Tuesday, January 30, 2018

(၆၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့၊ တပေါင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တရားနာ၊ ဆွမ်းကပ်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်





တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် (၆၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့တပေါင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရန်နှင့် အားကစားပြိုင်ပွဲများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့ (၃၁-၁-၂၀၁၈)ရက်နေ့ နံနက် (၉း၃၀) အချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ဆရာတော်သံဃာတော်(၁၀)ကျောင်းအထံတွင် သရဏဂုံ (၃)ပါးနှင့်တကွ (၅)ပါးသီလကို ခံယူဆောက်တည်ခဲ့ကြပါသည်။

ပြည်တွင်းပြည်ပ၌ ပြုလုပ်ကျင်းပမည့် အမျိုးသားပွဲတော်အတွက် အောင်အောင်မြင်မြင်နှင့် ဘေးကင်းရန်ကင်းစေရန် ရည်စူး၍ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုက ဦးစီး၍ ကုသိုလ်ကောင်းမှုအစုစုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ ဖြားခွန်မင်းကျော်က ပြောကြားပေးခဲ့ပါသည်။

ထို့နောက် နေ့လည်ပိုင်း (၁၂း၀၀) နာရီအချိန်တွင် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဘင်ခရာဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ အငယ်တန်းဘော်လုံးအသင်း (၁၂၃)သင်းက ဖွင့်ပွဲအခမ်းအနားသို့ ချီတက်ကြပြီး ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ နာယက ဖြားပီတာထွန်းနိုင်နှင့် ပွဲဖြစ်ရောက်ရေးကော်မတီ ဥက္ကဋ္ဌ ဖြားခွန်ဝင်းကို၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးအဖွဲ့ ဦးတင်သိန်းတို့က အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။

ပအိုဝ်းအမျိုးသားနေ့ တပေါင်းပွဲတော်(ဒဲဉ်သီးလာဗွေ) အကြိုဖွင့်ပွဲနေ့တွင် မြို့မိမြို့ဖများ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ နယ်ပေါင်းစုံမှ အားကစားသမားများ (၁၀၀၀) ကျော်တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲနေ့တွင် (၃)ပွဲသာ ကစားသွားမည်ဖြစ်ကာ ကျန်သောနေ့များတွင် (၁၀)ပွဲစီကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အကြီးတန်းပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲများလည်း ထည့်သွင်းယှဉ်ပြိုင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.