တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၁၆)ရက်
ဤဆောင်းပါးတစ်ပုဒ်၏ ခေါင်းစဉ်ကို ကြည့်မည်ဆိုလျှင် မိမိတို့ယနေ့ခေတ်လူငယ်များအနေဖြင့် ရင်ခုန်ဖွယ်ဇာတ်လမ်းတစ်ပုဒ်လော။ သို့မဟုတ် မိမိတို့မိန်းခလေးလူငယ်အများစု စွဲလမ်းနေတတ်သော အချစ်ဝတ္တုတစ်ပုဒ်လော။ ထိုသို့မဟုတ်ဘဲ ချစ်သူရည်စားနှင့်ဆိုင်သော ဇာတ်လမ်းတစ်ပုဒ်လော။ ဟူသောတွေးထင်မှုများနှင့် သို့လော၊ သို့လော မေးခွန်းများဖြင့် တွေဝေနေပါလိမ့်မည်။ ထိုသို့ဖြစ်မနေဘဲ ဆက်လက်ဖတ်ရှုကြပါစို့။
မိမိတို့ယနေ့ခေတ်ပအိုဝ်းလူမျိုးသည် ရှေးယခင်ကထက် လူနေမှုအဆင့်အတန်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့် နှိုင်းယှဉ်လျှင် လူမျိုးကြီးများကို မမီနိုင်သေးသော်လည်း အတော်အသင့် တိုးတက်လာပြီဖြစ်ကြောင်းကို တွေ့ရှိနေရပေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်အခွင့်အရေးများသည် ရှေးယခင်ခေတ်ကာလနှင့် ကွာခြားနေခြင်းကြောင့်ပင်ဖြစ်သည်။ ထိုသို့အခွင့်အရေးကွာခြားပြောင်းလဲလာသည်နှင့်အမျှ မိမိတို့တိုင်းရင်းသားများအတွင်းမှ ပညာရေးလေ့လာဆည်းပူးနိုင်သော အခွင့်အရေးများသည်လည်း ပိုမိုကောင်းမွန်လာပြီဖြစ်သည်။
ထိုသို့ရှေးယခင်နှင့်မတူကွဲပြားသော ခေတ်ကာလအပြောင်းအလဲများကြောင့် မိမိသင်ယူတတ်မြောက်လိုသမျှသော ပညာရပ်များကိုလည်း ဆုံးခန်းတိုင်မရှိသင်ကြားနိုင်ပြီဖြစ်သည်။ မိမိတို့ ပအိုဝ်းလူမျိုး ယနေ့အခြေနေအထိ တိုးတက်ပြောင်းလဲလာရခြင်းမှာ မိမိတို့၏မျိုးချစ် ရဟန်းသံဃာများနှင့် မျိုးချစ်ခေါင်းဆောင်များ၏ ဦးဆောင်ထမ်းရွက်ခြင်းများပင်ဖြစ်ကြောင်းကို မျိုးချစ်ပအိုဝ်းလူမျိုးတိုင်း ခံယူကြမည်ဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးနေမှုကို ဆက်လက်၍ တိုးတက်သည်ထက်တိုးတက်ပြီး မှေးမှိန်မသွားစေရန်နှင့် မျိုးဆက်ပအိုဝ်းလူငယ်များ၊ ပအိုဝ်းပြည်သူတစ်ရပ်လုံးနှင့် မျိုးချစ်ပုဂ္ဂိုလ်များအားလုံး ကိုယ်စီတာဝန်ပင် မဟုတ်ပါလော။
ထိုသို့တာဝန်ကိုယ်စီရှိကြသည့်အလျှောက် စကားပုံတစ်ခုအဆိုအရ “ ယနေ့လူငယ် နောင်ဝယ် လူကြီး” ဟူသော စကားအတိုင်း မိမိတို့မွေးဖွားလာသော သားသမီးများကို လူမျိုးတာဝန်၊ တိုင်းပြည်တာဝန် ဆက်လက်ထမ်းဆောင်နိုင်ရန် လိုအပ်သော အသိပညာဗဟုသုတအားလုံးကို သင်ကြားပြသခွင့်ပေးရန် တာဝန်မှာ မိဘများမဟုတ်ပါလော့။ ထိုသို့လိုအပ်နေမှုအားလုံးကို ဖြည့်ဆည်းပေးနိုင်သောအားလုံးမှာ “အလိမ္မာ စာမှာရှိ” ဆိုသည့်အတိုင်း မိဘများအားလုံးကို သိစေချင်ပါသည်။
ဤသို့ရေးသားပြောဆိုရခြင်းမှာ- မိမိတို့ ပအိုဝ်းလူမျိုးများထဲမှ မိဘအချို့သည် မိမိသားသမီးများကို စာပေသင်ကြားခွင့်မပေးမှုများရှိနေသေးသည်ကို တွေ့ရှိရသောကြောင့်ဖြစ်သည်။ မိမိသမီးများ စာပေသင်ကြားမည့်အရွယ်၊ ကျောင်းနေအရွယ်ရောက်ရှိနေသော်လည်း ကျောင်းအပ်ချိန်ရောက်လျှင် မိဘများက မိမိသားသမီးကို ခြံ၊ ယာထဲသို့ခေါ်ဆောင်ကာ အချိန်ကုန်စေခြင်းမျိုးသည် မဖြစ်သင့်သောအရာ တစ်ခုပင်ဖြစ်သည်။ မိမိသားသမီးများကို ချစ်မြတ်နိုးလျှင်ထိုသို့သော လုပ်ဆောင်မှုမျိုးမပြုလုပ်သင့်ပေ။
