Monday, July 30, 2018

ရွှေ့ပြောင်းသွားလာခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်


 



တောင်ကြီးမြို့၊ ထိန်သာဟိုတယ်တွင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့်ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ ပူးပေါင်း၍ ရွှေ့ပြောင်းသွားလာခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈-ခုနှစ်၊ ဇူလှိုင်(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

“ ဒေသခံ ပြည်သူတွေက ပြည်ပကိုထွက်ခွာပြီးအလုပ်လုပ်ကြတာတွေ ပိုများလာတယ်။ အဲလိုတခြားနိုင်ငံထွက်ပြီးအလုပ်လုပ်ကြတဲ့ သူတွေက တရားဝင်သွားတာရှိတယ်၊ တရားမ၀င်အောက်လမ်းကနေသွားတာတွေရှိတယ်။ တရားဝင်သွားရင် ဘယ်လိုအကျိုးတွေရမယ်၊ တရားမ၀င်သွားရင် ဘယ်လိုဖြစ်မယ် စတာတွေကို ပြည်သူတွေ ပိုမိုသိရှိသွားအောင်၊ နောက်တဖက်က ကျွန်မတို့က(တွဲလက်)စီမံကိန်းကိုလုပ်တဲ့ အခါ လိုအပ်နေတဲ့အချက်တွေကို တက်ရောက်လာတဲ့သူတွေကဆွေးနွေးညှိနှိုင်းအသိပေးနိုင်အောင် ရည်ရွယ်ပြီးဒီအလုပ်ရုံဆွေးနွေးပွဲကိုလုပ်ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့က ပြည်ပကိုထွက်ပြီးအလုပ်လုပ်ချင်တဲ့ ဒေသခံပြည်သူတွေကို ကျွန်မတို့ကသွားရင် ဘယ်အလုပ်ကိုလုပ်ပါ ဒီအလုပ်လုပ်ပါလို့ မပြောဘူး။ သွားချင်ရင် ဘယ်အေဂျင်စီနဲ့ ချိတ်ဆက်သင့်တယ်၊ ဘယ်အစိုးရဌာနကိုဘယ်လိုသွားရမယ်စတဲ့ လမ်းညွှန်ချက်ကိုပဲပေးနိုင်ပါတယ်၊ “ လို့ တွဲလက်စီမံကိန်းမာန်နေဂျာနန်းသင်းသင်းဖြူကပြောကြားပါတယ်။

“ တခြားနိုင်ငံကိုထွက်ပြီးအလုပ်လုပ်မယ်ဆိုရင် သေချာကျကျနနလုပ်ဖို့ လိုပါတယ်။ အင်ဖေါ်မေးရှင်းတွေကိုတိတိကျကျရယူဖို့ လိုတယ်။ ကိုယ်ကဘယ်နေရာမှာဘာအလုပ်လုပ်မယ်၊ တခုခုပြဿနာရှိလာရင် ဘယ်သူ့ကိုဆက်သွယ်ရမယ် စတာတွေကိုအသေအချာလုပ်ပြီးမှ သွားသင့်ပါတယ်။ ကိုယ်ကမိသားစုအတွက် သွားလိုက်တယ်။ ဟိုရောက်တော့ ပြဿနာတွေဖြစ်လို့၊ အလုပ်ကအဆင်မပြေလို့ စတာတွေ ဖြစ်လာရင် မိသားစုလည်းဒုက္ခရောက်တယ်။ ကိုယ်လည်းဒုက္ခရောက်တယ်၊ အဲလိုမဖြစ်အောင် စသွားကတည်းကအင်ဖေါ်မေးရှင်းကိုအသေအချာရယူပါ။ နောက်တစ်ချက်က ပြည်ပထွက်ပြီးရလာတဲ့ပိုက်ဆံကိုအိမ်ကို ပြန်ပို့လိုက်တယ်။ အိမ်က မိသားစုဝင်တွေက ရလာတဲ့ပိုက်ဆံကိုမဖြုန်းဖို့ အရေးကြီးတယ်။ ဖြုန်းနေရင် သွားတဲ့လူအတွက်လည်းအကျိုးနည်း၊ အိမ်ကလူတွေလည်း ဒုံရင်းက ဒုံရင်းဘ၀ဖြစ်နေမယ်။ အဲကြောင့်မို့လို့ သွားတဲ့သူရောအိမ်မှာရှိတဲ့ သူတွေရောရလာတဲ့ပိုက်ဆံကိုအကျိုးရှိရှိအသုံးချတတ်ဖို့ လိုတယ် “ လို့ (IOM)အဖွဲ့မှ ဆရာမမိချီကိုအီတိုကပြောပါတယ်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်အကြီးအကဲ Mr. Akio Nakayama ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်ဥက္ကဋ္ဌ ဦးအောင်ခင် တို့ကအမှာစကားများအသီးသီးပြောကြားခဲ့ကြောင်းသိရပြီး (IOM) Program Manager ဆရာမမိချီကိုအီတိုက မြန်မာနိုင်ငံ၏ လက်ရှိရွှေ့ပြောင်းသွားလာခြင်းအခြေနေကို ခြံငုံသုံးသပ်တင်ပြခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဟန်ဝင်းအောင်က အလုပ်သမားဝန်ကြီးဌာနမှ လုပ်ငန်းလုပ်ဆောင်နေမှုများအားရှင်းလင်းတင်ပြခြင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ (တောင်ကြီး)မှ ဒုရဲမှူး ၀င်းကိုက ပတ်စပို့လုပ်ရာတွင် မည်သို့လုပ်ဆောင်ရမည်ကိုရှင်းလင်းတင်ပြခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကလူကုန်ကူးမှုအကြောင်းရှင်းလင်းတင်ပြခြင်း အစီအစဉ်များကို ပြုလုပ်ပြီးနောက် ရွှေ့ပြောင်းသွားလာခြင်း၏ ကောင်းကျိုးများနှင့် စိန်ခေါ်မှုအခက်အခဲများအကြောင်းကိုဒေသခံလူထုကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက စကားဝိုင်းပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နေ့လည်ပိုင်းတွင် တက်ရောက်လာသူများကအုပ်စုလိုက်ဖွဲ့ကာရွှေ့ပြောင်းသွားလာခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်းသိရပြီးဆွေးနွေးပွဲသို့ ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးနှင့် အစိုးရဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည်သည်တော်များ၊ ဒေသခံ ပြည်သူလူထုများ (၃၀၀)ခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။

ခွန်ဓဇ
Powered by Blogger.