Friday, February 2, 2018

ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် ပုဂ္ဂလိကသင်တန်းကျောင်းအဖွဲ့အစည်းတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်ချုပ်နှင့်အလှပြုပြင်သင်တန်း သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်





LIFT အဖွဲ့၏ ပံ့ပိုးမှုဖြင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့်ပုဂ္ဂလိကသင်တန်းကျောင်းအဖွဲ့အစည်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လုပ်သားရွှေ့ပြောင်းသွားလာမှု၏ အကျိုးဆက်များကို တိုးမြှင့်အောင်ပြုလုပ်ခြင်း (တွဲလက်)စီမံကိန်း၏ ကျွမ်းကျင်မှုဆိုင်ရာ (၃)လတာ စက်ချုပ်သင်တန်းနှင့်အလှပြင်သင်တန်း သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၈၊ ဖေဖေါ်ဝါရီ(၂)ရက်နေ့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ဥက္ကဋ္ဌ ဖြားခွန်အောင်ခင်က လူငယ်များအနေဖြင့် ဖုန်းပွတ်နေမှုများလျှော့ကာ မိမိအချိန်ကို တန်ဖိုးထားပြီး ဗဟုသုတများရစေမည့် စာများဖတ်ပြီး တတ်သင့်သည့် အတတ်ပညာများကို ဆည်းပူးဖို့ လိုပါကြောင်း၊ ဘွဲ့ရ ပအိုဝ်းလူငယ်များအနေဖြင့် စွန့်လွတ်စွန့်စားမှု နည်းနေသေးသည့်အတွက် ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်မှု နည်းနေသေးကြောင်း၊ သင်ထားသည့်ပညာများကို ကိုယ့်ရပ်ကိုယ့်ရွာရောက်သည့်အခါ ပြန်လည်အသုံးပြုဖို့ လိုပါကြောင်း၊ သင်ကြားပေးသည့် ဆရာ ဆရာမများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း စသည့် အဖွင့်အမှာစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် စက်ချုပ်ဆရာမဖြစ်သည့် နန်းအေးကြည်က ယခုသင်ကြားမှုသည် အခြေခံအဆင့်သာဖြစ်သည့်အတွက် တကယ့်တကယ်ထူးချွန်လိုလျှင် ပြန်လည်လေ့လာ ဆည်းပူးသင်ယူ ရမည်ဖြစ်ကြောင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားစေချင်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ အလှပြင်ဆရာမ နန်းကေသီထွန်းကလည်း မိမိသင်ယူထားသည့် ပညာများ ပြန်လည်အသုံးပြုသည့်အခါ အခက်အခဲများရှိပါက ပြန်လည်မေးမြန်းနိုင်ပါကြောင်း၊ လိုင်းပေါ်တွင်လည်း လေ့လာသင်ယူနိုင်ပါကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်  သင်တန်းသားများကိုယ်စား  နန်းလွှမ်းပိုနှင့်နန်းဖြူဖြူဝင်းတို့က  ကျေးဇူးတင်စကားပြောကြားပြီးနောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ကာ  စီမံကိန်းမာန်နေဂျာ နန်းသင်းသင်းဖြူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

(တွဲလက်)စီမံကိန်း၏ လုပ်သားရွှေ့ပြောင်းသွားလာမှု၏ အကျိုးဆက်များကို တိုးမြှင့်အောင်ပြုလုပ်ခြင်းအစီအစဉ်ကို (၂)နှစ် (၆)လအတွင်း သင်တန်း(၂)ကြိမ် ဖွင့်လှစ်မည်ဖြစ်ပြီး ယခုပထမအသုတ်တွင် စက်ပြင်၊ ဆိုင်ကယ်ပြင်၊ စက်ချုပ်၊ အလှပြင်၊ စာရင်းကိုင်၊ ကွန်ပျူတာနှင့်အင်္ဂလိပ်စာများကို သင်ကြားပေးပြီး လာမည့် မေလတွင်ဖွင့်လှစ်မည့် ဒုတိယအသုတ်တွင်မူ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းနှင့် စပ်ဆိုင်သည့် ပညာရပ်များ၊ ကားပြင်၊ ဈေးကွက်မြှင့်တင်ခြင်းပညာရပ်များ၊ စာရင်းကိုင်၊ အချက်အပြုတ်ပညာရပ်များကိုလည်း ထည့်သွင်း သင်ကြားပေးမည်ဟု သိရသည်။

IOMနှင့် ပါရမီအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာစီမံကိန်းမှာ  ၂၀၁၇၊ ဇန်န၀ါရီလတွင်စတင်ပြီး ၂၀၁၉၊ ဇွန်လတွင် ပြီးဆုံးမည်ဖြစ်သည်။ ရှမ်း/တောင်တွင် လွိုင်လင်၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ ရပ်စောက်၊ ညောင်ရွှေ၊ တောင်ကြီး၊ ဟိုပုံးမြို့နယ်များရှိ ကျေးရွာပေါင်း (၁၂၀)များအတွက် သင်တန်းသား(၅၆၀)ဦးကို သင်တန်းများပေးသွားမည်ဖြစ်ပြီး ယခုလက်ရှိ ပထမအသုတ်တွင်မူ သင်တန်းသား(၁၅၀)ခန့်သာ ရှိသေးသည့်အတွက် နောက်လာမည့် ဒုတိယအသုတ်တွင်မူ သင်တန်းသား(၄၀၀)ခန့်အား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဤစီမံကိန်းကို LIFT ( livelihoods and Food Security Trust Fund ) အဖွဲ့ ရန်ပုံငွေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ခွန်ဓဇ


Powered by Blogger.