Wednesday, January 24, 2018

တောင်ကြီးတက္ကသိုလ် ပအိုဝ်းကျောင်းသား/ကျောင်းသူများ(DAY) အဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး တာဝန်ရှိပုဂ္ဂိုလ်များကို မီးဆူခံလာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၄)ရက်



(၂၀၁၇-၂၀၁၈) ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ် ပအိုဝ်းကျောင်းသား/ကျောင်းသူများ(DAY) က ပအိုဝ်းလူငယ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲကို ပြုလုပ်ကျင်းပနိုင်ရန်အတွက် ၂၀၁၈-ခုနှစ်၊ ဇန်န၀ါရီလ(၂၄)ရက်နေ့ နေ့လည်(၂း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ချုပ်ရုံးအတွင်း တာဝန်ရှိပုဂ္ဂိုလ်များနှင့် မီးဆူခံလာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက- ယခုလိုလူငယ်မောင်မယ်များနှင့် တွေ့ဆုံရသည့်အတွက် ၀မ်းမြောက်ကြိုဆိုပါကြောင်း၊ လူငယ်များအနေဖြင့် ပညာရေးကို အဓိကထားပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့ ရသည်အထိ ကြိုးစားသင်ယူစေလိုကြောင်း၊ ပညာသင်ယူစဉ်ကာလ အမျိုးသားရေးကို လုပ်ဆောင်နေသလို ဘွဲ့ရပြီးနောက်ပိုင်း အမျိုးသားရေးလုပ်ငန်းတာဝန်များနှင့် အစိုးဌာနဆိုင်ရာတွင် ၀င်ရောက်တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ မည်သည့်အလုပ်ကိုမဆို အစတွင် အခက်အခဲများစွာရှိပြီး ဆက်လက်ကြိုးစားလုပ်ဆောင်သွားပါက အောင်မြင်မှုကို ရရှိလာမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက ပအိုဝ်းမောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲအတွက် အလှူငွေ(၅၀၀၀၀)ကျပ်ကို ထည့်ဝင်လှူဒါန်း ပေးအပ်ပြီးနောက် ကျောင်းသား/ကျောင်းသူများက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ တောင်ကြီးတက္ကသိုလ် ပအိုဝ်းကျောင်းသား/ကျောင်းသူများ (DAY)အဖွဲ့က ပြုလုပ်မည့် ပအိုဝ်းမောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲကို (၃-၂-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.