Thursday, May 24, 2018

အောင်မြင်မှုဆီသို့

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၂၄)ရက်


ကျွန်မတို့လူငယ်တွေမှာ ရည်ရွယ်ချက်ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါသည်။ လူငယ်ဆိုတာ အရာရာကို ဖြိုခွင်းနိုင်သော စိတ်ခွန်အားသတ္တိတွေ ရှိကြသည်။ ကျွန်မတို့လူငယ်များသည် အလွန်ချစ်တတ်တဲ့ အရွယ်တွေလည်းဖြစ်ကြပြန်ပါသည်။ ကျွန်မတို့ချစ်တဲ့သူခင်တဲ့သူများကို ချစ်တဲ့ခင်တဲ့အကြောင်းတွေ ပြောပြသင့်ပါ သည်။ ကျွန်မတို့ချစ်တဲ့သူတွေ ကျွန်မတို့အနားက ထွက်ခွာမသွားဖို့အတွက် ချစ်တဲ့အကြောင်းတွေ ဖော်ပြ သင့်ပါသည်။ ကိုယ်ချစ်တဲ့သူတွေ အနားမှာရှိနေစေဖို့အတွက် ကြင်နာယုယမှု၊ ဂရုစိုက်မှုတွေပေးကြပြီး နည်း လမ်းမျိုးစုံနဲ့ ကိုယ့်ဆီက ထွက်ခွာမသွားဖို့ကြိုးစားတတ်ကြသည်။

ချစ်တဲ့ခင်တဲ့သူတွေကို စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်အောင်ထားနိုင်ဖို့ ငွေရှာကြရပါမည်။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားရမည်။ ချမ်းသာသောသူတစ်ယောက်ဖြစ်ဖို့၊ အောင်မြင်သူဖြစ်ဖို့ ကြိုးစားရာတွင် နည်းလမ်းကျဖို့နဲ့ စည်းကမ်းရှိဖို့လည်းလိုသည်။ အကယ်၍သင်ဟာ ကိုယ်ချစ်တဲ့သူတွေ နဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းမွန်ပျော်ရွှင်အောင်ထားနိုင်ဖို့ ငွေရှာနေသူ အောင်မြင်ချင်သူတစ်ယောက်ဆိုရင် တော့ ငွေကိုမိမိချစ်သူတစ်ယောက်လို စိတ်သဘောထားနိုင်ရပါမည်။ 

တချို့လူငယ်တွေဟာ အောင်မြင်ချင်စိတ်ရှိပေမယ့် ဘာလုပ်ရမှန်းမသိ လမ်းစပျောက်နေကြသူတွေ လည်းရှိပါသည်။ အမှန်တော့အောင်မြင်မှုဆိုတာ အပြင်အားနဲ့အတွင်းအား ပေါင်းစပ်ကျင့်ကြံမှရသည့် အရာတစ်ခုပါ။ (Success)အောင်မြင်မှုဆိုတာ အပြင်အားနဲ့အတွင်းအားတွဲပြီး အစွမ်းပြမှသာရနိုင်သည်။ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက်ဆိုတာရှိရမည်။ အိမ်မက်တွေမက်ကြရပါမည်။ အိပ်နေရာက အိမ်မက်မမက်ပါနဲ့ နိုးနေရာက သိသိကြီးနဲ့ အိမ်မက်မက်ပါ။ အိမ်မက်ဆိုတာ တကယ်အက မကခင် ဝတ်စုံပြည့် လေ့ကျင့်တာပါပဲ။ သင်ဟာ အောင်မြင်ချင်သူတစ်ယောက်ဆိုရင်တော့ အိမ်မက်ကြီးကြီးမက်ထားရပါမည်။ အောင်မြင်မှု သို့သွားရာလမ်းတွင် အခက်အခဲများ၊ ဆုံးရှုံးမှုများ များစွာရှိနိုင်ပါသည်။ သို့ရာတွင် ကြုံတွေ့ရသော အခက်အခဲဆုံးရှုံမှုများကို ရင်ဆိုင်ဖြေခြင်းနိုင်ခြင်း၊ အခက်အခဲနှင့်ကြုံ၍ ပြိုလဲခဲ့သည်တိုင်အောင် ပြန်ထနိုင်သည့် သတ္တိရှိခြင်းတို့မှာ အောင်မြင်မှု အကြီးအသေးအတွက် အခရာ ဖြစ်ပေသည်။

