ယနေ့တွင် ပအိုဝ်းလူမျိုးများသည် ခေတ်မှီတိုးတက်လာသော်လည်း မိမိတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ် အလာများကို မပျောက်ကွယ်၊ မမေ့တမ်း ဆက်လက်ထိန်းသိမ်းသွားကြသည်ကို မြင်တွေ့နေရပါသည်။ ထို့အတူ စာပေသည်လည်း မည်သို့ထိန်းသိမ်းသွားကြသည်ကို ဤဆောင်းပါးတွင် ရေးသားတင်ပြလိုပါသည်။
စာပေသည် လူမျိုးတစ်မျိုးတွင် မည်မျှပင်အရေးကြီးသည်ကို လူတိုင်းသိမြင်ကြပြီးဖြစ်ပါသည်။ စာပေသည် လူမျိုး တစ်မျိုး၏ အသက်သွေးကြောတစ်ခုဖြစ်ပါသည်။ လူမျိုးတစ်မျိုးသည် ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံမှသာလျှုင် မိမိတို့လိုချင်သော ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းတို့ ရရှိလာမည်ဖြစ်ပါသည်။ ပအိုဝ်းလူမျိုးများသည်လည်း ကိုယ်ပိုင်ဂုဏ် အင်္ဂါလက္ခဏာပြည့်စုံသောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ရရှိလာပြီးဖြစ်ပါသည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးများ သည် စာပေများကို ပိုမိုတတ်မြှောက်စေရန် နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပျက် သင်ကြားပေးနေသည်ကို တွေ့ရှိရပါသည်။ ယနေ့တိုင် စာပေများသင်ကြားနိုင်ရန် ဆရာတော်များက ဆက်လက်ထိန်းသိမ်းပေးနေသည်။ စာသင်ကျောင်းများ သင်ကြားနိုင်ရန်အတွက် အစိုးရမှ ခန့်ထားသော ပအိုဝ်းဆရာ/မများကို စာသင်ချိန်တစ်ချိန်ပေးပြီး ပအိုဝ်းကျောင်းသူ/သား ကလေးငယ်များကို ပအိုဝ်း စာပေများ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်စေရန် ပအိုဝ်းစာပေများကို သင်ကြားပို့ချပေးပါသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် ပအိုဝ်းလူမျိုးများ စာပေတိုးတက်မှု ပိုမိုရရှိစေရန် ဘုန်းတော်ကြီးကျောင်းတွင် စုဝေးပြီး ဆရာတော်များ၊ ပအိုဝ်းစာတတ်ဆရာများက မိမိကျေးရွာအတွင်းရှိ လူငယ်လူရွယ်များကို သင်ကြားပို့ချပေးပါသည်။ ကျေးရွာအလိုက်သင်ကြားစေပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွင် အလှည့်ကျ ဖြေဆိုရပါသည်။ ပအိုဝ်းစာပေများကို အဆက်မပြတ်သွားစေရန် ဆရာတော်များက ဦးစီးပြီး နှစ်စဉ်အလိုက်မပျက်မကွက် ဦးဆောင်ပြီး လုပ်ဆောင်သွားကြပါသည်။ ထို့နောက် တစ်နှစ်တစ်ကြိမ် ပအိုဝ်းဆရာဖြစ်ဗဟိုသင်တန်းကိုလည်း ဖွင့်လှစ်ပေးနေပါသည်။ ဗဟိုသင်တန်းကို ပအိုဝ်းလူမျိုး များရှိရာ နေရာဒေသဖြစ်သော တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ပင်လုံ ဒေသ(၅)ခုကို အလှည့်ကျဖွင့်လှစ်ပေးနေပါ သည်။ ဗဟိုသင်တန်းကို အပတ်စဉ်(၃၃)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ နောက်ဆုံးအကြိမ်ကို ဖြားဗွာခမ်း၊ ကျောက်တလုံးကြီး မြို့နယ်တွင် ကျင်းပခဲ့ပါသည်။ အပတ်စဉ် (၃၄)ကို စန္တားခမ်း၊ နောင်တရားမြို့နယ်တွင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။ ဗဟို သင်တန်းဖွင့်လှစ်ရာတွင် အမြို့မြို့အနယ်နယ်ရှိ ပအိုဝ်းလူငယ်မောင်မယ်များ၊ ရဟန်းသံဃာဆရာတော်များ လာရောက်တက် ကြပါသည်။ ဤသင်တန်းတွင် ဆရာတော်များက ဦးဆောင်ပြီး သင်ကြားပို့ချပေးပါသည်။
