Tuesday, June 26, 2018

အချိန်ရှိခိုက်လုံ့လစိုက်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်


လူသားတို့၏ ကမ္ဘာလောကတွင် ရှာဖွေယူနိုင်သောအရာများအနက် ပညာသည်အဖိုးတန်ဆုံး ဖြစ်လေသည်။ အထူးတစ်လည် ရှာဖွေရန်မလိုဘဲရရှိလာသောအရာတို့တွင်မူ အချိန်ကသာ အဖိုးတန်ဆုံးဖြစ်လေသည်။ သို့ဖြစ်ရာတန်ဖိုးရှိလှစွာသော အချိန်ကလေးများကို အလေးထားကာစနစ်တစ်ကျ အသုံးချ၍ လုံ့လစိုက်ထုတ်ရန် အလွန်အရေးကြီးလှပေသည်။

ရေပေါက်ရေစက်ကလေးများစွာကို စုစည်းခြင်းဖြင့်သာ မြစ်ချောင်းပင်လယ်တို့ ဖြစ်ပေါ်လာကြသည်။ သဲမှုန်သဲပွင့်ကလေးများစွာ ပေါင်းစည်း၍သာ ကမ္ဘာမြေကြီးဖြစ်တည်နေရသည်။ ထို့အတူ အပိုင်းပိုင်းအစစသော အချိန်တိုကလေးများ ပေါင်းစပ်ထားခြင်းဖြင့်သာ လူသားတို့အသက်ရှင်နေကြခြင်းဖြစ်လေသည်။ လူတို့၏အသက်သည် အချိန်ဖြစ်သည်။ အချိန်များကို တန်ဖိုးရှိစွာအသုံးချ၍ မိမိအကျိုး၊ ကမ္ဘာလောက၏အကျိုးကို လုံ့လစိုက်ထုတ်ကာ ဆောင်ရွက်ကြရမည်။

“မိုးရွာတုန်းရေခံ၊ နေပူတုန်းစပါးလှန်း” ဆိုသောစကားပုံများသည် အကျိုးမဲ့ပေါ်ပေါက်ခဲ့သည်မဟုတ်။ ကျွန်ုပ်တို့ ကျောင်းသားကျောင်းသူများအတွက်ကား “ငယ်စဉ်အခါပညာရှာ”ဟုဆိုရပေလိမ့်မည်။ ငယ်စဉ်ဘဝက ပင်ကျွန်ပ်တို့သည် ယုန်နှင့်လိပ်တို့၏ အပြေးပြိုင်ပွဲကိုသိခဲ့ကြဖူးပြီ။ အချိန်ကိုမလေးမစား မပြုသင့်ကြောင်း ဘဝအတွေ့အကြုံနည်းပါးလှသော လူငယ်လူရွယ်များအတွက် အချိန်ရှိခိုက်လုံ့လစိုက်ခြင်းသည် လူ့ဘဝ တိုးတက်မှု၏ သော့တစ်ချောင်းဖြစ်သည်မှာ သေချာလှပါသည်။ ကမ္ဘာပေါ်၌ကျော်ကြား ထင်ရှားသူ မှန်သမျှသည် အချိန်ကိုကပ်ဈေးနဲစွာအသုံးချခဲ့ခြင်းဖြစ်သည်။

“အချိန်ကိုငါဖြုန်းခဲ့သည်။ သို့အတွက် အချိန်ကငါ့ကိုဖြုန်း၏”ဟုရှိတ်စပီးယားကပြောခဲ့သည်။ ကျွန်ပ်တို့ လူသားများသည် ဘဝတွင် ဘာဆိုဘာမှ မလုပ်ဘဲနေသောအချိန်ကပင် နှစ်နှစ်ခွဲခန့်ရှိနေကြသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကိုလည်း အိပ်စက်ချိန်အဖြစ် ပေးကြရသေးသည်။ စားသောက်ခြင်းအတွက် ကုန်ကျချိန် မှာလည်းလေးနှစ်ခန့်ကြာ၏။ အဖိုးတန်သောရတနာအချိန်များစွာသည် တစ်စက်တစ်စက် ဖိတ်စဉ်လျော့နည်း လာရတော့သည်။ ထို့ကြောင့် မိမိလက်ဝယ် ပိုင်နိုင်စွာရရှိထားသော အချိန်အတိုအစကလေးများကို ကောင်းစွာစိုက်ထုတ်၍ အလုပ်လုပ်ရန်ပင်ဖြစ်သည်။

