Monday, April 30, 2018

လေးကျွန်းစကြာဆုတောင်းပြည့်စေတီတော် ထီးတော်တင်ပွဲနှင့် ကျောင်းဝတ္တကမြေ၊ သာသနိကအဆောက်အဦးများရေစက်ချ အမျှဝေခြင်းများ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၃၀)ရက်









ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ နောင်ခမ်းအောင်ဆုပန် ပရဟိတကျောင်းတိုက်တွင် ‘လေးကျွန်းစကြာဆုတောင်းပြည့်’ စေတီတော်အားထီးတော်တင်ခြင်းနှင့် မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ သိမ်မြေနုတ်ခြင်း၊ သိက္ခာထပ်မင်္ဂလာပြုလုပ်ခြင်း၊ နောင်ခမ်းအောင်ဆုပန်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းဝတ္တကမြေနှင့် သာသနိကအဆောက်အဦးများအား ရေစက်ချအမျှပေးဝေခြင်းများကို ၁၃၈၀၊ ကဆုန်လပြည့် ၂၀၁၈-ခုနှစ်၊ ဧပြီလ (၂၉)ရက်၌် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ခုနှစ်ရက်သားသမီးများ ကုသိုလ်ပွားနိုင်ရန် ရည်ရွယ်၍ ၁၃၇၉ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် နောင်တောင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော် ဘဒ္ဒန္တဦးရာဇိန္ဒသီရိနှင့် နောင်ခမ်းအောင်ဆုပန်ပရဟိတကျောင်းမှဆရာတော်ဦးကောသလ္လတို့ဦးဆောင်သောသံဃာများကမြေသန့်မင်္ဂလာပြုလုပ်ကာ ပန္နက်တော်တင်စတင်ဆောက်လုပ်တည်ထားကြောင်းသိရပြီး ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မိုင်းဖျန်းမြို့နေ ဘုရားဒါယကာဦးပေါက်အိုက်လေး၊ ဘုရားဒါယိကာမဝေယေကီ+ဘုရားဒါယိကာမမွိုးခံပေတို့က မတည်တာဝန်ယူလှူဒါန်းကာ ခုနှစ်ရက်သားသမီးအလှူရှင်များစုပေါင်းလှူဒါန်းထားကြောင်းသိရသည်။

ကဆုန်လပြည့်နေ့မနက်ပိုင်းတွင် သိမ်မြေနုတ်ခြင်း၊ ထီးတော်တင်ပူဇော်ခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် အိုးစည်ဗုံမောင်းဖြင့် အလှူပဒေသာပင်များ လှည့်လည်ပူဇော်ခြင်းများ ပြုလုပ်ကာတရားတော်နာရေစက်ချအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဧည့်ပရိတ်သတ်များက တောင်ကြီးမြို့၊ နိုင်ငံတော် သြ၀ါဒါစရိယ ပထမတောင်ကျောင်းကြီးဆရာတော်ထံတွင် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူပြီး တရားတော်များနာယူကာ လှူဒါန်းသည့်ကုသိုလ်အစုစုအဖို့ဘာဂကို ရေစက်သွန်ချအမျှပေးဝေခဲ့ကြောင်းသိရသည်။

ဧည့်ပရိတ်သတ်များအား ပအိုဝ်းအနုပညာရှင်များက ဧပြီ ၂၈/၂၉ ညနေပိုင်းတွင် သီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး နောင်တောင်းပရဟိကျောင်းမှ ဆရာ/ဆရာမအဖွဲ့များနှင့် နောင်ခမ်းအောင်ဆုပန်ပရဟိတကျောင်းမှ ကျောင်းသား/သူများက အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။ ပွဲတော်သို့ ပင့်ကျောင်း (၇၅) ကျောင်းမှ သံဃာ (၁၆၀) ပါး ကြွရောက်ချီးမြှင့်ပြီး အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ လာရောက်ကြည်ညိုခဲ့ကြကြောင်းသိရသည်။

ခွန်ဓဇ 
Powered by Blogger.