ဗဟိုသင်တန်းကို တက်ရောက်လာသော ပအိုဝ်းလူငယ်မောင်မယ်များ၊ သီလရှင်နှင့် ရဟန်းသံဃာတော်များ သင်တန်းတက်ရောက်နေချိန်တွင် အနေအထိုင်၊ အစားအသောက်များ အဆင်ပြေစေရန်အတွက် စနစ်တကျစီစဉ်ပေးထား သည်ကိုလည်း တွေ့မြင်ရပါသည်။ ထို့ကြောင့် ပအိုဝ်းလူငယ်မောင်မယ်များသည်လည်း လိုအပ်မှုမရှိအောင် စီစဉ်ပေးထား သည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့အတွက် အကျိုးအမြတ်ရရှိအောင် လေ့လာသင်ယူပြီး ကြိုးစားသင့်ပါသည်။ သင်တန်း တက်ရောက်လာသော သင်တန်းသား/သူများသည် အရွယ်ရောက်ပြီးသူတိုင်းအသက်အရွယ်ကန့်သတ်ခြင်းမရှိ၊ ခွဲခြားခြင်း မရှိဘဲ တက်ရောက်နိုင်ပါသည်။ မိမိတို့လူမျိုးအတွက် ဆရာတော်များ အပင်ပန်းခံပြီး ပအိုဝ်းစာပေများကို ပြုစုပြီး ရေးသားခဲ့ ခြင်း၊ မေတ္တာစေတနာထားကာ သင်ကြားပေးခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မိမိတို့လူမျိုး၏ စာပေများကို တန်ဖိုးထားတတ်စေ ချင်ခြင်းဖြစ်သည်။ ပအိုဝ်းစာပေသင်ကြားခြင်းဖြင့် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ရွာနှင့်တစ်ရွာ၊ တစ်နယ်နှင့်တစ်နယ် ဆက်သွယ်ပြောဆိုရာတွင် လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း၊ စာပေးစာယူလုပ်ရာတွင်လည်းကောင်း မိမိဘာသာစကား၊ စာပေအသုံးအနှုန်းများ အသုံးပြုရာတွင် ပိုမိုတွင်ကျယ်လာမည်ဖြစ်ပေသည်။
သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် မတူသောနေရာဒေသတွင် လာရောက်သင်ယူကြသော သင်တန်းသူ/သားများ တစ်ယောက်နှင့် တစ်ယောက် ပိုမိုရင်းနှီးသိကျွမ်းမှုရရှိစေပြီး မိမိတို့လူမျိုးများစည်းလုံးမှုကို ပိုမိုထင်ဟပ်စေပါသည်။ သင်တန်း ကို ဖွင့်လှစ်လာခဲ့သည်မှာ တစ်နှစ်ပြီးတစ်နှစ်သင်တန်းသူ/သားများ ပိုမိုများပြားလာသည်ကိုလည်း ဂုဏ်ယူစရာကောင်းလှပါ သည်။ ဤသင်တန်းကို ကြည့်ခြင်းအားဖြင့် မိမိတို့လူမျိုးများသည် “စည်းလုံးခြင်းသည် အင်အား” ဖြစ်သည်ဆိုသည့်စကား အတိုင်း စုပေါင်းပြီး လုပ်ဆောင်လိုသော စိတ်ဓာတ်အပြည့်အဝ ရှိနေသည်ကို လေးစားဂုဏ်ယူဖွယ် မြင်တွေ့နေရပါသည်။
ထို့ကြောင့် ပအိုဝ်းစာပေများ ဖွံ့ဖြိုးတိုးတက်အောင် ရဟန်းသံဃာတော်များက ဦးဆောင်ခဲ့ပါသည်။ ရဟန်း သံဃာတော်များ ကျေးဇူးတရားကြောင့် ယနေ့အချိန်ထိ မိမိတို့စာပေကို သင်ကြားနိုင်၊ ပြောနိုင်ရှိနေပါသည်။ ခေတ်ကာလ အလျှောက်တိုးတက်လာသည်နှင့်အမျှ စာပေဖွံ့ဖြိုးတိုးတက်လာသည်ကိုလည်း မြင်တွေ့နေရပါသည်။ မိမိတို့ စာပေကို သင်ကြားခြင်းဖြင့် မျိုးချစ်စိတ်ကို ပိုမိုဖြစ်ပေါ်လာစေပြီး မိမိတို့လူမျိုးများလည်း အခြားလူမျိုးများနှင့်နည်းတူ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့စာပေများမပျောက်ကွယ်သွားရလေအောင် “စာပေမပျောက်ဖို့ သင်ကြစို့” ဟူသည့် စကားနှင့်အညီ သင်ကြားပြောဆိုခြင်းဖြင့် ထိန်းသိမ်းသွားကြပါစို့ တိုက်တွန်းလိုက်ပါသည်။
ဆာ;မူ;ပေ;(စန္တာ;ခမ်း)
Like On Facebook
Follow On Twitter
Subscribe On RSS