Thursday, February 1, 2018

အမျိုးသား၏ ဟာကွက်များကိုဖော်ထုတ်ဖြည့်စည်းနိုင်မှ ကောင်းကျိုးပိုမိုရမည်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်


ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ပြီး တိုင်းပြည်အုပ်ချုပ်ခဲ့ရာတွင်လည်း စနစ်အမျိုးမျိုးဖြင့် ကျင့်သုံးခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့အတူ ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်တို့သည်လည်း နိုင်ငံ၏ငြိမ်းချမ်းရေးအခြေအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် ပအိုဝ်းဒေသကို စနစ်မျိုးမျိုးဖြစ်ကျင့်သုံးအုပ်ချုပ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးမရခင်နှင့် ငြိမ်းချမ်းရေးရယူပြီးကာလ (၂၀၁၀) ခုနှစ် မတိုင်ခင်အစောပိုင်းကာလတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်တို့သည် ဒေသနှင့်မိဘပြည်သူများအတွက် လုံခြုံရေးနှင့်စည်းလုံးညီညွှတ်ရေးကိုတည်ဆောက်နိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပါသည်။
 
ယခင်က ကိုယ့်နည်းကိုယ့်ဟန်ဖြင့်မိမိဒေသကို အဆင်ပြေအောင်အုပ်ချုပ်စီမံနိုင်ခဲ့သော်လည်း ၂၀၁၀-ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလာသည်နှင့်အမျှ မိမိတို့ ပအိုဝ်းဒေသသည်လည်း ခေတ်နှင့်အညီ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော လူ့အခွင့်အရေးကို အလေးထားလာသည့်စနစ်အား ကျင့်သုံးလာသည်ကို တွေ့မြင်ရပါသည်။ ဒီမိုကရေစီခေတ်တွင် ယခင်ဦးသိန်းစိန် အစိုးရလက်ထက်တွင်သော်လည်းကောင်း၊ ယခုနိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးထင်ကျော်ဦးဆောင်သော အစိုးရတွင်သော်လည်းကောင်း တရားဥပဒေစိုးမိုးရေးကို အဓိကဦးစားပေးလုပ်ဆောင်လာသည့်အတွက် မိမိတို့ပအိုဝ်းဒေသရှိ မိဘပြည်သူများသည်လည်း ဥပဒေများကို သိရှိရန် အထူးလိုအပ်သလို လုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း ဥပဒေဘောင်အတွင်းဖြစ်လာစေရန် အထူးအရေးကြီးလာပါသည်။

ထို့ကြောင့်မိမိတို့ပအိုဝ်းဒေသအတွင်းရှိ မိဘပြည်သူများ အထူးသဖြင့်မိမိတိုပအိုဝ်းလူမျိုးသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရာတွင်အဓိကအရေးကြီးသည်မှာ မိဘပြည်သူများသည် စည်းလုံးညီညွှတ်ခြင်း၊ ပညာရေးရေချိန်မြင့်မားလာခြင်း၊ ဥပဒေအတိုင်းကျင့်ကြံနေထိုင်လာနိုင်ခြင်း၊  လူ့အခွင့်အရေးသဘောတရားကို ကောင်းစွာသဘောပေါက်နားလည်ခြင်းနှင့် မိမိတို့ဓလေ့ထုံးတမ်းကောင်းများကို သိရှိပြီးတန်ဖိုးထားခြင်း စသည်တို့ဖြစ်သည်။

အမျိုးသားရေးလုပ်ငန်းများကို စိတ်ဝင်စားသောလူငယ်များအနေဖြင့် မိမိတို့ပအိုဝ်းအမျိုးသားများသည် အနာဂတ်တွင်တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တွင် အခြားသောညီနောင်တိုင်းရင်းသားများနည်းတူ တန်းတူရည်တူအခွင့်အရေးများရရှိအောင် လုပ်ဆောင်မည်ဆိုပါက ပအိုဝ်းမိဘပြည်သူများကို ပညာရေးနှင့် လူအခွင့်အရေးသဘောသတရားများ မြင့်တင်ပညာပေးရာတွင် မိမိတို့ဓလေ့ထုံးတမ်းကောင်းများနှင့် စည်းလုံးညီညွတ်ခြင်းကိုမထိခိုက်ရလေအောင် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်သည်။