မိုးရာသီကုန်ဆုံးမှ ထွန်တုံးပြင်သော် မည်သို့စိုက်ပျိုးရေးအောင်မြင်မည်နည်း။ စစ်ထွက်ခါနီးမှ မြားချွန်လျှင် စစ်ရှုံးမည်မှာ မုချသေချာပါသည်။ အချိန်ရှိခိုက် လုံ့လစိုက်၍ ယနေ့လုပ်စရာရှိသည်ကို ယနေ့လုပ်ပါ။ ယခုလုပ်စရာရှိသည်ကိုယခုလုပ်ပါ။ ဤသို့လသာခိုက်တွင် ဗိုင်းငင်တတ်သူတို့သာလျှင် ကြီးပွားတိုးတက်အောင်မြင်နိုင်ကြပါသည်။ အချိန်ကိုမိမိရရအသုံးမချတတ်လျှင် အခွင့်အရေးဆုံးရှံးရတတ်သည်။

အချိန်တိုင်းတွင် မွေးဖွားကြသူများနှင့် သေဆုံးသွားကြသူများစွာတို့သည် လူ့လောကနယ်ပယ်တွင်းသို့ ဝင်လာကြထွက်သွားကြဖြစ်နေ၏ လူဆိုသည်မှာကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီသေနိုင်သည့် အမျိုးဖြစ်၏။ အသက်ရှင်နေသောအချိန်ကလေးသည် ရခဲလှစွာသောဒုလ္လဘတရားပင်ဖြစ်ပါတော့သည်။ ကျွန်ုပ်ကြားဖူးသော တင်စားချက်တစ်ခုတွင် လူတစ်ဦးသည် ချောက်ကြီးအတွင်းသို့ ညွတ်ကျနေသော သစ်ကိုင်းပင်ကိုမှီတွယ်ဆွဲခိုထားရသည်။ အောက်တွင်အဆုံးမမြင်နိုင်အောင် မည်းမှောင်လျက်ရှိသော ချောက်ကြီးရှိလျက် သစ်ပင်ကိုင်းပေါ်တွင်ကား ထိုသစ်ကိုင်းကို တစ်လှည့်စီကိုက်ဖြတ်နေသော ကြွက်ဖြူတစ်ကောင်နှင့် ကြွက်မဲတစ်ကောင်ရှိလေသည်။ ဤမျှထိတ်လန့်ဖွယ်ကောင်းချိန်မှာပင် လူသားသည် သစ်ရွက်ပေါ်တွင် တင်နေသောပျားရည်စက်ကိုမက်မောစွာလျက်နေဆဲပင်ဖြစ်သည်။ ကြွက်ဖြူနှင့် ကြွက်မဲဆိုသည်မှာ နေ့နှင့်ညကိုတင်စားခြင်းဖြစ်၏။ စေ့စေ့တွေးလျှင် ရေးရေးပေါ်သကဲ့သို့ တုန်လှုပ်ဖွယ်၊ အသိတရားရဖွယ် ကောင်းလှပေတော့သည်။

ရွှေ၊ ငွေ၊ ရတနာတို့သည် တန်ဖိုးကြီး၏။ ထိုထက်ကျန်းမာခြင်းကပို၍ တန်ဖိုးကြီး၏။ ၄င်းအရာတို့ ထက်မူအချိန်ကပို၍ တန်ဖိုးကြီးလေသည်။ ထို့ကြောင့် မိမိ၏ဘဝလမ်းကိုမိမိကိုယ်တိုင် ရေးဆွဲပြဌာန်းကြရသော လူသားတိုင်းသည် ကမ္ဘာလောကတွင် တန်ဖိုးအကြီးမားဆုံးဖြစ်သောအချိန်ကို မိမိ၏အသက်ဝိဥာဏ်ပမာ ခင်တွယ်စောင့်ရှောက်သင့်ပေတော့သည်။ အချိန်ရှိခိုက် လုံ့လကိုရှေ့တင်၊ ဝိရိယယှဉ်၍ ကြိုးစားခြင်းဖြင့် မိမိ၏အကျိုး၊ နိုင်ငံတော်နှင့် လူမျိုး၏အကျိုးတို့ထက်ပို၍ ကမ္ဘာ့လူသားတို့၏အကျိုးကို ဖြည့်စွမ်းဆောင်ရွက် သွားကြရမည်သာဖြစ်ပါတော့သည်။

နန်းခမ်းညာ
ကိုးကားချက်(ဦးစန်းငွေ စာပေစာအုပ်)
Powered by Blogger.