင် သတို့သား၊ သတို့သမီးများကိုယ်တိုင် နှစ်ဖက်သော ဆွေမျိုးများထံ တစ်ရွာဝင်တစ်ရွာထွက် လိုက်လံကန်တော့ရသော မင်္ဂလာပွဲ အစဉ်အလာ များလည်း ရှိပါသည်။
ခေတ်မည်မျှပင်ပြောင်းလဲစေကာမူ ဤထူးခြားမွန်မြတ်လှသည့် ပအိုဝ်းလူမျိုးတို့၏ လူပျိုအပျိုများ လက်ထပ်ပွဲမင်္ဂလာ ရိုးရာဓလေ့ထုံးစံများ မပျောက်ပျက်ရလေအောင် ပအိုဝ်းလူငယ်မောင်မယ်များအားလုံး ဝိုင်းဝန်းထိန်းသိမ်းရန် ကိုယ်စီတာဝန်ရှိပါသည်။ ပအိုဝ်းလူငယ်မောင်မယ်များလည်း မင်္ဂလာလက်ထပ်ပွဲ ကျင်းပလျှင် အထက်ပါရှိသည့် မိမိလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံအတိုင်း ဆက်လက်ပြုလုပ်နိုင်ကြပါရန် နောင်မျိုးဆက်သစ်များအား ဆက်လက်၍ လက်ဆင့်ကမ်းနိုင်စေရန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားများမှ မိမိတို့ပအိုဝ်းလူမျိုး၏ ယဉ်ကျေးမှုဓလေ့များကို လေ့လာသိရှိနိုင်စေရန် ရည်သန်ပြီး ရေးသားတင်ပြလိုက်ရပါသည်။
မွိုးပိုမူ - စန္တာခမ်း (ပင်လောင်း)
ကိုးကားချက်- ဖြားခွန်မောင်တုတ်ရေးသားထားသောပအိုဝ်းလူမျိုးတို့၏ ဂုဏ်အင်္ဂါရပ်များ စာအုပ်မှထုတ်နုတ်သည်။
Like On Facebook
Follow On Twitter
Subscribe On RSS