သောမတ်စ်အက်ဒီဆင်၏စကားတစ်ခွန်းရှိပါသည်။ “အမှားအယွင်း နည်းနည်းမှမရှိဘဲ ဖောက်ထွက် ဖို့မဖြစ်နိုင်ပါဘူး” တဲ့။ စာရေးဆရာကြီးများကလည်း “ဆုံးရှုံးမှုများသည် အောင်မြင်မှု၏ ဒေါက်တိုင်များဖြစ်၍ အမှားများမှသင်ခန်းစာ ရယူပါ” (Failures are Pillars of Success Learning From Mistakes) ဟုဆိုထားပါသည်။ အမှား၊ အခက်အခဲဆိုသည်မှာ အသုံးချတတ်လျှင် ရလဒ်ကောင်းရနိုင်ပါသည်။ “တစ်ခါက လူတစ်ယောက်သည် ပင်လယ်ပြင်သို့ခရီး ဆက်လာခဲ့သည်။ ကံဆိုးစွာဖြင့်ထိုသူသည် မုန်တိုင်းဒဏ်နှင့်ကြုံခဲ့ရ သည်။ သို့သော်ထိုသူသည် အသက်မသေဘဲ ကျွန်းတစ်ကျွန်းသို့ ရောက်ရှိသွားခဲ့သည်။ လူသူမရှိသော ထိုကျွန်းတွင်နေနိုင်ရန် တဲအိမ်လေးတစ်အိမ်ကို အခက်ခဲများကြားက ကြိုးစားဆောက်လုပ်ခဲ့ပါသည်။ တစ်နေ့တွင် အမှတ်မထင် သူ၏တဲအိမ်လေး မီးလောင်သွားခဲ့ပါသည်။ သူကြိုးစားခဲ့သမျှ အရာမထင်ပါ သူ့ဘဝဟာ တဲအိမ်လေးမှ မရှိတော့ရင် အဓိပ္ပာယ်မရှိတော့ဟု ညည်းတွားငိုကြွေးနေခဲ့သည်။ ထိုအချိန်တွင် ၎င်းကျွန်းလေးသို့ သင်္ဘောတစ်စင်း ဆိုက်ကပ်လာခဲ့သည်။ ကျွန်းပေါ်တွင် ငိုကြွေးနေသော ထိုသူသည် အံ့သြဝမ်းသာစွာဖြင့် ဤကျွန်းတွင် ကျွန်ုပ်ရှိနေသည်ကို မည်သို့သိကြကြောင်းကိုမေးရာ သင်္ဘောပေါ်မှလူများက သင်က ကျွန်ုပ်တို့ကို မီးခိုးနှင့်အချက်ပြခဲ့တယ်လေ ဟုပြန်ပြောခဲ့ကြသည်။” ဤသို့ပင် စစ်မှန်သောကြိုးစားမှုသည် ဘယ်သောအခါမှ အချည်းနှီးမဟုတ် ပြင်းပြသောစိတ်ဓာတ်ဖြင့် ကြိုးစားလျှင် အောင်မြင်မှုရနိုင်သည်မှာ Expire မဖြစ်တတ်သော ၊ Dateမကုန်နိုင်သော အမှန်တရားတစ်ခုဖြစ်သည်။

ကျွန်မတို့သည် အောင်မြင်မှုဆိုသည့်သဘောကို သိရှိနားလည်အောင်ပြုလုပ်ရမည်။ အောင်မြင်မှုပန်းတိုင် သတ်မှတ်ရာတွင် ရေတိုပန်းတိုင်နှင့် ရေရှည်ပန်းတိုင်ဟူ၍ ထားရှိရမည်ဖြစ်သည်။ ပန်းတိုင်ငယ်လေး တစ်ခုချင်းကို အရင်ရောက်အောင်သွားနိုင်ပါမှ အောင်မြင်မှုပန်းတိုင်ကြီးကို ရရှိပိုင်ဆိုင်နိုင်မည်။

စာဖတ်သူရော အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပြီလား.............?
တကယ်တော့ လောကမှာ ကိုယ်အောင်မြင်မယ်လို့ ပြောနိုင်သူဟာ ကိုယ်ကိုယ်တိုင်ပါပဲ။ ကျွန်မတို့သည် ကိုယ်ချစ်သူခင်သူတွေအတွက် ဘဝတိုက်ပွဲဝင်နေချိန် အောင်မြင်မှုအတွက် ကြိုးစားရာတွင် ရန်သူ၏အကြောင်းကိုသိဖို့လိုသလို မိမိရဲ့အကြောင်းကိုပါသိရင် တိုက်ပွဲတစ်ရာဖြစ်ပါစေ ထွက်လာမည့်ရလဒ်ကို ကြောက် စရာမလိုပါဘူး။ ကျွန်မတို့ဟာ မိမိအကြောင်းကိုသာသိပြီး ရန်သူရဲ့အကြောင်းကိုမသိရင် အောင်ပွဲတစ်ခုကိုရတိုင်း ဆုံးရှုံးမှုတစ်ခုကိုလည်းခံစားရပါလိမ့်မယ်။ မိမိအကြောင်းကိုရော ရန်သူရဲ့အကြောင်းကိုပါ မသိရင်တော့ ကျွန်မတို့ဟာ တိုက်ပွဲတိုင်းမှာ ဆုံးရှုံးရပါလိမ့်မယ်။

လူတွေဟာမွေးကတည်းက သိပြီးတတ်ပြီးသားဆိုတာမရှိပါဘူး။ လူတိုင်းက ကြိုးစားရတယ်၊ အားထုတ် ရတယ်။ လူရယ်လို့ဖြစ်လာရင်
“လူမှန်ရင် ငွေရှာ
 ပြီးရင်ချွေတာ
 သေရွာမပါတာကို သတိထား
 လဲနေသူကိုတွဲကူရင်း
 ငွေကို ကုသိုလ်နဲ့ လဲယူနိုင်အောင်ကြိုးစားကာ”

“သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနား” ဆိုရိုးစကားကဲ့သို့ ချစ်သူခင်သူနှင့်ပတ်ဝန်းကျင်အတွက် သစ်ပင်ကြီးကဲ့သို့ အရိပ်အာဝါသများပေးနိုင်ပါသော အောင်မြင်မှုများရရှိပါစေဟု ဆန္ဒပြုရင်း ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။

ဒီးဒီး( လွိုင်ကော် )
Powered by Blogger.