Tuesday, March 27, 2018

ဥပဒေပညာပေးသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈)ရက်







၂၀၁၈-ခုနှစ်၊ မတ်လ(၂၇)ရက်နေ့ တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအုပ်စု၊ ထီတခွီကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ဥပဒေရေးရာဌာနနှင့် ပြည်သူလူထုတို့ပူးပေါင်း၍ ဥပဒေပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ကျေးရွာပေါင်း(၃)ရွာမှ သင်တန်းသားနှင့် သင်တန်းသူ စုစုပေါင်း(၅၀)ကျော်တို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းအခမ်းအနားကို နံနက် (၁၀း၀၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ပြီး ပထမဦးစွာ နိုင်ငံတော်အလံ၊ အမျိုးသားအလံတော်နှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော် အပေါင်းတို့အားအလေးပြုပြီး အမျိုးသားသီချင်းကို သီဆိုခဲ့ပါသည်။

ရှေးဦးစွာ ဒေသခံရွာသူကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ဥပဒေရေးရာဌာနမှူးနန်းစိန်မှ သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် သင်ကြားမည့် ဘာသာရပ်များကို မိတ်ဆက်ပေးပြီး သင်တန်းကိုပြီးဆုံးအောင် တက်ရောက်ပေးကြရန်၊ သင်တန်းတွင် အပြန်အလှန်ဆွေးနွေးကြရန်နှင့် အဆိုပါသင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်များမှာ ၁။ တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်။ ၂။ ဥပဒေကို ပြည်သူများနားလည်လိုက်နာ ကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ဥပဒေကိုပြည်သူများ လိုက်နာသော အလေ့အကျင့်ပျိုးထောင်ပေးရာတွင် အထောက်အကူဖြစ်စေရန်။ ၃။ ဥပဒေရေးရာကိစ္စနှင့်ပတ်သက်၍ အကြံဥာဏ်များတောင်းခံလာပါက နိုင်ငံတော်၏တည်ဆဲ ဥပဒေနှင့်အညီ အကြံဥာဏ်များပေးနိုင်စေရန်။ ၄။ အမှုအခင်းနှင့်ပတ်သက်၍ တောင်းခံလာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အကြံဥာဏ် များပေးနိုင်ရန်။ ၅။ လူမှုရေးပြသာနာများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဖြန်ဖြေ ကူညီဆောင်ရွက် ပေးရန်။ စသည့်ဖြင့် ပြောကြားခဲ့ပြီး သင်တန်းဆရာ/မများမှ မိတ်ဆက်ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနား အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။

သင်တန်းတွင် ဥပဒေရေးရာနှင့် ပတ်သက်သည့် သင်ခန်းစာခေါင်းစဉ်များမှာ ၁။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းစေသောဆေးဝါးများဆိုင်ရာဥပဒေ ၂။ လယ်ယာမြေဥပဒေ ၃။ လောင်းကစားဥပဒေ ၄။ မော်တော်ယာဉ်ဥပဒေ ၅။ ပြစ်မှုဆိုင်ရာဥပဒေ စသည့်ခေါင်းစဉ်များကိုပို့ချပြီး သင်တန်းနည်းပြများအနေဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ဥပဒေရေးရာဌာနမှ နန်းစိန်၊ ခွန်ဆက်အောင်နှင့် ခွန်ထွိုင်းတို့မှ ဦးဆောင်ဆွေးနွေးသွားကြောင်း သိရှိရပါသည်။ ကျေးရွာများမှ ဥပဒေရေးရာနှင့်ပတ်သက်သည့် အကြံဥာဏ်များ၊ သင်တန်းများပြုလိုပါက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ဥပဒေရေးရာဌာန သို့လာရောက်ဆက်သွယ်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်ဟု ဥပဒေရေးရာဌာနမှူး နန်းစိန်းမှ ပြောကြားသွားပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ် 09-402650318 
ခွန်ထိုလောင်း (ခွန်ဖြားဗွာခမ်း)
Powered by Blogger.