ယခုအချိန်အခါတွင် မိမိတို့ပအိုဝ်းဒေသရှိ မိဘပြည်သူများသည် ဒီမိုကရေစီနှင့် လူအခွင့်အရေး၏သဘောတရားများကို ကောင်းစွာနားလည်မှုအားနည်းနေသည့်အတွက် မိမိတို့၏လုပ်ဆောင်ချက်တစ်ခုခုကြောင့် မိမိတို့အမျိုးသား၏စည်းလုံးညီညွတ်မှုကို ထိခိုက်စေခြင်းကို အထူးသတိပြုရမည်ဖြစ်သည်။ အချို့မျိုးချစ်၊ ဒေသချစ်ကြသောပုဂ္ဂိုလ်များအချို့သည် မိမိတို့ခေါင်းဆောင်တို့၏လုပ်ဆောင်ချက်ကို ကျေနပ်အားရခြင်းမရှိသည့်အတွက် ဝေဖန်ထောက်ပြလာသည်ကို တွေ့မြင်လာရသည်မှာ ၀မ်းသာကြိုဆိုရမည်ဖြစ်သော်လည်း အချို့သောဝေဖန်မှုသည် အစွန်းရောက်သည့်ပုတ်ခတ်မှုဖြစ်လာပြီး အမျိုသားအတွက် ကောင်းကျိုးထက် ဆိုးကျိုးများသာဖြစ်လာသည်ကို တွေ့မြင်ရပါသည်။ ဥပမာအနေဖြင့် အထူးဒေသ(၆)အတွင်းရှိ မိဘပြည်သူများ အမျိုးသားစည်းလုံးညီညွတ်မှုရှိစေရန်နှင့် ဒေသတွင်းလူငယ်များ အားကစားကို စိတ်ဝင်စားလာစေပြီး ပအိုဝ်းလူငယ်အားကစားသမားကောင်းများပေါ်ထွက်လာစေရန် ပအိုဝ်းခေါင်းဆောင်တို့သည် နောင်ကားဘောလုံးပွဲကို စည်းကားစွာကျင်းပပေးနေသည်ကို အကောင်းမြင်မှုမရှိဘဲ ပုတ်ခတ်ဝေဖန်ရေးသားခြင်းကို ၀မ်းနည်းဖွယ်တွေ့မြင်ရပါသည်။

ထိုသို့အမျိုးသားရေးအတွက် အကျိုးနည်းသောဝေဖန်မှုများကို ပြုလုပ်နေမည့်အစား ပအိုဝ်းမိဘပြည်သူများအား တစ်ကယ့်လိုအပ်နေသောလုပ်ငန်းများကို လုပ်ဆောင်နိုင်ပါက အမျိုးသားအတွက်ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာအနေဖြင့် ပအိုဝ်းဒေသကျေးလက်တောရွာနေထိုင်သော မိဘပြည်သူများသည် မော်တော်ယာဉ်များမောင်းနှင်ရာတွင် ယာဉ်မောင်းလိုင်စင်များ လုပ်ဆောင်လာစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိကျင့်သုံးလာစေရန်ပညာပေးခြင်း၊ လုပ်ကိုင်လက်ရှိသော လယ်ယာမြေများ လုပ်ပိုင်ခွင့်ရှိပြီး အာမခံချက်ရှိစေရန် လယ်ယာမြေလုပ်ပိုင်ခွင့်များကိုလုပ်လာစေရန်ပညာပေးခြင်း၊ မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့်ဥပဒေနှင့် မူးယစ်ဆေးပါးပညာပေးခြင်းစသည့်လုပ်ငန်းတို့ကို လုပ်ဆောင်ပေးနိုင်မည်ဆိုပါက အမျိုးသားအတွက်ပိုမိုကျိုးရှိနိုင်ပါသည်။

ယခုအခါတွင် မိမိတို့ပအိုဝ်းဒေသရှိ မိဘပြည်သူများသည် မိမိတို့လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ဥပဒေဘောင်အတွင်းမလုပ်ဆောင်နိုင်သဖြင့် ပြစ်မှုတစ်ခုခုကျူးလွန်မိသောအခါတွင် မိမိကိုယ်ကိုအားမကိုးနိုင်ဘဲ အခြားသူများကိုအားကိုးနေရသောကြောင့် ငွေကုန်ကြေးကျပိုများပါသည်။ ဥပမာ - ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်မရှိသဖြင့် ယာဉ်တိုက်မှုဖြစ်ပေါ်သောအခါတွင် ငွေကြေးအကုန်ကျများပြားခြင်း၊ ယာဉ်လိုင်စင်နှင့် ယဉ်မောင်းလိုင်စင်များမရှိသဖြင့် ဒဏ်ငွေများပေးဆောင်ရခြင်း၊ မှတ်ပုံတင်များလုပ်ဆောင်သည့် အခါတွင် ငွေကြေးအများအပြားပေးဆောင်ရခြင်း စသည်တို့ဖြစ်သည်။ ထိုသို့မိမိတို့ပအိုဝ်းလူမျိုးသည် ငွေကြေးများမကုန်သင့်မကုန်ထိုက်သည့်နေရာများတွင် ကုန်နေရခြင်းသည် အသိပညာဗဟုသုတများ အားနည်းနေခြင်းဖြစ်သည်။ ခေါင်းဆောင်တို့၏လုပ်ဆောင်နေသောလုပ်ငန်းများ ပုတ်ခတ်ဝေဖန်နေခြင်းထက် ထိုသို့အမျိုးသားအတွက် လိုအပ်နေသော ဟာကွက်၊ ပျော့ကွက်များကို ရှာဖွေပြီး ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက နိုင်ငံတော်အတွက်၊ ဒေသအတွက်၊ အမျိုးသားအတွက် ပိုမိုအကျိုးဖြစ်ထွန်းပါသည်။

ထို့ကြောင့် အမျိုးသားရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသော ပုဂ္ဂိုလ်များ၊ လူငယ်များသည် တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီသော်လည်းကောင်း အချင်းချင်းပုတ်ခတ်နေခြင်းထက် မိတို့ဒေသအတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက် အမှန်တကယ်လိုအပ်သော ဟာကွက် ပျော့ကွက်များကို ရှာဖွေဖော်ထုတ်ပြီး ဖြည့်စည်းပေးနိုင်မည်ဆိုပါ အမျိုးသားအတွက် ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းရေးသားရပါသည်။

ခွန်လာထို(ကောင်ရွဉ်)
Powered by Blogger.