ထိုနည်းတူ မိမိသားသမီးကို ချစ်မြတ်နိုးလျှင် ခေတ်စနစ်အရ အတတ်ပညာများကိုသင်ကြားလေ့လာစေသင့်သလို မိမိလူမျိုးကို ချစ်မြတ်နိုးလျှင်လည်း တတ်သိသင့်သော အတတ်ပညာမျိုးစုံကို အထက်လူကြီးများမှ မိမိလက်အောက်ငယ်သားမျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးသင့်သလို ဘက်ပေါင်းစုံမှ လိုအပ်သော အတတ်/အသိပညာမျိုးစုံကိုလည်း သင်ကြားစေသင့်ပါသည်။ သို့မှသာ ခေါင်းဆောင်/ဦးဆောင်နေရာသို့ ရောက်ရှိလာသော လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ချိန်တွင် အများလက်ခံယုံကြည်နိုင်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာမည်ဖြစ်သည်။
“ပညာရွှေအိုးလူမခိုး။ သစ္စာရှိမှ ပညာရ” ဆိုသည့်အတိုင်း သား/သမီးပညာတတ်ဖြစ်လာစေရန်၊ ပညာကိုဆုံးခန်းတိုင်သင်ကြားနိုင်ရန် အခြေခံလိုအပ်ချက်ဖြစ်သော ငွေကြေးသည်လည်းအလွန်ပင် အရေးပါသောအခန်းကဏ္ဍပင်ဖြစ်သည်။ ယနေ့ခေတ်စနစ်အရ ထင်ရှားလာသောပြဿနာတစ်ရပ်မှာ ငွေကြေးသည် တစ်ခုအပါအဝင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဆိုင်မှုများသော ခေတ်စနစ်ထဲမှ ကျောင်းပညာရေးတွင် ကျူရှင်စနစ်၊ စာကျက်ဝိုင်းစနစ် စသည့်စနစ်များ ပေါများပြိုင်ဆိုင်လာခဲ့မှုကြောင့် တောင်သူမိဘ ပအိုဝ်းပြည်သူအများစုမှာ ထိုနေရာတွင် အခက်အခဲများစွာကြုံတွေ့နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ သား/သမီးများကို ချစ်မြတ်နိုးသော မိဘတိုင်းက အတန်းကျောင်းပညာသာမက ခေတ်ပညာ၊ ခေတ်အမြင်၊ ခေတ်၏ပြောင်းလဲမှုကို ဘက်ပေါင်းစုံမြင်နိုင်အောင် တတ်နိုင်သောဘက်မှ ကူညီပံ့ပိုးပေးစေချင်ပါသည်။
သား/သမီးများကလည်း မိဘချွေးနည်းစာကိုမြင်ကာ ရနိုင်သမျှသောခေတ်အမြင်၊ ခေတ်၏ တိုးတက်ပြောင်းလဲမှုကို အကျိုးရှိစွာဖြတ်သန်းခြင်းဖြင့် မိဘ၏မျော်လင့်တောင့်တမှုကို အလွဲသုံးစားမလုပ်ဘဲ မိဘကျေးဇူးကို သန့်ရှင်းသော မိမိအသိပညာဖြင့် ဆပ်နိုင်အောင်ကြိုးစားစွမ်းဆောင်သင့်ပေသည်။ သား/သမီးများကလည်း မိဘကိုတကယ်ချစ်မြတ်နိုးသောစိတ်ဖြင့် မိဘ၏ထောက်ပံ့မှုကို ဖြောင့်ဖြူးသော လမ်းဖြင့် မိဘကျေးဇူးပြန်ဆပ်နိုင်သော သားကောင်းသမီးမြတ်များဖြစ်လာစေရန်ကြိုးစားအားထုတ်သင့်ပေသည်။ သား/သမီးရတနာများကို တကယ်ချစ်မြတ်နိုးလျှင် လက်ဦးဆရာလမ်းပြကြယ်ဖြစ်သော မိဘများက အဖိုးထိုက်တန်သော တန်ဖိုးဖြတ်၍မရသော ပညာအမွေကိုသာ ပေးသင့်ကြောင့် တိုက်တွန်းလိုပါသည်။
ခေတ်စနစ်အရ လူကြီးမင်းများကလည်း မိမိလက်ဆင့်ကမ်းရမည့် ယနေ့ခေတ်လူငယ်များကို စိတ်ချ၍ရနိုင်သော နောင်တစ်ချိန်မိဘပြည်သူများအတွက် အားကိုးသင့်အားကိုထိုက်သော အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ကောင်းမွန်မြင့်မြတ်သောအတွေး၊ လျှောက်လှမ်း၍ ဖြောင့်ဖြူးမည့် လမ်းမှန်ရောက်ရှိအောင် ၀ိုင်းဝန်းပံ့ပိုးပေးစေလိုကြောင်း ဤဆောင်းပါးဖြင့် တိုက်တွန်းအပ်ပါသည်။
နန်းစိန်ကျင်း (အွံအား)
Like On Facebook
Follow On Twitter
Subscribe On RSS