Monday, June 25, 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်း မိုင်းအန္တရာယ်အသိပညာပေးခြင်း လုပ်ငန်းအသိပေး တင်ပြခြင်း အစည်းအဝေးပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅) ရက်


မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန မိုင်းအန္တရာယ် အသိပညာပေးခြင်းအစီအစဉ်၏ လုပ်ငန်းအသိပေးတင်ပြခြင်းအစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဇွန်လ(၂၅)ရက်၊ နံနက်(၉း၀၀)နာရီအချိန်အတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ် မြန်မာနိုင်ငံ ဆရာဝန်များအသင်း အစည်းအဝေးခန်းမ၌ ပြလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြုပ်မိုင်းများကြောင့် သေကြေဒဏ်ရာရရှိမှု တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရှိရပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခု အနက် (၉)ခုမှာ မိုင်းဒဏ်ပြဿနာ ခံစားနေရကြောင်း စာရင်းဇယားများ အရသိရပါတယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ပဲခူးတိုင်း တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံများမှာ မိုင်းကြောင့် မသန်စွမ်းမှုဖြစ်ပွားသော စတုတ္ထမြောက်အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ (၁၉၉၁)ခုနှစ်မှ (၂၀၁၄)ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူပေါင်း (၃၇၄၅)ဦး ရှိခဲ့ကြောင်း သိရပါတယ်။ (၂၀၁၄)ခုနှစ်မှ (၂၀၁၈)ခုနှစ်ဧပြီလအထိ တစ်နိုင်ငံလုံးမှာ မိုင်း မတော်တဆဖြစ်ပွားမှု (၆၉၈)မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ(၆၀၄)ဦးရှိပြီး၊ သေဆုံးသူမှာ (၉၅)ဦး ရှိခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ခုနှစ်များ အတွင်း မိုင်းမတော်တဆမှုဖြစ်စဉ်မှာ ကချင်ပြည်နယ် ပြီးလျှင် ရှမ်းပြည်နယ်မှာ အများဆုံး ဖြစ်ပွားခဲ့တာလဲ စာရင်းဇယားများက ဖော်ပြနေပါတယ်၊ ဒါကြောင့် မိုင်းအန္တရာယ်ဟာ အလေးထား ဂရုတစိုက် ဖြေရှင်းရမည့် ပြဿနာ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးပြုလုပ်ရသည့် ရည်ရွယ်ချက်ကတော့  ဒေသခံ ပြည်သူများ မိုင်းနှင့် စွန့်ပစ် လက်နက် ပစ္စည်းများ၊ မိုင်းဆက်စပ်ပစ္စည်းများ၊ ပေါက်ကွဲမှုများ၊ လူတွေရဲ့အသက်အန္တရာယ်ဆုံးရှုံးမှုများ ကာကွယ်လျော့နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ၂၀၁၈ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်မှ ကျေးသီးမြို့နယ်၊ လဲချားမြို့နယ်၊ နမ့်စန်မြို့နယ်နှင့် လင်းခေးခရိုင်တွင် မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်တို့တွင် မိုင်းအန္တရာယ်နှင့်ဆိုင်သော အသိပညာများ၊ သင်တန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ရဲ့ ရည်မှန်းချက်ကတော့ ဒေသခံပြည်သူများ မိုင်းနှင့် စွန့်ပစ်လက်နက်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များအကြောင်း အသိပညာ တိုးပွား လာစေရေး များကိုပါဆောင်ရွက်သွာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါ်ညိုညိုဝင့်မှ ပြောကြားခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေနဲ့ မိုင်းအန္တရာယ် အသိပညာပေးရေး အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC)၊ အမျိုးသားအဆင့် မိုင်းအန္တရာယ်တားဆီးရေးလုပ်ငန်းအဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး (၂၀၁၅)ခုနှစ် ကတည်းကစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားသို့  ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်မှ ဒုတိယ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်၊ မြို့နယ်များမှ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဧည့်သည်တော်များ (၄၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ


Powered by Blogger.